ကျူးဘား ဒုံးပျံ အကျပ်အတည်း ဖြစ်စဉ်ဟာ ၁၉၆၂ ခုနှစ် အောက်တိုဘာလတွင် ဆိုဗီယက်တို့ ကျူးဘားတွင် နျူကလီးယား ဒုံးပျံတွေ လာရောက် အခြေစိုက်ရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
နှစ်ဘက်စလုံးဟာ နျူကလီးယားစစ်ပွဲ ဖြစ်မှာကို ကြောက်ရွံ့ကြတာ ဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ၁၃ ရက်တိုင် ကြာမြင့်ခဲ့ပါတယ်။
အဲဒီ့အချိန်မှာ အမေရိကန်တွင် ဂျွန် အက်ဖ် ကနေဒီ က သမ္မတတာဝန် ထမ်းဆောင်နေပြီး ဆိုဗီယက်မှာတော့ နီကီတာ ကရူးရှက်ဗ် က ခေါင်းဆောင်ဖြစ်ကာ အမေရိကန်အနေဖြင့် ကျူးဘားကို မကျူးကျော်ပါဘူး ဆိုသည့် သဘောတူညီမှုနှင့် ကျူးဘားရှိ ဒုံးပျံများကို ဆိုဗီ ယက်တို့ ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။
တိတ်တဆိတ်အားဖြင့် ဆိုဗီယက်ကို ခြိမ်းခြောက်နိုင်သည့် တူရကီမှာ အခြေစိုက်ထားသည့် အမေရိကန် နျူကလီးယား ဒုံးပျံများကိုပါ ဖြုတ်သိမ်းပေးလိုက်ရပါတယ်။
ဒီဖြစ်စဉ်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် (၁၉ဝ၉-၁၉၇၄) က ကိုင်တွယ် ဖြေရှင်း ပေးခဲ့ရပါတယ်။
ဒီ ကျူးဘား ဒုံးပျံ အရေးအခင်းနှင့် ပတ်သက်ပြီး အနှစ်ချုပ်အားဖြင့် မြင်သာစေဖို့ အောက်ပါအတိုင်း ဖြစ်စဉ် များကို ဖော်ပြလိုက်ရပါတယ်။
အမေရိကန်ဟာ ကျူးဘားကျွန်း တောင်ပိုင်း ကမ်းရိုးတန်းတွင် ကျူးဘားခေါင်းဆောင် ကက်စထရို ကို ဆန့်ကျင်သူများ ကမ်းတက်တိုက်ပွဲ ဆင်နွဲရာမှာ တိုက်ရိုက်ကူညီ ပါဝင်ခဲ့ပါတယ်။
ဒါ့ကြောင့် ကက်စထရိုဟာ အမေရိကန်တို့ ကျူးကျော်လာမည်ဟု ယုံကြည်သောကြောင့် ဆိုဗီယက်၏ ဒုံးပျံ ဖြန့်ကျက်မည့် အစီအစဉ်ကို လက်ခံခဲ့ပါတယ်။
အမေရိကန်တို့ဟာ ၎င်းတို့နှင့် မိုင် ၉၀ သာကွာဝေးတဲ့ ကျူးဘားကျွန်းမှာ ဒီလို လက်နက်တွေ လာရောက် အခြေစိုက်မှန်း သိလိုက်ရတဲ့အခါ နိုင်ငံအနှံ့အပြားမှာ လွန်စွာကြောက်ရွံ့ခဲ့ကြပြီး ကျူးဘား ရေလမ်းကြောင်းကိုပါ ပိတ်ဆို့ လိုက်ကြပါတယ်။
အမေရိကန်တို့ဟာ Lockheed U-2 များကို အသုံးပြုပြီး ဝေဟင် ဓာတ်ပုံများရိုက်ကာ ထောက်လှမ်းခဲ့ပါတယ်။
အဲဒီလို ထောက်လှမ်းရာမှာ U-2 ထောက်လှမ်းရေး လေယာဉ်များကို ဆုံးရှုံးမှာ ကြောက်ရွံ့တဲ့အတွက် အလွန်အမင်း မြင့်မားစွာ ပျံသန်းခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ အမေရိကန်ရေတပ်မှာ ရေယာဉ် ၁၂ စီးဟာ ကျူးဘားနိုင်ငံ ပြင်ပမှာ ဆိုဗီယက် ရေငုပ်သင်္ဘောတစီးကို တွေ့ရှိခဲ့ပါတယ်။
၎င်းရေယာဉ်များဟာ အဆိုပါ ရေငုပ်သင်္ဘောကို ရေပေါ်တက်လာအောင် ရေအောက် ဗုံးများ ပစ်ချပြီး ဖိအားပေ့းခဲ့ပါတယ်။
ဆိုဗီယက် ရေငုပ်သင်္ဘောဟာ ဌာနချုပ်နှင့် အဆက်အသွယ်မရတာ ရက်အတော်ကြာပြီ ဖြစ်တဲ့အတွက် စစ်ဖြစ်နေပြီလား မဖြစ်ဘူးလားဆိုတာ မသိကြပါဘူး။
ဆိုဗီယက်တို့ နျူးကလီးယား လက်နက် အသုံးပြုတဲ့ စနစ်အရ နျူ လက်နက်အသုံးပြုဖို့ရာ အရာရှိ ၃ ယောက်ရဲ့ ဆုံးဖြတ်ချက် လိုအပ်ပါတယ်။
ကပ္ပတိန်ဟာ နျူ ထိပ်ဖူး တော်ပီဒိုကို အသုံးပြုလိုပေမယ့် တခြား အရာရှိတစ်ယောက်ဖြစ်တဲ့ ဗက်ဆီလီ အာခီပေါ့ က သဘောမတူခဲ့ပါဘူး။
ဒါ့ကြောင့် ရေငုပ်သင်္ဘောဟာ ရေပေါ်တက်ခဲ့ပြီး လက်နက်အသုံးမပြုခဲ့တဲ့အတွက် နျူကလီးယား စစ်ပွဲ ဖြစ်မယ့်ဘေးက ရှောင်ဖယ်နိုင်ခဲ့ပါတယ်။
တကယ်လို့ နျူကလီးယား စစ်ပွဲ ဖြစ်ပွားခဲ့ပါက အမေရိကန်နှင့် ဆိုဗီယက် စုစုပေါင်း လူဦးရေ သန်း ၂၀၀ လောက် ပျက်စီး နိုင်မယ်လို့ ဟားဗက် တက္ကသိုလ်မှ ဘယ်လ်ဖာ် စင်တာက ခန့်မှန်းခဲ့ပါတယ်။
ဒီအရေးအခင်းကို ဆိုဗီယက်က အစပြုခဲ့တယ်လို့ လူထုက ယုံကြည်တဲ့အတွက် ဆိုဗီယက်ခေါင်းဆောင် နီကီတာ ကရူးရှက်ဗ် ရဲ့ ဩဇာ ကျဆင်းပြီး ပြည်သူထောက်ခံမှု နှင့် ယုံကြည်မှု ဆုံးရှုံးခဲ့ရပါတယ်။
အမေရိကန်နှင့် ဆိုဗီယက် သဘောတူညီမှုမှာ အစည်းအဝေးမှာ ကျူဘားခေါင်းဆောင် ကက်စထရို မပါဝင်ခဲ့ပါဘူး။
ဒါ့ကြောင့် ကက်စထရိုကို ဒေါသ ဖြစ်စေခဲ့ကာ နောက်ပိုင်းမှာ ဆိုဗီယက်နှင့် ဆက်ဆံရေး ကို ထိခိုက်စေခဲ့ပါတယ်။
ဒီ အရေးအခင်းကြောင့် အိမ်ဖြူတော်နှင့် ခရင်မလင်အကြားမှာ တိုက်ရိုက် တယ်လီဖုန်းလိုင်း တပ်ဆင်ခဲ့ပါတယ်။
ခရင်မလင်ဟာ မော်စကိုရှိ ဆိုဗီယက်တို့ ဌာနချုပ်တည်ရှိရာ နေရာ ဖြစ်ပါတယ်။
ယနေ့ခေတ်မှာတော့ ဝါရှင်တန် မော်စကို တိုက်ရိုက် ဆက်သွယ်ရေးလိုင်းလို့ခေါ်တဲ့ အီးမေးနှင့် စကားပြော ဆက်သွယ်ရေး တိုက်ရိုက်လိုင်း အဖြစ် အဆင့်မြှင့်တင်ထားပြီး “the red telephone” လို့ ခေါ်တွင်ကြပါတယ်။
အမေရိကန်သမိုင်းတွင် DEFCON 2 (Defense Readiness Condition) လို့ခေါ်တဲ့ အရေးအပေါ် အခြေအနေမျိုး ဒီ ကျူးဘားအရေးအခင်း ကာလ တွင်သာ ဖြစ်ခဲ့ဖူးပါတယ်။
DEFCON 2 ဆိုသည်မှာ နိုင်ငံဟာ နျူကလီးယား စစ်ပွဲအတွက် နျူလက်နက်ဖြင့် ၆ နာရီအတွင်း တိုက်ခိုက်ဖို့နှင့် လက်နက်ကိုင် တပ်ဖွဲများနှင့် စစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021