ဂီဇာမဟာပိရမစ်ကြီးဟာ ၎င်းရဲ့အခန်းတွေအတွင်းမှာ လျှပ်စစ်သံလိုက်စွမ်းအင်ကို တုံ့ပြန်နိုင်ပြီး မပြီးဆုံးသေးတဲ့ အခန်း တည်ရှိရာ ၎င်းရဲ့အခြေအောက်မှာလည်း ကောင်းစွာ တုံ့ပြန်နိုင်တာကို တွေ့ရပါတယ်။
အီဂျစ်ဟာ ဒဏ္ဍာရီတွေ၊ နားမလည်နိုင်တဲ့ အရာတွေဖြင့် ဝန်းရံထားတဲ့ နိုင်ငံ ဖြစ်ပြီး ဂီဇာ ကုန်းပြင်မြင့်ရှိ ပိရမစ်တွေ ဟာလည်း အပါအဝင် ဖြစ်ပါတယ်။
ရာစုနှစ် များစွာ ကြာအောင် လေ့လာ ခဲ့သော်လည်း ပိရမစ်တွေကို ဘယ်လို တည်ဆောက် ခဲ့တယ် ဆိုတာကို ပညာရှင်တွေ အပြည့်အစုံ မရှင်းပြနိုင်သေးပါဘူး။
ဂီဇာမဟာပိရမစ်ကြီးဟာ ဒဏ္ဍာရီတွေနဲ့ ဖုံးလွှမ်းနေပြီး စိတ်မကောင်းစရာ ကောင်းတာ တစ်ခုက ကျွန်ုပ်တို့မှာ တည်ဆောက်ပုံနှင့် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေနဲ့ ပတ်သတ်ပြီး သိပ္ပံနည်းကျ ယုံကြည်စိတ်ချရတဲ့ အချက်အလက် အနည်းငယ်မျှသာ ရှိခြင်းပဲ ဖြစ်ပါတယ်။

အဆိုပါ ပိရမစ်ကြီးကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက တည်ဆောက်ခဲ့တာ ဖြစ်ပြီး တခြားနဲ့ မတူတဲ့ အတွင်းပိုင်း တည် ဆောက်ပုံတစ်ခု ဖြစ်တယ်ဟု သိရပါတယ်။
Khufu ပိရမစ် သို့မဟုတ် Cheops ပိရမစ်ဟုလည်း ရည်ညွှန်းကြပြီး ၎င်းဟာ ဂီဇာ ပိရမစ်တွေရဲ့ ရှုပ်ထွေးတဲ့ ပိရမစ်သုံးခုမှာ ရှေးအကျဆုံးဖြစ်ပါတယ်။
၂,၅၆၀ ဘီစီ ဝန်းကျင်က အနှစ် ၂၀ အတွင်း တည်ဆောက်ခဲ့တဲ့ အဆိုပါ အဆောက်အအုံကို အုတ်ဂူ တစ်ခုအဖြစ် တည် ဆောက် ခဲ့ကြတာဖြစ်တယ်ဟု (မှန်ကန်ပြီး ခိုင်လုံသော အချက်အလက်မရှိသော်လည်း) ခေတ်ရေစီးကြောင်း ပညာရှင်များက အခိုင်အမာ ယုံကြည်နေကြတာပါ။
၎င်းပိရမစ်ကြီးဟာ အစောပိုင်းကာလတုန်းက ၁၄၆.၅ မီတာ (၄၈၁ ပေ) မြင့်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နှစ်ပေါင်း ၃၈၀၀ ကျော်အတွင်း အမြင့်ဆုံးသော လူလုပ်တည်ဆောက်မှုလည်း ဖြစ်ပါတယ်။
ကမ္ဘာမြေကြီးပေါ်မှာ တည်ရှိနေသမျှ ကာလပတ်လုံး သူ့ရှေ့မှာ ရပ်နေသူတိုင်းရဲ့ အံ့ဖွယ်လေးစားမှုကို ဖြစ်စေပါတယ်။
အရှုပ်အထွေးဆုံး ဖြစ်စေတဲ့ နောက်ဆုံး လေ့လာမှု တခုကို ITMO University (Russia) နဲ့ Laser Zentrum Hannover (Germany) က သိပ္ပံပညာရှင်တွေက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒနည်းတွေကို အသုံးပြုပြီး သိပ္ပံပညာရှင်တွေဟာ ရေဒီယိုလှိုင်းတွေကို မဟာပိရမစ်ကြီးရဲ့ လျှပ်စစ်သံလိုက် တုံ့ပြန်မှုကို စူးစမ်းလေ့လာခဲ့ကြပါတယ်။
ပိရမစ်ကြီးဟာ လျှပ်စစ်သံလိုက် စွမ်းအင်ကို တုံ့ပြန်နိုင်ပြီး ပဲ့တင်ထပ်တဲ့ လျှပ်စစ်သံလိုက် တုံ့ပြန်မှုပုံစံကို ဖန်တီးခဲ့ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
တကယ်တော့ မြင်ရတဲ့အလင်းရောင်၊ ရေဒီယိုလှိုင်းများနှင့် မိုက်ခရိုဝေ့ဖ်များ အပါအဝင် လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်များဟာ တုန်ခါနေတဲ့ လျှပ်စစ်နှင့် သံလိုက် စက်ကွင်းများရဲ့ ဖြာထွက်နေတဲ့ လှိုင်းများဖြစ်ပြီး ၎င်းတို့ဟာ ကျွန်ုပ်တို့ ပတ် ဝန်းကျင်မှာ အချိန်တိုင်းရှိနေပါတယ်။
တွက်ချက်မှုတွေကို အသုံးပြုပြီး ပဲ့တင်ထပ်နေတဲ့ အခြေအနေမှာ အဆိုပါ ပိရမစ်ကြီးဟာ ၎င်းရဲ့ အခန်းတွေအတွင်းမှာ လျှပ်စစ်သံလိုက်စွမ်းအင်ကို စုစည်းပြီး မပြီးဆုံးသေးတဲ့ အခန်းတည်ရှိရာ ၎င်းရဲ့ အောက်ခြေထိ ဖြန့်ကျက် တည်ရှိနေကြောင်း သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။

လျှပ်စစ်သံလိုက်စွမ်းအင်ကို တုံ့ပြန်နိုင်ခြင်း
သိပ္ပံပညာရှင်တွေဟာ ပိရမစ်ကြီးဆီကနေ ၎င်းတို့ရဲ့ လျှပ်စစ်သံလိုက်တုံ့ပြန်မှုပုံစံ ရရှိခဲ့တာကို တွေ့ရှိခဲ့ရပြီး ဒါဟာ ပျက်စီးပျောက်ကွယ်မည့် အပိုင်းကို တွက်ချက်ပြီးနောက် ပိရမစ်ကြီးရဲ့ လျှပ်စစ်သံလိုက် စွမ်းအင်တွေ ဘယ်လို ပြန့်ကျဲနေသလဲ သို့မဟုတ် စုပ်ယူ နေသလဲဆိုတာကို ခန့်မှန်းနိုင်ခဲ့ကြပါတယ်။
များပြားလှတဲ့ ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုပြီး ပိရမစ်အခန်းတွေအတွင်း ပြန့်ကျဲနေတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို သိပ္ပံ ပညာရှင်တွေက အတည်ပြုနိုင်ခဲ့ကြပါတယ်။
“ပိရမစ်တွေရဲ့ ဂုဏ်သတ္တိတွေကို စုံစမ်းစစ်ဆေးဖို့ ခေတ်မီရုပ်ပိုင်းဆိုင်ရာနည်းလမ်းတွေနှင့် ချဉ်းကပ်မှုတွေကို အသုံးချခြင်းဟာ အကျိုးဖြစ်ထွန်းစေတယ်” ဟု သိပ္ပံပညာရှင်တွေက စာတမ်းမှာ ဖော်ပြထားပါတယ်။
ဒါဟာ အဆိုပါ ပိရမစ်ကြီးရဲ့ စိတ်ဝင်စားဖွယ် အချက်အလက် အသစ် တွေကို ရရှိစေတယ် ဟုလည်း ဆိုပါတယ်။
အီဂျစ်ပိရမစ်တွေဟာ အမြဲတမ်း အာရုံစိုက်မှု ကို ခံရပြီး သိပ္ပံပညာရှင်များအနေနှင့် ပီရမစ်ကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများအကြောင်း သတင်းအချက်အလက် နည်းပါးမှုကြောင့် ရေဒီယိုလှိုင်းတွေ အသုံးပြုပြီး လေ့လာရာမှာတော့
အတွင်းပိုင်းမှာ အမည်မသိ အပေါက်တွေ မရှိဘူးလို့ ယူဆရပြီး သာမန် ထုံးကျောက်ရဲ့ ဂုဏ်သတ္တိ ရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပိရမစ်အတွင်းရော အပြင်မှာပါ တွေခဲ့ရပါတယ်။

ဒီယူဆချက်တွေကြောင့် အရေးကြီးတဲ့ လက်တွေ့အသုံးချမှုတွေကို ရှာတွေ့နိုင်တဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ရလဒ်တွေကိုလည်း ရရှိခဲ့ပါတယ် ဟု သုတေသီတွေက ဆိုပါတယ်။
တစ်ချို့သော ပညာရှင်တွေက ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ ပိရမစ်ရဲ့လျှပ်စစ်သံလိုက် ဂုဏ်သတ္တိများ အကြောင်းကို သိကြတယ်ဟု ဆိုသော်လည်း တစ်ချို့ပညာရှင်တွေကတော့ ဒါဟာ ပိရမစ်တွေတည်ရှိပုံရဲ့ စိတ်ဝင်စားဖွယ် တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်တယ်ဟု ငြင်းခုံနေကြတုန်းပဲ ဖြစ်ပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။