German Shepherd သို့မဟုတ် Alsatian တွေကို ပိုင်ဆိုင်သင့်တဲ့ အကြောင်းရင်း (၁၀) ချက်

Knowledge Nature

ဂျာမာန်သိုးထိန်းခွေး (German Shepherd) တွေရဲ့ မျိုးရိုးကို 1899 ခုနှစ် အထိ ခြေရာခံနိုင်တဲ့ အတွက် မူရင်း ခွေးမျိုးစိတ် တခု အဖြစ် သတ်မှတ်ထားပါတယ်။

၎င်းတို့ဟာ မျိုးရိုးအသစ်ဖြစ်သော်လည်း ဂျာမာန်သိုးထိန်းခွေး (German Shepherd) တွေဟာ ယခုအခါ ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းအစားဆုံး ခွေးမျိုးစိတ်များထဲမှ တစ်ခု ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စုတွင် ဂျာမန်သိုးထိန်းခွေးတွေကို 2016 ခုနှစ်ရဲ့ ဒုတိယလူကြိုက်အများဆုံးခွေးမျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။

အမှန်တကယ်ပဲ ဂျာမန်သိုးထိန်းခွေးတွေဟာ အိမ်ထောင်စုတိုင်း ပိုင်ဆိုင်သင့်တဲ့ အကောင်းဆုံးခွေးများဖြစ်လာစေတဲ့ အရည်အချင်းများနှင့် နှစ်လိုဖွယ်ကောင်းတဲ့ စရိုက်လက္ခဏာများစွာရှိကြပါတယ်။

အောက်တွင် ဂျာမာန်သိုးထိန်းခွေးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ဂျာမန်သိုးထိန်းခွေးတွေဟာ ဉာဏ်ရည်မြင့်မားကြပါတယ်။

ဂျာမန်သိုးထိန်းခွေးတွေဟာ အလွန်ဉာဏ်ကောင်းတာကြောင့် လူသိများပါတယ်။ သူတို့ကိုသင်ပေးတဲ့ အလုပ်တိုင်းနီးပါးကို သင်ယူပြီး လုပ်နိုင်စွမ်းရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ ရဲခွေးများရဲ့ ရာခိုင်နှုန်းအများဆုံးမှာ ဂျာမာန်သိုးထိန်းခွေးတွေ ဖြစ်ကြပါတယ်။

၎င်းတို့ရဲ့ ဉာဏ်ရည်မြင့်မားမှုနှင့် ဘက်စုံစွမ်းဆောင်နိုင်မှုတို့ကြောင့် ၎င်းတို့ဟာ မသန်စွမ်းသူများကို ကူညီပေးဖို့အတွက် ဝန်ဆောင်မှုခွေးများအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်ကြားလျက်ရှိပါတယ်။

အချို့သော ဂျာမန်သိုးထိန်းခွေးတွေကို ခွေးအားကစား ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် လေ့ကျင့်ပေးကြတယ်ဟု သိရပါတယ်။

(၂) ဂျာမန်သိုးထိန်းခွေးတွေဟာ ကျန်းမာသန်စွမ်းကြပါတယ်။

ဂျာမာန်သိုးထိန်းခွေးတွေဟာ ကျန်းမာသန်စွမ်းသော ခွေးမျိုးစိတ်များထဲမှ တစ်ခုဖြစ်ပါတယ်။

စနစ်တကျ ပြုစုစောင့်ရှောက်ပါက ၎င်းတို့ဟာ ၁၃ နှစ်အထိ အသက်ရှင်နိုင်ပါတယ်။ ၎င်းတို့ဟာ လေ့ကျင့်ခန်းလုပ်ခြင်းကို နှစ်သက်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ပြဿနာများနှင့်လည်း ကင်းဝေးကြပါတယ်။

၎င်းတို့ဟာ နောက်ပိုင်းတွင် အဆစ်အမြစ်ရောင်ရမ်းခြင်းနှင့် တခြားသော ကျန်းမာရေးဆိုင်ရာအန္တရာယ်များစွာကို ကြုံတွေ့နိုင်သော်လည်း သင့် လျော် သောအာဟာရနှင့် တိရစ္ဆာန်ဆေးကုသရေးစောင့်ရှောက်မှုပေးပါက အဆိုပါရောဂါများခံစားရနိုင်ခြေမှ ကင်းလွတ်စေနိုင်ပါတယ်။

(၃) ဂျာမာန်သိုးထိန်းခွေးတွေဟာ ပတ်ဝန်းကျင်နဲ့ အလွန်လိုက်လျောညီထွေစွာ နေထိုင်တက်ကြပါတယ်။

ဂျာမန်သိုးထိန်းခွေးတွေ ကျော်ကြားရတဲ့အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းက ၎င်းတို့ဟာ မည်သည့်ဘဝပုံစံ ၊ လူနေမှုအခြေအနေနှင့်မဆို လိုက်လျောညီထွေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ခြံကျယ်ကျယ်ရှိတဲ့ အိမ်တွေမှာ ဂျာမန်သိုးထိန်း​ခွေးတွေအတွက် စံပြဖြစ်သော်လည်း လေ့ကျင့်ခန်း အလုံအလောက်ရသရွေ့ ၎င်းတို့ဟာ တိုက်ခန်းတွေနှင့်လည်း အလွယ်တကူလိုက်လျောညီထွေရှိနိုင်ပါတယ်။

တကယ်လို့ ကျွန်ုပ်တို့အနေနဲ့ ဂျာမန်သိုးထိန်းခွေးတစ်ကောင်ကို မွေးစားဖို့ စီစဉ်နေပါက ကျွန်ုပ်တို့ရဲ့ လက်ရှိနေထိုင်မှုပုံစံကို ချိန်ညှိဖို့ မလိုအပ်ပါဘူး၊

၎င်းတို့ဟာ သူ့ဘာသာသူ အလွယ်တကူ ချိန်ညှိနိုင်ပြီး ကျွန်ုပ်တို့ဘဝနေထိုင်မှုပုံစံနှင့် ကိုက်ညီအောင် နေထိုင်တတ်ကြပါတယ်။

(၄) ဂျာမန်သိုးထိန်းခွေးတွေဟာ နိုးနိုးကြားကြား တက်တက်ကြွကြွ ရှိကြပါတယ်။

ဂျာမန်သိုးထိန်းခွေးတွေဟာ စွမ်းအင် အဆင့်မြင့်မားကြပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို အပြင်မှာ ကုန်ဆုံးရတာကို နှစ်သက်ကြပါတယ်။

တကယ်လို့ ကျွန်ုပ်တို့အနေနဲ့ ပြေးခြင်း၊ တောင်တက်ခြင်းနှင့် အမဲလိုက်ခြင်းကို နှစ်သက်ပါက ၎င်းတို့ဟာ ကျွန်ုပ်တို့ပိုင်ဆိုင်သင့်သော အကောင်းဆုံးအဖော်များထဲမှ တစ်ယောက်ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်ုပ်တို့မှာ ကလေးရှိမယ်ဆိုရင်တောင် ၎င်းတို့ဟာ မောပန်းလွယ်ခြင်းမရှိတဲ့အတွက်ကြောင့် အတူကစားနိုင်ပါတယ်။

(၅) ဂျာမန်သိုးထိန်းခွေးတွေဟာ ၎င်းတို့ရဲ့အချိန်အားလုံးကို သခင်မိသားစုအတွက် မြုပ်နှံထားကြပါတယ်။

ဂျာမန်သိုးထိန်းခွေးတွေဟာ ၎င်းတို့ရဲ့သခင်မိသားစုအပေါ် ချစ်ခင်ကြင်နာတက်တဲ့အတွက်ကြောင့် လူသိများပါတယ်။ ၎င်းတို့ဟာ ပိုင်ရှင်သခင်ကို အလွန်ချစ်ခင်ကြပြီး အကာအကွယ်ပေးတက်ကြပါတယ်။

ဒါက သူတို့အနေနဲ့ သခင်ကို ဘယ်လောက်ချစ်သလဲဆိုတာ မှန်းဆမရနိုင်အောင်ကို ဖြစ်စေပါတယ်။

(၆) ဂျာမန်သိုးထိန်းခွေးတွေဟာ သစ္စာရှိတဲ့အပြင် ကာကွယ်လိုစိတ် ပြင်းပြကြပါတယ်။

သစ္စာစောင့်သိမှုဟာ ခွေးလေးတွေမှာသာ တွေ့နိုင်တဲ့ ကြီးမြတ်တဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်။

၎င်းတို့ဟာ ပိုင်ရှင်များသာမက အိမ်တွင်းရှိ မိသားစုဝင်များအားလုံးကိုလည်း ကာကွယ်ပေးတတ်ကြပါတယ်။

ခိုင်မာတဲ့ သစ္စာစောင့်သိမှုနှင့် အကာအကွယ်ဗီဇကြောင့် ဂျာမန်သိုးထိန်းခွေးတွေဟာ အစောင့်ခွေးကောင်း ဖြစ်လာပါတယ်။

သို့သော် ၎င်းတို့ကို အလွန်အကျွံ ကာကွယ်မှု မဖြစ်စေရန် သင့်လျော်သော လူမှုဆက်ဆံရေးနှင့် လေ့ကျင့်မှုများလည်း လိုအပ်ပါတယ်။

(၇) ဂျာမန်သိုးထိန်းခွေးတွေဟာ နာခံမှုရှိပြီး လေ့ကျင့်ရလွယ်ကူပါတယ်။

ဂျာမန်သိုးထိန်းခွေးတွေဟာ ဉာဏ်ရည်မြင့်မားတဲ့အတွက်ကြောင့် ရည်ရွယ်ချက် အမျိုးမျိုးအတွက် လေ့ကျင့်သင်ကြားနိုင်ပါတယ်။

၎င်းတို့ဟာ နာခံမှုရှိပြီး အခြားခွေးမျိုးစိတ်များနှင့် နှိုင်းယှဉ်ပါက လေ့ကျင့်ရ လွယ်ကူစေပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ အလုပ်လေ့ကျင့်မှုတွင် ကောင်းစွာလုပ်ဆောင်နိုင်ရုံသာမက နာခံမှုလေ့ကျင့်ရေးတွင်လည်း ၎င်းတို့အတွက် ပြဿနာမရှိပါဘူး။

ဒါ့ကြောင့် ဂျာမာန်သိုးထိန်းခွေးတွေဟာ သခင်ရဲ့အမိန့်ကို နားထောင်ပြီး နာခံတတ်ကြပါတယ်။

(၈) ဂျာမာန်သိုးထိန်းခွေးတွေဟာ ဘယ်လိုရာသီဥတုမဆို လိုက်လျောညီထွေ နေနိုင်ကြပါတယ်။

ဂျာမန်သိုးထိန်းခွေးတွေဟာ အအေးနှင့် အပူရာသီဥတုကို ခံနိုင်ရည်ရှိစေတဲ့အတွက်ကြောင့် ရာသီဥတု အရမ်းပူရင် တွင်းတူးပြီး အေးမြတဲ့ နေရာတွေထဲမှာ နေတက်ကြပါတယ်။

(၉) ဂျာမန်သိုးထိန်းခွေးတွေဟာ အခြားအိမ်မွေးတိရစ္ဆာန်များနှင့် ရင်းနှီးစွာ နေတတ်ကြပါတယ်။

ဂျာမန်သိုးထိန်း​ခွေးအများစုဟာ ကောင်းစွာ ပေါင်းသင်း ဆက်ဆံနေသရွေ့ အခြားအိမ်မွေးတိရစ္ဆာန်များနှင့် အဆင်ပြေပါတယ်။

၎င်းတို့ဟာ ကြောင်တွေ၊ ​ခွေး​တွေနှင့်လည်း ပေါင်းသင်းဆက်ဆံနိုင်ပါတယ်။ အချို့သော ဂျာမန်သိုးထိန်းခွေးတွေဆိုရင် အခြားအိမ်မွေးတိရစ္ဆာန်များကိုပင် နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်ကြတာကို တွေ့ရပါတယ်။

(၁၀) ဂျာမန်သိုးထိန်းခွေးလေးတွေဟာ ကလေးများကို ချစ်ကြပါတယ်။

ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်မှန်ကန်သော လူမှုဆက်ဆံရေး လေ့ကျင့်မှုပေးရင် ၎င်းတို့ဟာ ကလေးများနှင့် ကစားရတာကို နှစ်သက်ကြပါတယ်။

ကျွန်ုပ်တို့ရဲ့ခွေးလေးအပေါ် ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနှင့် လေးစားမှုတို့နှင့်အတူ မှန်ကန်တဲ့ လေ့ကျင့်ရေးကလည်း မရှိမဖြစ်လိုအပ်ပါတယ်။

သို့ပေမည့်လည်း အစာစားချိန်တွေမှာ ကလေးတွေကို ခွေးနှင့်အတူ ကစားဖို့ ကလေးများကို ခွင့်မပြုသင့်ပါဘူး။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.