အမေရိကန် နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်မှု ကွပ်ကဲရေးဌာနချုပ်မှ ဗိုလ်ချုပ်ကြီး Timothy M. Ray ဟာ အမေရိကန်အနေဖြင့် အဆင့်မြှင့်တင်ထားသည့် နျူကလီးယား လက်နက်ကြီး ၃ မျိုး ကို မဟာဗျူဟာမြောက် အတားအဆီးအဖြစ် ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်း အလေးပေး ပြောကြားထားပါတယ်။
Nuclear triad လို့ခေါ်တဲ့ အမေရိကန်၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်ကြီး ၃ မျိုး တွင်
- တိုက်ချင်းပစ် ဒုံးပျံများ (ICBM)
- ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် နျူကလီးယား လက်နက်များ
- နျူကလီးယား တင်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ်များ (B-2 နှင့် B-52) ပါဝင်ပါတယ်။

အဆိုပါ လက်နက်ကြီး ၃ မျိုးအကြောင်း အသေးစိတ်ကို “အမေရိကန် မဟာဗျူဟာ နျူလက်နက်ကြီး ၃ မျိုး နှင့် ရေငုပ်သင်္ဘောများကို ရိက္ခာဖြည့်တင်းပုံ” တွင် ဖတ်ရှုနိုင်ပါတယ်။
တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ တိုးတက်မှုဟာ အနေအထား အမျိုးမျိုးမှ ဆက်လက် တိုးတက်နေတာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် တရုတ်၏ သင်္ဘော ဆောက်လုပ်ရေး လုပ်ငန်းများဟာ လေယာဉ်တင် သင်္ဘောသစ်ကြီးများ၊ ကုန်းရေ နှစ်သွယ် ရဟတ်ယာဉ်တင် စစ်ဆင်ရေး သင်္ဘောများ နှင့် ဖျက်သင်္ဘောများကို ထိတ်လန့်ဖွယ် အရှိန်အဟုန်နှင့် တည်ဆောက်နေပါတယ်။
ဒါ့အပြင် တရုတ်၏ သံချပ်ကာယာဉ် ထုတ်လုပ်ရေး အင်ဂျင်နီယာ များမှလည်း စစ်သည်တင် သံချပ်ကာ ယာဉ်သစ်များ နှင့် ရွေ့လျား အမြောက် စနစ်များကို မြန်ဆန်စွာ ထုတ်လုပ်နေပါတယ်။
လက်နက် တီထွင် ထုတ်လုပ်သူများဟာလည်း ကြီးမားတဲ့ အရေအတွက် ရှိတဲ့ ဒရုန်းအသစ်များ နှင့် တိုက်ခိုက်ရေး စက်ရုပ်စနစ်များကိုတောင် ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြပါတယ်။

အဲဒီ့အရာတွေထက် အကြီးဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး အချက်ကတော့ တရုတ်ဟာ နျူကလီးယဦး လက်နက်တွေကို အရှိန်အဟုန်ဖြင့် ဆက်လက် ဖြည့်တင်းနေတာဖြစ်တယ်လို့ အမေရိကန် အကြီးတန်း ခေါင်းဆောင် အများအပြားက ဆိုပါတယ်။
“တရုတ်နိုင်ငံ နျူကလီးယား အစီအစဉ်၏ လမ်းကြောင်းနှင့် ပတ်သက်ပြီး စိတ်ရှုပ်စရာကောင်းတဲ့ ပေါ်လွင်လာမှု တခုပါ။ တရုတ်ဟာ ယခု ဆယ်စုနှစ်ကုန်လောက်မှာ ၎င်း၏ နျူကလီးယား လက်နက် အရေအတွက်ကို ၂ ဆ တိုးဖို့ စီစဉ်နေပါတယ်။” လို့
ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်မှု ကွပ်ကဲရေးဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Timothy M. Ray က ၂၀၂၁ ခုနှစ် လေတပ်ဆိုင်ရာ အဖွဲ့အစည်း စာတမ်းဖတ်ပွဲ တခုမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
၎င်း၏ စိုးရိမ်မှုဟာ ပင်တဂွန်စစ်ဌာနချုပ်၏ ၂၀၂၀ ခုနှစ် တရုတ်စစ်ဘက်ဆိုင်ရာ အစီရင်ခံစာက အစပြုလာတာ ဖြစ်ပြီး ဘေဂျင်းဟာ လာမယ့် ၅ နှစ်အတွင်းမှာ intercontinental ballistic missiles (ICBMs) လို့ ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ပေါင်း ၂၀၀ လောက်အထိ ရှိလာမယ့် လို့ ခန့်မှန်းထားပါတယ်။

စစ်ရေး ချဲ့ထွင်မှု အစိတ်အပိုင်း တခု အနေဖြင့် တရုတ်ဟာ သမားရိုးကျနှင့် နျူကလီးယား ထိပ်ဖူး ၂ မျိုးစလုံး မြေပြင်မှ တပ်ဆင် ပစ်လွှတ်နိုင်သည့် တာဝေးပစ် DF-26 သင်္ဘောဖျက် ဒုံးကျည်များကို အများအပြား တိုးချဲ့ ထုတ်လုပ်နေတာပါ။
ဒီလို တိုးချဲ့နေပေမယ့် တရုတ်ဟာ အမျိုးမျိုးသော စစ်လက်နက်ဆိုင်ရာ ထိန်းချုပ်ရေး ဆွေးနွေးမှုများတွင် ပါဝင်ရန် ဆန္ဒရှိလို့ လုပ်ဆောင်နေတာ ဖြစ်နိုင်ပေမယ့် နျူကလီးယား လက်နက်တိုးချဲ့မှု အပေါ်ကိုတော့ အလွန်အမင်း အကောင်းမြင်လို့တော့ မရနိုင်ဘူးလို့ Ray က ဆိုပါတယ်။
ထိုသို့ တိုးချဲ့မှုအပြင် ပွင့်လင်း မြင်သာမှု မရှိခြင်းက အမေရိကန်အတွက် သိသိသာသာ စိုးရိမ်စရာ ဖြစ်တယ်လို့ ၂၀၂၀ ခုနှစ်က ပင်တဂွန်ရဲ့ အစီရင်ခံစာတွင် ရှင်းပြထားပါတယ်။
ဒါ့ကြောင့် အဆိုပါ ခြိမ်းခြောက်မှုတွေကြောင့် အာရှဘက်တွင် အမေရိကန်၏ နျူကလီးယား လက်နက်ကြီး ၃ မျိုးကို ဆက်လက် ထိန်းသိမ်း လည်ပတ်စေခြင်းဟာ အရေးပါတယ်လို့ Ray က သတ်မှတ်ထားပါတယ်။

အမေရိကန်နှင့် မဟာမိတ် နိုင်ငံများဟာ အိန္ဒိယနှင့် B-1 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ တွဲဖက် ပျံသန်းသကဲ့သို့ နျူကလီးယား လက် နက် တင်ဆောင်နိုင်သည့် B-2 နှင့် B-52 ဗုံးကြဲလေယာဉ်ကြီးများနှင့် ကင်းလှည့်မှုများကို အောင်မြင်စွာ ဆက်လက် ဆောင်ရွက်လျှက်ရှိနေဆဲဖြစ်ပါတယ်။
လက်ရှိမှာ လေတပ်ဟာ ဗုံးကြဲလေယာဉ်တပ်ဖွဲ့ကြီးများနှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မှုကို လက်ရှိ နယ်ပယ်ထက် ကျော်လွန်ပြီး တိုးချဲ့လာနေတယ်လို့ Ray က ရှင်းပြ ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။