ရှန်ဟိုင်း သို့မဟုတ် ဘေဂျင်းမြို့အပြင်ဘက် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်လောက် ကားမောင်းသွားပါက ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကို သင့်အနေနဲ့ တွေကြုံစေမှာဘဲ ဖြစ်ပါတယ်။
မြို့ကြီးတွေဟာ ခေတ်မှီပြီးတော့ ပုံမှန်အားဖြင့် အကောင်းတိုင်းရှိတဲ့ပုံပေါ်ပါတယ်။ သို့ပေမယ့် စည်ကားနေတဲ့ မြို့ပြတွေနဲ့ မတူဘဲ အများအားဖြင့် နေထိုင်သူမရှိဘဲ ဗလာအတိုင်းဘဲ ဖြစ်နေပါတာကို သင်မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။
ဒါတွေကတော့ တရုတ်နိုင်ငံရဲ့ တစ္ဆေမြို့တွေဘဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ မြို့ပေါင်း ၆၈၇ မြို့ရှိပါတယ်။
သို့သော်လည်း မကြာသေးမီက အစီရင်ခံစာတစ်ခုအရ တရုတ်နိုင်ငံ မြို့ပြအိမ်ရာစုစုပေါင်းရဲ့ ၆၅ သန်းခန့်ဟာ ဗလာဖြစ်နေတယ်ဟု သိရပါတယ်။
အဆိုပါ ဗလာဖြစ်နေတဲ့အိမ်ယာတွေဟာ Tianducheng၊ Thames Town၊ Binhai နှင့် စတုရန်းကီလိုမီတာ ရာနှင့်ချီ လွှမ်းခြုံထားတဲ့ အခြားမြို့များအပါအဝင် အချိုးမညီ များပြားလှတဲ့ အဆောက်အအုံတွေမှာ တည်ရှိပါတယ်။
တရုတ်နိုင်ငံရှိ အဆိုပါ “တစ္ဆေမြို့တော်များ”ဟာ ကောင်းမွန်စွာတည်ဆောက်ထားပြီး အများသူငှာနေစရာ နေရာတွေ အမျိုးမျိုးရှိသော်လည်း လူသူလုံးဝကင်းရှင်းတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံမှာ အိမ်ခြံမြေအကျိုးဆောင်ကို ဘေးကင်းလုံခြုံတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် မြင်တွေ့ရတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။
တရုတ်အစိုးရကိုယ်တိုင် ကျောထောက်နောက်ခံပြုထားတဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများဘဲ ဖြစ်ပါတယ်။

အိမ်ခြံမြေစျေးကွက်ဟာ အဆက်မပြတ်မြင့်တက်နေတဲ့ စျေးနှုန်းများကြောင့် ဆယ်စုနှစ်များစွာ နိုင်ငံရဲ့ဥစ္စာဓနချဲ့ထွင်မှုရဲ့ အဓိကစီးဆင်းနေတဲ့အား တစ်ခုဘဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုက အိမ်ခြံမြေကို အဓိကစီးဆင်းနေတဲ့ စီးပွားရေးအဖြစ် မျှော်မှန်းထားတာပါ။
သို့သော်လည်း နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရက မြေအားလုံးကို ပိုင်ဆိုင်ထားတဲ့အတွက် လုပ်ငန်းရှင်များအနေနဲ့ အစိုးရထံမှ ငှားရမ်းရမည်ဆိုပြီး ဒါတွေဟာ မကြာခဏဆိုသလိုဘဲ စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေပါတယ်။
တရုတ်အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်မှုမရှိဘဲ ချဲ့ထွင်ခြင်းရဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ အမေရိကန်နှင့် ဥရောပတို့နဲ့ နှိုင်း ယှဉ်ပါက စတော့ဈေးကွက်တွင် တရုတ်ရင်းနှီးမြုပ်နှံမှု နည်းပါးခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရှိ လူဦးရေရဲ့ ၇ ရာခိုင်နှုန်း ကသာ အစုရှယ်ယာများကို ပိုင်ဆိုင်ထားကြပါတယ်။
လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်ဟာ အိမ်ခြံမြေကို ပိုင်ဆိုင်ကြပြီး အဲ့ထဲကမှ ၇၀ ရာခိုင်နှုန်းဟာ အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုအတွက် အိမ်ခြံမြေတွေကို ထပ်မံဝယ်ယူဖို့ စီစဉ်နေကြပါတယ်။
ရလဒ်အနေနဲ့ တရုတ်နိုင်ငံ အိမ်ခြံမြေပိုင်ဆိုင်မှုဟာ ကျယ်ပြန့်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အိမ်တွင်းကြွယ်ဝမှုရဲ့ သိသာတဲ့ဝေစုကို ရရှိစေပါတယ်။
developer များက ယူနစ်တွေကို အမြဲတမ်း ဖန်တီးဖို့ တွန်းအားပေးနေတာကြောင့် တရုတ်အိမ်ယာစျေးကွက်ဟာ အိမ်ခြံမြေစျေးနှုန်းများကို နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလိုဘဲ တက်စေခဲ့ပါတယ်။
သို့ပေမဲ့ အိမ်ဝယ်လိုအား၊ အသက်နှင့် လူဦးရေစာရင်းများ မြင့်တက်လာခြင်း အပါအဝင် ပြဿနာအမျိုးမျိုးကြောင့် ယူနစ်တွေရဲ့ ၀ယ်လိုအားဟာ မကြာသေးမီက ကျဆင်းသွားခဲ့ပါသေးတယ်။
အိမ်ခြံမြေစျေးကွက်ကို အများပြည်သူစိတ်ဝင်စားမှုမြင့်မားတာဟာ အစိုးရအတွက် အခွန်ဘဏ္ဍာကိုလည်း တိုးပွားစေပါတယ်။
သို့သော်လည်း နိုင်ငံရဲ့စည်းကမ်းမဲ့ တိုးချဲ့မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် မရေမတွက်နိုင်တဲ့ တစ္ဆေမြို့တော်များ ဖြစ်ပေါ်လာစေပါတယ်။
တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေယဉ်ကျေးမှုဟာ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာရုံသာမက လူဦးရေ အမြောက်အများကိုလည်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။
ယခုအခါ မြို့ကြီးတွေမှာ တရုတ်နိုင်ငံ လူဦးရေရဲ့ ၁.၄ ဘီလီယံ၊ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်နေကြပါတယ်။သို့သော်လည်း တရုတ်နိုင်ငံမှာ ခရီးသွားများအတွက် ဖွင့်ထားဆဲဖြစ်တဲ့ မြို့တွေလည်းရှိပါတယ်။
ရှန်ဟိုင်းမြို့အနောက်ဘက် နှစ်နာရီအကွာ Tianducheng ဟာ စုံတွဲများအတွက် ရေပန်းအစားဆုံး မင်္ဂလာပွဲရိုက်ကူးတဲ့ နေရာဖြစ်ပါတယ်။

၂၀၀၇ တုန်းက တည်ဆောက်ခဲ့ပြီး ၂၀၁၃ မှာ လူပေါင်း ၂၀၀၀ခန့်ရှိခဲ့ပြီး တစ္ဆေမြို့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
လတ်တလော သတင်းရင်းမြစ်များအရ Tianducheng မှာ လက်ရှိ လူဦးရေ ၃၀၀၀၀ ကျော်ရှိတယ် ဟုသိရပါတယ်။
Inner Mongolia ရှိ Kangbashi ဟု လူသိများတဲ့ Ordos မြို့သစ် ဟာလည်း တရုတ်နိုင်ငံရဲ့ တစ္ဆေမြို့များ ထဲမှာ ရေပန်းအစားဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
၂၀၀၀ ခုနှစ်အစောပိုင်းတုန်းက အဆိုပါမြို့တော်မှာ လူတစ်သန်းလောက်နေထိုင်နိုင်ဖို့ စီစဥ်ခဲ့ကြသော်လည်း နောက်ဆုံးတော့ ၃သိန်းလောက်ဘဲ နေထိုင်ဖို့ လျော့ချခဲ့ကြပါတယ်။ သို့ပေမဲ့ ၂၀၁၆ မှာ လူပေါင်း ၁သိန်းမျှသာ နေထိုင်တာကို တွေ့ရပါတယ်။
သို့သော်လည်း တရုတ်နိုင်ငံဟာ ၎င်းရဲ့ ထိပ်တန်းကျောင်း အများအပြားကို Kangbashi သို့ ပြောင်းရွှေ့ပြီးနောက်မှာတော့ မြို့တော်ဟာ လူအများအပြားကို ပြန်လည်ဆွဲဆောင်နိုင်ခဲ့ပါတယ်။
Tonghui မြို့ရဲ့ ဗိသုကာ ဒီဇိုင်းဟာ ဆွစ်ဇာလန်နှင့် အီတလီရှိ လမ်းတွေ နှင့် အဆောက်အအုံတွေ ပုံစံ တည်ဆောက်ထားပါတယ်။
ဥရောပ စတိုင် စားသောက်ဆိုင်တွေ၊ ကင်းမျှော်စင်တွေ ၊ အရက်ဆိုင်တွေ နှင့် အခြားဖွဲ့စည်းပုံဆိုင်ရာ လက္ခဏာတွေကို မြို့အနှံ့မှာ တွေ့မြင်နိုင်ပါတယ်။
ကံမကောင်းစွာနဲ့ဘဲ လူထုထောက်ခံမှု နည်းပါးမှုကြောင့် “မြို့” ဟာ ဘယ်တော့မှ ကြီးထွားမလာခဲ့ပါဘူး။
အဆောက်အဦး အများစုဟာ နောက်ဆုံးမှာ ပြိုပျက်သွားခဲ့ကြပါတယ်။
Thames မြို့ဟာလည်း အာရှမှာ အကျော်ကြားဆုံး တစ္ဆေမြို့များထဲမှ တစ်ခုဖြစ်ပြီး လန်ဒန်ရဲ့ အထင်ကရ အနီရောင် တယ်လီဖုန်းပြခန်းတွေ ၊ ဥရောပစတိုင် ဗိသုကာလက်ရာတွေ ၊ ဟယ်ရီပေါ်တာ နှင့် ဂျိမ်းစ်ဘွန်း အထိမ်းအမှတ်နေရာတွေကို သင်တွေ့မြင်နိုင်မည့် အာရှရှိ နေရာအနည်းငယ်ထဲမှ တစ်ခုလည်းဖြစ်ပါတယ်။
mock-Tudor bar နှင့် fish-and-chip ဆိုင်တွေအပြင် အခြားပုဂ္ဂလိက နှင့် စီးပွားရေး အဆောက်အအုံများပါရှိသော်လည်း နေရာထိုင်ခင်းအများစုမှာ လက်ရှိ လစ်လပ်လျက်ရှိပါတယ်။
အစပိုင်းတုန်းက Thames Town ရှိ အိမ်ခြံမြေအများစုကို လျင်မြန်စွာ ရောင်းချခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုအိမ်ယာများအဖြစ် ဝယ်ယူခဲ့ကြပါတယ်။
သို့သော်လည်း မကြာမီမှာဘဲ စားသောက်ဆိုင်တွေ ပိတ်သွားကာ ဧရိယာတစ်ခုလုံးဟာ မြေလွတ် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု စင်တာ ဖြစ်လာခဲ့ပါတယ်။

Binhai ရှိ ခရိုင်နှစ်ခုဖြစ်တဲ့ Yujiapu နှင့် Xiangluowan တို့ကို တရုတ်နိုင်ငံ မြောက်ပိုင်းဒေသမှာ စီးပွားရေးအချက်အချာကျတဲ့ နေရာသစ်တွေအဖြစ် တည်ဆောက်ခဲ့ကြပါတယ်။
ရလဒ်အနေနဲ့ အစိုးရရုံးတွေ ၊ ကုန်တိုက်ကြီးတွေ ၊ အဆောက်အအုံကြီးတွေ နှင့် အခြားအခြေခံအဆောက်အအုံတွေ အားလုံးဟာ လျင်မြန်တဲ့ စီးပွားရေးကို ဆက်ထိန်းထားနိုင်ဖို့ ခရိုင်နယ်ပယ်နှစ်ခုစလုံးမှာ တည်ဆောက်ထားပါတယ်။
ဝမ်းနည်းစရာကောင်းတာက တိုးတက်မှုအားလုံးရှိနေပေမဲ့ Yujiapu နှင့် Xiangluowan တွင်နေထိုင်မှုနှုန်းဟာ ၎င်းတို့ကို တစ္ဆေ မြို့များ အဖြစ် သတ်မှတ်ရန် လုံလောက်တဲ့ ပမာဏဖြစ်နေပါတယ်။
Evergrande ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီနှစ်ခုထဲမှ တစ်ခုဖြစ်ပါတယ်။
သို့သော်လည်း ကုမ္ပဏီဟာ လက်ရှိမှာ ကာလတိုကြွေးမြီများကို ရင်ဆိုင်နေရပြီး ငွေကြေးအကျပ်အတည်းနှင့် lockdown ကာလအတွင်း အိမ်ခြံမြေအရောင်းများ ကျဆင်းလာမှုကြောင့် အန္တရယ်များတဲ့ စီးပွားရေးပုံစံ ပေါ်ထွက်လာတယ်ဟု ယူဆနေပါတယ်။
Evergrandeရဲ့ နည်းဗျူဟာက မြေဝယ်ဖို့ ချေးငှားမယ် ၊ ပြီးမှ အိမ်ပိုင်ရှင်တွေကို ရောင်းချမယ်၊ နောက်ထပ် ပရောဂျက်အသစ်တစ်ခု စတင်နိုင်ဖို့ ထပ်မံချေးယူမည်။ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခြင်းဟာ ကြီးမားတဲ့ အတိုးပေးချေမှုကို ပုံဖော်နေပါတယ်။
ကုမ္ပဏီရဲ့တာဝန်ရှိမှုဟာ ၂၀၂၀ ဇူလိုင်လမှာဘဲ ၎င်းရဲ့စုစုပေါင်းပိုင်ဆိုင်မှုရဲ့ ၈၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ Evergrande ဟာ၂၀၂၁ စက်တင်ဘာလတုန်းကလည်း ချေးငွေ စာချုပ်ပေးချေမှု ဒေါ်လာ ၈၃.၅ သန်းကို လွတ်သွားခဲ့ပါသေးတယ်။
ထိုအချိန်မှစ၍ လုပ်ငန်းဟာ ဒေါ်လာ ၃၀၀ ဘီလီယံအကြွေးနှင့် ရင်ဆိုင်နေရပြီး ပြိုလဲသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ စီးပွားရေး ဆုတ်ယုတ်မှုကို ဖြစ်စေတယ်ဟု လေ့လာသုံးသပ်သူ အချို့က ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်တွင် Evergrande ရဲ့ ငွေအကျပ်အတည်းဟာ ရောင်းလိုအား နဲ့ ဝယ်လိုအားမညီမျှမှုကို ပြင်းထန်စွာ ပြသခဲ့ပါတယ်။
Evergrande ရဲ့ ကျရှုံးမှုဟာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို မဖြစ်ပေါ် စေသော်လည်း ၎င်းဟာ အခြားတရုတ် အိမ်ခြံမြေ ကုမ္ပဏီများအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါတယ်။
ဒါတွေဟာ တရုတ်နိုင်ငံရဲ့ထွန်းကားနေတဲ့ အိမ်ခြံမြေစျေးကွက် အပေါ် သက်ရောက်မှုရှိတယ်ဟု ကျွမ်းကျင်သူများစွာက ယုံကြည်နေကြပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။