တောင်အမေရိက၏ အစိမ်းရောင် အန်နာကွန်ဒါမြွေကြီးများဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး မြွေကြီးများ အဖြစ် သတ်မှတ်ထားပါတယ်။
စပါးအုံး မြွေကြီးများ၏ အရှည်ဟာ အန်နာကွန်ဒါများထက် အနည်းငယ် ပိုမို ရှည်လျားတတ်ပေမယ့် အလေးချိန်မှာတော့ အန်နာကွန်ဒါများက ၂ ဆ လောက်ပိုမို လေးလံပါတယ်။
အစိမ်းရောင် အန်နာကွန်ဒါ မြွေကြီးများဟာ အရှည် ၂၉ ပေလောက် အထိ ကြီးထွားနိုင်ကြပြီး အလေးချိန် ပေါင် ၅၅၀ လောက်အထိ ရှိပါတယ်။
အခြား တောင်အမေရိကန်ရှိ အန်နာကွန်ဒါ မျိုးစိတ်များဟာ ယခု အစိမ်းရောင် အန်နာကွန်ဒါ မြွေများထက် အရွယ်အစား သေးငယ်ကြပါတယ်။
၎င်းတို့ဟာ ရွှံ့နွံများ၊ စိမ့်မြေများ၊ ဖြေးညင်းစွာ စီးဆင်းနေသည့် စမ်းချောင်းများ နှင့် အမေဇုန်နှင့် အိုရီနိုကို မြစ်များ၏ အပူပိုင်း မိုးသစ်တောများတွင် နေထိုင်ကြပါတယ်။
ကုန်းပေါ်မှာ နှေးကွေး လေးလံစွာ သွားလာ တတ်ကြပေမယ့် ရေထဲမှာတော့ ဖြတ်လတ်ပြီး ပေါ့ပါးကြပါတယ်။

ဦးခေါင်းပိုင်း
မျက်လုံးနှင့် နှာခေါင်းပေါက်များဟာ ဦးခေါင်း ထိပ်နားလောက်မှာ တည်ရှိတာ ဖြစ်လို့ ခန္ဓာကိုယ် တခုလုံးနီးပါး ရေထဲသို့ မြှုပ်ထားပြီး သားကောင်ကို ချောင်းမြောင်းနိုင်ပါတယ်။
အမဲလိုက်ရာတွင် တောဝက်များ၊ သမင်များ၊ ငှက်များ၊ လိပ်များသာမက ဂျာဂွားကျားသစ်များကိုပင် စားသုံးတတ်ကြကာ ကြီးမားသည့် အရွယ်အစားသို့ ရောက်ရှိလာကြပါတယ်။
အရွယ်ရောက်ပြီး အန်နာကွန်ဒါများ အတွက် ၎င်းတို့ကို အမဲလိုက်မည့် သဘာဝ တိရိစ္ဆာန်တွေ မရှိတဲ့ အတွက် အစာကွင်း ဆက်တွင် ထိပ်ဆုံးက ရပ်တည်နေပါတယ်။
၎င်းတို့ကို အဓိက ခြိမ်းခြောက်နေသည့် အရာကတော့ လူသားများသာ ရှိပါတယ်။
အစိမ်းရောင် အန်နာကွန်ဒါများဟာ အရွယ်အစား ကြီးမားပေမယ့် အဆိပ်တော့ မရှိပါဘူး။
၎င်းတို့ဟာ သားကောင်ကို အလစ်အငိုက်ယူကာ တိုက်ခိုက်တတ်ပြီးနောက် အားကောင်းလှသည့် ကြွက်သားများနှင့် ဖျစ်ညှစ်တတ်ကြပါတယ်။

Green anaconda
ရှည်လျားသည့် အရွတ်များနှင့် မေးရိုးများကို ချိတ်ဆက်ထားတာကြောင့် ပါးစပ်ကို အကျယ်ကြီး ဖွင့်နိုင်စွမ်း ရှိပါတယ်။
ဒါ့ကြောင့် အကောင်ကြီးများကို တကောင်လုံး မြိုနိုင်ကာ အစာစားပြီးပါက ရက်သတ္တပတ် သို့မဟုတ် လနှင့် ချီတဲ့ အချိန်အထိ နောက်ထပ် အစာမစားဘဲ နေနိုင်ကြပါတယ်။
အစိမ်းရောင် အန်နာကွန်ဒါ အမများဟာ ဥများကို ထိန်းသိမ်းထားပြီး အကောင်ငယ် ၂ ဒါဇင်မှ ၂ ဒါဇင်လောက် အထိ ပေါက်ဖွားစေပါတယ်။
မြွေငယ်လေးများဟာ မွေးကင်းစတွင် အရှည် ၂ ပေခန့် ရှိပြီး ၎င်းတို့ဟာ ချက်ချင်း ရေကူးနိုင်ကာ အမဲလိုက်နိုင်ပါတယ်။
အန်နာကွန်ဒါ မြွေကြီးများဟာ တောတွင်း အရိုင်းဘဝတွင် သက်တမ်းဟာ ၁၀ နှစ်လောက်သာ ရှင်သန်နိုင်စွမ်း ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 26/8/2022