Kawasaki ဟာ အလွန်ကောင်းတဲ့ မော်တော်ဆိုင်ကယ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတခုအဖြစ် ကမ္ဘာမှာ လူသိများပါတယ်။
လက်ရှိ ကုမ္ပဏီဟာ စက်ရုပ် နှင့် ဒရုန်းများ ထုတ်လုပ်ရေးတွင် အာရုံစိုက်နေပြီး မကြာသေးမီကဘဲ ၎င်းတို့၏ နောက်ဆုံး ဒရုန်းနှင့် သယ်ယူပို့ဆောင်ရေး စက်ရုပ်ကို ပြသခဲ့ပါသေးတယ်။
အဲဒီ့အကြောင်းကို “Kawasaki ရဲ့ မောင်းသူမဲ့လေယာဥ်နှင့် တွဲဖက် အသုံးပြုမည့် သယ်ယူ ပို့ဆောင်ရေး စက်ရုပ်” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဆိတ်စက်ရုပ်
အခု ထပ်မံ တီထွင်လိုက်တာကတော့ Bex လို့ အမည်ပေးထားတဲ့ ဆိတ်စက်ရုပ်ပါ။

ဟုတ်ပါတယ်။ ထူးထူးခြားခြား လုပ်ဆောင်တတ်တဲ့ ကိုရွှေဂျပန်တို့ ထုံးစံအတိုင်း ဒါဟာ ဟာသတခု သို့မဟုတ် ကစားစရာ တခုတော့ မဟုတ်ပါဘူး။
ဒီစက်ရုပ်ဟာ လူတယောက်ကို ကျောပေါ်မှာ တင်ပြီး ကောင်းကောင်းသွားလာနိုင်စွမ်း ရှိပါတယ်။
စက်ရုပ်ကို တိုကျိုမြို့မှာ ပြုလုပ်ခဲ့တဲ့ International Robot Exhibition နိုင်ငံတကာ စက်ရုပ်ပြပွဲ တွင် ပြသခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ကုမ္ပဏီ၏ ၂၀၁၅ ခုနှစ်ကတည်းက လုပ်ဆောင်နေတဲ့ ခြေလေးချောင်းတပ် စက်ရုပ် စီမံကိန်း Kaleido ၏ ထုတ်ကုန်တခုလည်း ဖြစ်ပါတယ်။
အဆိုပါ စက်ရုပ်ဟာ မြေမျက်နှာပြင် မျိုးစုံမှာ သွားလာနိုင်စွမ်းရှိပြီး ၎င်းကို ဥရောပ၊ အာရှနှင့် အာဖရိက တိုက်ကြီးများတွင် တွေ့ရှိရတတ်သည့် Ibex တောင်ဆိတ်ရိုင်းများကို အတုယူကာ ဖန်တီးထားတာပါ။
Kawasaki မှ ၎င်း၏ စက်ရုပ်ဟာ လှည့်ပတ် ကြည့်ရှု စစ်ဆေးခြင်း လုပ်ငန်းများကို အဝေးထိန်းစနစ်ဖြင့် လုပ်ဆောင်နိုင်ပြီး အလေးချိန် ပေါင် ၂၂၀ လောက်အထိ သယ်ဆောင်နိုင်တယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။

ဘာလို့ ဆိတ်လို့ အမည်ပေးရတာလဲ
စက်ရုပ်သစ်တွင် ခြေထောက်တွေကို ခေါက်ပြီး ချောမွေ့သည့် မျက်နှာပြင်များပေါ်မှာ လျှင်မြန်စွာ ရွေ့လျားနိုင်တဲ့ ဘီးများကိုလည်း တပ်ဆင်ထားပါတယ်။
ဒါ့ကြောင့် အင်ဂျင်နီယာများဟာ စက်ရုပ်ကို စွယ်စုံ အသုံးပြုလို့ရနိုင်အောင် ရှင်းရှင်းလင်းလင်း လုပ်ဆောင်ခဲ့ပြီး အတိုင်းအတာ တခုအထိပင် အောင်မြင်ခဲ့ပါတယ်။
တပ်ဆင်ထားသည့် ဆိတ်ခေါင်းနှင့် မီးတွေကတော့ လုံးဝကို မလိုအပ်ဘဲ အဖွဲ့အနေဖြင့် သတင်းထုတ်ရာတွင် ဆွဲဆောင်နိုင်စေဖို့ ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။
တကယ်လည်း ပြပွဲအတွင်းမှာ ဒီစက်ရုပ်ဟာ လူတိုင်း၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
Kawasaki ကုမ္ပဏီ အနေဖြင့် စက်ရုပ်အတွက် ပေးထားသည့် နာမည်ဟာ ရယ်စရာ ကောင်းပေမယ့် စိတ်ဝင်စားမှု ရရှိဖို့ မျှော်လင့်ခဲ့တာ ဖြစ်နိုင်ပါတယ်။

နောက်ထပ် စဉ်းစားစရာတခုက အခြား ခြေလေးချောင်း စက်ရုပ်များအတွက် ခွေးစက်ရုပ်ကဲ့သို့ အသုံးအနှုန်းမျိုးတွေ အ များ အပြား သုံးပြီးဖြစ်ပါတယ်။
အဲဒီ့အတွက် ကုမ္ပဏီ အနေဖြင့် သူများနှင့် မတူ တမူထူးခြား စေရန်အတွက် ဒီအမည်ကို ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။
လူကို တင်ပြီး သွားလာလို့ရတဲ့ စက်ရုပ် ဖြစ်တဲ့အတွက် ဆိတ်စက်ရုပ် လို့ အမည်ပေးတာထက်စာရင် မြင်းစက်ရုပ်ကတော့ ပိုပြီးလှမယ် ထင်ပါတယ်။
Kawasaki ရဲ့ ဆိတ်စက်ရုပ်ဟာ Boston Dynamics ရဲ့ စက်ရုပ်တွေကို ယှဉ်နိုင်မှာလား ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။