၂၀၁၅ ခုနှစ်လောက်က မော်တော်ကား လောကတွင် အပြည့်အဝ မောင်းနှင်နိုင်တဲ့ အလိုအလျောက်ကားများ ၂၀၂၀ ခုနှစ်တွင် ရှိလာရမယ်လို့ ကုမ္ပဏီများက ကြုံးဝါးခဲ့ကြပေမယ့် ယနေ့အထိ ဖြစ်မလာသေးပါဘူး။
Las Vegas မှာ ပြုလုပ်ခဲ့တဲ့ လူသုံး အီလက်ထရွန်းနစ် ပစ္စည်း ပြပွဲတွင် ကုမ္ပဏီ ၂ ခုမှ ၎င်းတို့၏ Level 4 အဆင့်ရှိ အလိုအလျောက် မောင်းနှင်စနစ် ပါဝင်တဲ့ ကားများကို တရုတ်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်တွင် စတင် ဖြန့်ချီနိုင်မယ်လို့ ကြေငြာခဲ့ပါတယ်။
Mobileye ဟာ မိုက်ခရိုချစ်ပ်တွေ ထုတ်လုပ်တဲ့ Intel ၏ အစ္စရေး အခြေစိုက် ကုမ္ပဏီခွဲတခု ဖြစ်ပြီး အလိုအလျောက် မောင်းနှင်နိုင်သည့် ကားများနှင့် အဆင့်မြင့် မောင်းနှင်ရေး အကူအညီစနစ်များ ကို ထုတ်လုပ်နေတာပါ။
၂၀၂၂ ခုနှစ် ဇန်နဝါရီ လဆန်းလောက်က ကုမ္ပဏီဟာ EyeQ Ultra လို့ခေါ်တဲ့ မိုက်ခရိုချစ်ပ် အမျိုးအစားသစ်ကို ဖန်တီးခဲ့တယ်လို့ Las Vegas ရှိ လူသုံး အီလက်ထရွန်းနစ် ပစ္စည်း ပြပွဲမှာ ကြေငြာခဲ့ပါတယ်။

အဆိုပါ ချစ်ပ် ဟာ တစက္ကန့်လျှင် တွက်ချက်မှုပေါင်း အရေအတွက် ၁၇၆ ထရီလီယံ လောက်အထိ လုပ်ဆောင်နိုင်ပြီး ၎င်းကို အလိုအလျောက်ကားများတွင် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
၁၉၉၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ တရုတ်နိုင်ငံ ဟန်ကျိုးမှ Geely ခေါ် Zhejiang Geely Holding Group ဟာ တရုတ်နိုင်ငံတွင် အကြီးဆုံး ကားကုမ္ပဏီတခုဖြစ်ပြီး ၂၀၂၀ ခုနှစ်က ကား အစင်းရေ ၁.၃ သန်းလောက်အထိ ရောင်းချခဲ့ရပါတယ်။
Geely ဟာ ဆွီဒင်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Volvo ကို ၂၀၁၀ ခုနှစ်များကတည်းက ၎င်း၏ ကုမ္ပဏီခွဲတခုအဖြစ် ထားရှိခဲ့တာဖြစ်ပြီး Volov အောက်တွင် Zeekr လို့ခေါ်တဲ့ လျှပ်စစ်ကား အမှတ်တံဆိပ်သစ်ကို ၂၀၂၁ ခုနှစ် မတ်လက စတင်ခဲ့ပါတယ်။
လက်ရှိတွင် အဆိုပါ Zeekr အမှတ်တံဆိပ်တွင် လျှပ်စစ်ကားတွင် Intel ၏ ကုမ္ပဏီခွဲ Mobileye မှ ထုတ်လုပ်ထားသည့် ချစ်ပ်များကို အသုံးပြုကာ အလိုအလျှောက် မောင်းနှင်နိုင်သည့်ကားများကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Level 4 အဆင့် အလိုအလျောက် မောင်းနှင်စနစ် ဖြစ်သည့်အတွက် လုံးဝ မောင်းနှင်သူမပါသည့် ပုံစံတော့ ဖြစ်လာမှာ မဟုတ်သေးပါဘူး။
အလိုအလျောက် မောင်းနှင်နိုင်သည့် အဆင့်အထိ အဆင့်များကို ၅ ဆင့်အထိ သတ်မှတ်ထားပါတယ်။
Level 0: မောင်းနှင်သည့် သူမှ အားလုံးကို ကိုယ်တိုင် မောင်းနှင်ရသည့် အဆင့်
Level 1: advanced driver assistance system (ADAS) လို့ခေါ်တဲ့ စတီယာရင်၊ ဘရိတ် နှင့် အရှိန်မြှင့်တင်မှုများကို တခါတရံ ကူညီပေးနိုင်သည့် အဆင့်
Level 2: Level 1 မှ စနစ်အား တခါတရံ ကူညီရုံ မဟုတ်တော့ဘဲ ဆက်တိုက် မောင်းနှင်သူအား ကူညီပေးနိုင်သည့် အဆင့် (မောင်းနှင်သူကတော့ အမြဲ သတိရှိရပါတယ်)

Level 3: automated driving system (ADS)လို့ခေါ်တဲ့ အခြေအနေတခုမှာ ယာဉ်မောင်းလုပ်ဆောင်သည့် အလုပ်များကို ကူညီပေးနိုင်သည့် အဆင့် (ယာဉ်မောင်းဟာ ADS မှ လူထိန်းချုပ်ရန် ပြောပါက ထိန်းချုပ်နိုင်ရန် အသင့်ရှိရပါတယ်)
Level 4: အထက်ပါ စနစ်အား အဆင့်မြှင့်ထားသည့် ယာဉ်မောင်းမှ လုံးဝ ဂရုစိုက်စရာမလိုဘဲ အလိုအလျောက် မောင်းနှင်ပေးသည့် အဆင့်
Level 5: အလိုအလျောက်စနစ်မှသာ အားလုံးကို ဆုံးဖြတ် မောင်းနှင်သွားမှာ ဖြစ်ပြီး လိုက်ပါလာသည့် လူများဟာ စီးနင်းသူ သပ်သပ်အဖြစ်သာ လိုက်ပါနိုင်သည့် အဆင့် တို့ ဖြစ်ပါတယ်။
ကားသစ်တွင် အသုံးပြုမည့် ကား၏ ဦးနှောက်အဖြစ် Mobileye ကုမ္ပဏီ၏ EyeQ 5 ချစ်ပ် ၆ ခုလောက်ကို အသုံးပြုသွားမှာဖြစ်ပြီး ကုမ္ပဏီ၏ လမ်းအတွေ့အကြုံဆိုင်ရာ စီမံမှု စနစ်မှ လမ်းပေါ်ရှိ ကားများ၏ ပုံရိပ်ကို မြေပုံတွင် 3D ဖြင့် ပုံဖော်ပြီး ရှောင်ရှားမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

Geely နှင့် Mobileye ဟာ ၎င်းတို့၏ အလိုအလျောက်ကားဟာ ၂၀၂၄ ခုနှစ်တွင် တရုတ်ကားဈေးကွက်မှာ စတင် ဖြန့်ချီနိုင်မယ်လို့ ကြေငြာခဲ့ပါတယ်။
အလားတူ အချိန်မှာပဲ Geely ဟာ အမေရိကန်တွင် အလိုအလျှောက် လျှပ်စစ်ထရပ်ကားများ ထုတ်လုပ်နေတဲ့ Alphabet ကုမ္ပဏီ (Google ၏ အမည်သစ်) ၏ ကုမ္ပဏီခွဲတခုဖြစ်တဲ့ Waymo နှင့် ပူးပေါင်းခဲ့ကြောင်းလည်း ကြေငြာခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။