မြေပုံတွင် လေထုညစ်ညမ်းမှု အနေအထားကိုပါ ပြသဖို့ ကြိုးစားနေတဲ့ Google Street View

Innovation Tech

Google Street View ဟာ Google မြေပုံပေါ်မှနေပြီး နေရာများကို တကယ် ရောက်နေသည့်အလား ကြည့်ရှုနိုင်တဲ့ Google Maps ၏ feature တခုပဲ ဖြစ်ပါတယ်။

နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Google ဟာ ၎င်းရဲ့ မြေပုံ အသုံးပြုသူများကို ပတ်ဝန်းကျင်တွင် လေထု ညစ်ညမ်းမှု ရှိမရှိကိုပါ Google Street View တွင် ပြသနိုင်ဖို့ ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

Tech Crunch ၏ အဆိုအရ Google ဟာ ၂၀၁၈ ခုနှစ်ကတည်းက Google Street View ကား ၅၀ လောက်တွင် ဆန်ဖရန်စစ္စကို အခြေ စိုက် Aclima ထုတ် အင်တာနက် ချိတ်ဆက်မှုသုံး လေထု သန့်စင်မှု တိုင်းတာရေး စက်များ တပ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ စီမံကိန်းဟာ Google အတွက် နည်းပညာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ ကုမ္ပဏီများနှင့် တွဲဖက် ပြုလုပ်ခဲ့တဲ့ စီမံကိန်းတခုလည်း ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်လောက်ကစတင်ပြီး Google ဟာ ၎င်းရဲ့ Street View ကားများကို Aclima ၏ လေထုသန့်စင်မှု တိုင်းတာရေး အာရုံခံ ကိရိယာများကို စတင်တပ်ဆင်ခဲ့ပြီး အုတ်ကလန် နှင့် ကယ်လီဖိုးနီးယား ပြည်နယ် တဝိုက်တွင် မေလ ၂၀၁၅ မှ မေလ ၂၀၁၆ ခုနှစ်အထိ မောင်းနှင်စေခဲ့ပါတယ်။

သိပ္ပံနည်းကျ လေ့လာမှု၏ ရလဒ်များအရ လေထုညစ်ညမ်းမှုနှုန်းဟာ ၅ မျိုးမှ ၈ မျိုးလောက်အထိ ကွဲပြားနိုင်ပြီး မြိုကြီးများတွင် ဘလောက် တူသည့် လမ်း တစ်လမ်းနှင့် တစ်လမ်းပင် ကွဲပြားနိုင်ကြောင်း တွေ့ရှိရပါတယ်။

Aclima တည်ဆောင်သူ Davida Herzl က Tech Crunch ဝက်ဘ်ဆိုက် သို့ “ကျွန်တော်တို့ဟာ တူညီတဲ့ လမ်းထဲမှာတောင် အကောင်းဆုံး လေထု အရည်အသွေးနှင့် အဆိုးဆုံး လေထု အရည်အသွေးတို့ကို တွေ့ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

“ဒီလိုကိစ္စတွေကို နားလည်ခြင်းဟာ မြိုပြစီမံကိန်းများကို စီစဉ်ရာမှစပြီး တကိုယ်ရေ ရာသီဥတုဒဏ် ခံစားရတဲ့အထိ အားလုံးကို ကူညီပေးသွားနိုင်မှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ကားတွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများဟာ လေထုရှိ အမှုန်အမွှားသာသာ အရာများအပြင် ကာဗွန်မိုနောက်ဆိုက်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ အိုဇုန်း နှင့် နိုက်ထရစ် အောက်ဆိုက် တို့ကို စောင့်ကြည့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကားမှ ရရှိသည့် လေထုနှင့် ပတ်သက်သည့် အချက်အလက်များကို Google BigQuery တွင် upload လုပ်ပြီးနောက် လူအများက အဆိုပါ အချက်အလက်များကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Google ၏ အဆိုအရ လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာ တစ်လမ်းဝင် တစ်လမ်းထွက် လေထု အရည်အသွေးတိုင်းတာမှုပေါင်း သန်း ၁၀၀ ကျော်ခန့် ပြုလုပ်ပြီးပြီလို့ သိရပါတယ်။

Google ဟာ ၎င်း၏ လေထု အရည်အသွေး တိုင်းတာမှု စနစ်ပါဝင်သည့် Street View ကားများကို တိုးချဲ့ဖို့ ကြိုးစားနေပြီး ပိုမိုသေးငယ်တဲ့ Aclima ထုတ် အာရုံခံကိရိယာများကို ကား ၅၀ တွင် တပ်ဆင်နိုင်ဖို့ မျှော်လင့်ရပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *