ဆိတ်တွေရဲ့ ထူးခြားတဲ့ သူငယ်အိမ်နဲ့ ၎င်း၏ အကျိုးကျေးဇူး

Knowledge Nature

သင့်အနေနဲ့ ဆိတ်တွေနဲ့ မနီးစပ်ဘူးဆိုရင် ခေါင်းစဉ်ကို မြင်လိုက်ရတာနဲ့ “ဆိတ်ရဲ့ မျက်လုံးက အဲလို ပုံစံလား” ဆိုပြီး တွေးကောင်း တွေးမိ နိုင်ပါတယ်။

ဒါပေမယ့် အဲဒါပုံမှန်ပါပဲ။ တော်တော်များများဟာ ဆိတ်တွေရဲ့ မျက်လုံးက သူငယ်အိမ်ပုံစံကို သတိမထားမိကြပါဘူး။

ဆိတ်တွေမှာ လူတွေ၊ ကြောင်တွေ၊ ခွေးတွေနှင့် မတူညီတဲ့ အလျားလိုက် ရှည်မျောမျော သူငယ်အိမ်ကို ပိုင်ဆိုင်ထားကြပြီး အဲဒီ့ အတွက် တခါတလေမှာ ၎င်းတို့ကို ကြည့်ရင် အတော်ကို ကြောင်တောင်တောင်နိုင်ပါတယ်။

လေ့လာမှု တခုမှာတော့ အမြင် အာရုံဆိုင်ရာ သိပ္ပံပညာရှင် တယောက်ဖြစ်တဲ့ Martin Banks ဟာ ဒီလို သူငယ်အိမ် ကွဲပြားမှု တွေဟာ တိရစ္ဆာန်များ၏ မတူညီတဲ့ အစာကွင်းဆက်များကြောင့် ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Banks နှင့် သူရဲ့ အဖွဲ့ဟာ မတူညီတဲ့ တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၂၁၄ မျိုးလောက်ကို လေ့လာခဲ့ပြီး ၎င်းတို့၏ သူငယ်အိမ် ပုံစံနှင့် ဂေဟစနစ်ဆိုင်ရာ အခန်းကဏ္ဍ အကြားမှာ ပြတ်သားတဲ့ ဆက်စပ်မှု တွေကို တွေ့ရှိခဲ့ရပါတယ်။

သားကောင်များကို ချောင်းမြောင်း တိုက်ခိုက်တတ်ပြီး အစာအဖြစ် စားသုံးတတ်ကြတဲ့ တိရိစ္ဆာန်များမှာတော့ သူငယ်အိမ်ဟာ ဒေါင်လိုက် ရှိတတ်ကြတာကို တွေ့ရပါတယ်။

မုဆိုး နှင့် သားကောင် သူငယ်အိမ်ပုံစံ ကွဲပြားမှုကြောင့် အမဲလိုက်သည့် တိရိစ္ဆာန်နှင့် အမဲလိုက်ခံရသည့် တိရိစ္ဆာန် တို့ အသီးသီးမှာ အားသာချက်တွေ ရှိကြပါတယ်။

အဲဒီ့ အကျိုးကျေးဇူးများဟာ ဘယ်လိုမျိုးလဲဆိုတာ သိရှိနိုင်ဖို့ သုတေသီများဟာ သားကောင်များ၏ ပုံသဏ္ဍာန်နှင့် သားကောင်များ၏ ကွဲ ပြားသော အမြင်အာရုံ လိုအပ်ချက်များကို မည်သို့ ဆောင်ရွက်ပေးတယ်ဆိုတာကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဆိတ်များနှင့် အခြား သမင်၊နွား၊ ကြွက် စသည့် သတ္တဝါများတွင် ၎င်းတို့အား အမဲလိုက်ခြင်း မခံရနိုင်ရန်အတွက် ရိုးရှင်းတဲ့ နည်းဗျူဟာ တခု ရှိပါတယ်။

အဲဒါကတော့ အန္တရာယ်ကို အမြဲသတိပြုပြီး တခုခုကို မြင်တာနဲ့ ပြေးတာပါပဲ။

၎င်းတို့အတွက် ဒီလိုဗျူဟာကို ပံ့ပိုး ပေးနိုင်ဖို့အတွက် မျက်လုံးများဟာ ကိစ္စ ၂ မျိုးကို လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

အဲဒါကတော့ “တဖက်မှာ လမ်းကြောင်းအမျိုးမျိုးမှ ချဉ်းကပ်လာမယ့် သားရဲများကို ရှာဖွေတွေ့ရှိဖို့ မြင်ကွင်းကျယ် လိုအပ်ပြီး တခြား တ ဖက်မှာတော့ ကြမ်းတမ်းသည့် မြေမျက်နှာသွင်ပြင်မှဦ လျင်မြန်စွာ ရွေ့လျားနိုင်ဖို့ လမ်းညွှန်ပေးနိုင်သည့် ပြတ်သားသည့် မြင်ကွင်းပဲ ဖြစ်ပါတယ်။” လို့ သုတေသီများက ဆိုပါတယ်။

အလျားလိုက် သူငယ်အိမ်များဟာ အဲဒီလို နေရာမှာ ကောင်းကောင်း အကူအညီပေးပြီး ဒေါင်လိုက် သူငယ်အိမ် သို့မဟုတ် အဝိုင်းထက် ပိုကျယ် ပိုတိုပြီး ပြတ်သားတဲ့ မြင်ကွင်းကို ဖန်တီးပေးပါတယ်။

ရှည်လျားတဲ့ အလျားလိုက် သူငယ်အိမ်များဟာ တိရိစ္ဆာန် ရှေ့နှင့်နောက်ရှိ အရာဝတ္ထုများ၏ ရုပ်ပုံ အရည်အသွေးကို မြှင့်တင်ပေးပြီး မျက် လုံးဟာ မြေပြင် တလျှောက် အလင်းရောင်ကို ပိုမို ဖမ်းယူနိုင်စေကာ ခေါင်းပေါ်ရှိ အလင်းရောင်ကို လျော့နည်းသွားစေရန် ကူညီပေးပါတယ်။

ဒါပေမယ့် မြေပြင်နှင့် သူငယ်အိမ် ဟာ လိုက်လျောညီထွေ တတန်းထဲ ဖြစ်မနေရင်တော့ ဒီလို အကျိုးကျေးဇူး ရရှိမှာ မဟုတ်ပါဘူး။

တိရိစ္ဆာန်ရုံတွင် သုတေသီများ၏ လေ့လာမှုများအရ တိရိစ္ဆာန်များဟာ မော့နေသည်ဖြစ်စေ အစာစားနေသည်ဖြစ်စေ ၎င်းတို့၏ မျက်လုံးများဟာ မြေပြင်နှင့် တသမတ်ထဲ ဖြစ်အောင် လိုက်လည်ပေးနေတာကို တွေ့ရှိရပါတယ်။

အန္တရာယ်တခု ကြုံတွေ့တဲ့အခါ ပြန်လည် မတုန့်ပြန်နိုင်ဘဲ သူ့ပတ်ဝန်းကျင်ကိုသာ သတိထားပြီး ပြေးလွှားရလေ့ရှိတဲ့ တိရိစ္ဆာန်တွေ အတွက်တော့ ရှည်လျားပြီး အလျားလိုက် ရှိတဲ့ သူငယ်အိမ်များဟာ စံပြပုံစံ ဖြစ်ပုံ ရတယ်လို့ သုတေသီများက ဆိုပါတယ်။

ဒါ့ကြောင့် အခြားနည်းဖြင့် ပြောရမယ်ဆိုရင်တော့ ဆိတ်တွေဟာ ၎င်းတို့ အသက်ကို ကယ်ဖို့ ကူညီပေးနိုင်တဲ့ ထူးဆန်းတဲ့ မျက်လုံးများ ရှိသည် ပေါ့။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.