တရုတ်နိုင်ငံ မြောက်ပိုင်းရှိ သုတေသီများ ပါဝင်တဲ့ အဖွဲ့ တဖွဲ့ဟာ ကမ္ဘာ့ အမာကြောဆုံး ဖန်ထည် ပစ္စည်းတခုကို ဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖန်ထည်ဟာ ဖောက်ထွင်းမြင်နိုင်ပြီး၊ အဝါ အကြည်ရောင် AM-III ရှိကာ အလွန်မာကြောကြောင်းကို SCMP သ တင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
တခုလုံးကို ကာဗွန်ဖြင့် ပြုလုပ်ထားသည့် ဒီ ဖန်ထည်၏ Vickers မာကြောမှု စွမ်းရည် စစ်ဆေးရာမှာ 113 gigapascals (GPa) အထိ ရောက်ရှိခဲ့ပါတယ်။
အကိုးအကား အရ ကြည့်မယ်ဆိုပါက သဘာဝ စိန်တွေဟာ GPa စကေးတွင် ၅၀ မှ ၇၀ ကြားသာ ရှိတတ်တာ ဖြစ်ပါတယ်။
ဒီ သုတေသန ပြုလုပ်မှုကို ဦးဆောင်တဲ့ ချင်ဝှမ်းဒေါင် ဆိပ်ကမ်းမြို့ရှိ ရန်ရှန်း တက္ကသိုလ်၏ ပါမောက္ခ တျင်းယုံကျွင်း မှ National Science Review ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ တျင်းယုံကျွင်း နှင့် အဖွဲ့ဟာ မျက်စိဖြင့် မြင်နိုင်တဲ့ ကမ္ဘာ့ အမာဆုံး ဘိုရွန် နိုက်ထရိုက် ပစ္စည်းကို ဖန်တီးနိုင်ခဲ့ပြီး ၎င်းဟာ စိန်ထက် ၂ ဆလောက် မာကြောတဲ့ ၂၀၀ Gpa စကေး လောက်အထိ ရှိပါတယ်။
ယခု တီထွင် လိုက်တဲ့ အဝါရောင် AM-III ကို ရတနာဖြစ်တဲ့ စိန်များ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ လက်ရှိ ဈေးကွက်ထဲတွင် ရရှိနေတဲ့ ကျည်ကာမှန်တွေထက် အဆ ၂၀ မှ ၁၀၀ အထိ ပိုမိုခံနိုင်မယ့် ကျည်ကာမှန်တံခါးများမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို အသုံးမပြုနိုင်ခင်မှာ သုတေသီများ အဖွဲ့ဟာ စီလီကွန်လောက် ထိရောက်မှုရှိတဲ့ semiconductor ပစ္စည်းများကို စမ်း သပ် မှုများစွာ ဆက် လက်ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
ဆိုလိုတာက ဒီပစ္စည်းများကို ပြင်းထန်တဲ့ အခြေအနေများတွင် အသုံးပြုနိုင်မယ့် photoelectric လက်နက်များအဖြစ် အ သုံးပြုဖို့ အလား အလာ ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။
ဒီလို မာကျောတဲ့ ပစ္စည်းကို ရရှိနိုင်ဖို့ တျင်းယုံကျွင်းတို့ အဖွဲ့ဟာ အပူချိန် ၁,၂၀၀ ဒီဂရီ စင်တီဂရိတ် နှင့် ဖိအား ၂၅ GPa အထိ ရောက်ရှိနိုင်မယ့် စမ်းသပ်ခန်းတခုကို အသုံးပြုခဲ့ ရပါတယ်။

စိန်ကဲ့သို့ မာကျောတဲ့ အနေအထားကို ရောက်ရှိဖို့အတွက် fullerence လို့ခေါ်တဲ့ ဘောလုံးပုံစံ allotrope ကာဗွန်ကို အသုံး ပြုခဲ့ပြီး အပူချိန်ကို တဖြည်းဖြည်း မြှင့်တင်ပေးပြီး နောက် ညီမျှစွာ အအေးခံကာ လိုချင်သည့် ရလဒ်ကို ရစေခဲ့ပါတယ်။
နည်းပညာအရပြောရရင် AM-III ဟာ ပုံဆောင်ခဲများနှင့် ပြုလုပ်ထားသည့် ဖန်ထည်ပစ္စည်း တခု ဖြစ်ပါတယ်လို့ တျင်းယုံကျွင်း ပြောပါတယ်။
အဆိုပါ ပစ္စည်း၏ အက်တမ်များဟာ semiconductivity ကို ဖြစ်စေဖို့အတွက် ဖရိုဖရဲ ပုံစံဖြင့် ရှိနေပြီး အက်တမ်များကို ချိန်ညှိပေးသည့် အပိုင်းများ ရှိတဲ့အခါမှာ ၎င်း၏ မာကြောမှုကို ရရှိစေတာဖြစ်ပါတယ်။
မငြိမ်မသက်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံ ပေါင်းစုမှုတို့ကြောင့် ယခင်က တွေးတောင် မတွေးမိတဲ့ အသုံးချမှုတွေအတွက် ဒီပစ္စည်းကို အသုံး ပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီလို မာကြောတဲ့ ဖန်ထည်ပစ္စည်းတွေကို အနာဂါတ်မှာ ကျည်ကာမှန်အဖြစ် အသုံးပြုမှာလား၊ လေဆာလက်နက်များမှာ အသုံးပြုမှာလား ဒါမှ မဟုတ် ကျွန်တော်တို့ မကြားဖူးသေးတဲ့ အသုံးချမှုတွေမှာ အသုံးပြုမှာလား စိတ်ဝင်စားစရာ ပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။