ခြေထောက်နှင့်လေယာဉ်မောင်းပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့သူ

History News

မွေးကတည်းက လက်နှစ်ဖက်စလုံး မပါ‌ပေမယ့် လေယာဉ်ပျံကို ခြေထောက်နဲ့ မောင်းနှင်ပျံသန်းခဲ့တဲ့ သူကတော့ အမေရိကန်-ဖိလစ်ပိုင်လူမျိုး အမျိုးသမီး ဂျက်စီကာကော့စ်(Jessica Cox) ပဲဖြစ်ပါတယ်။

ဂျက်စီကာရဲ့ ခြေထောက်နဲ့ လေယာဉ်ပျံမောင်းတဲ့ သတင်းဟာ ကမ္ဘာကျော်ခဲ့သလို ကမ္ဘာ့စံချိန် ချိုးသူများစာရင်း ဂင်းနစ်စာအုပ်မှာ ၂၀၀၈ ခုနှစ်က စာရင်းဝင်ခဲ့သူလဲ ဖြစ်ပါတယ်။

သူမဟာ လေယာဉ်ပျံကို ခြေထောက်နှင့် မောင်းနှင်ခဲ့ရုံတင် မဟုတ်ဘဲ သာမန် ခြေလက်အစုံရှိတဲ့သူတွေထက် အလုပ်တွေလုပ်ခဲ့တဲ့သူပါ။

ဂျက်စီကာကို ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အမေရိကန်နိုင်ငံ အရီဇိုးနားမှာ အဖေ အမေရိကန်လူမျိုးနဲ့အမေ ဖိလစ်ပိုင် အမျိုးသမီးတို့ကနေ မွေးဖွားလာခဲ့သူပါ။

သူမဟာ မွေးကတည်းက လက်နှစ်ဖက်စလုံး လက်မောင်းအရင်းကနေ မပါလာခဲ့သူပါ။ မိဘတွေဟာ အရမ်းဝမ်းနည်းပေမယ့် သမီးလေးကို ငယ်စဉ်ကတည်းက စိတ်ဓါတ်မကျအောင် ၊ ကိုယ့်အားကိုယ်ကိုးတတ်အောင် ကြိုးစားဖို့ အမြဲတမ်း အားပေးနေခဲ့တာပါ။

သူမဟာ အသက် ၃ နှစ်အရွယ်မှာ ဂျွမ်းဘားအားကစား လေ့ကျင့်တယ်။ အသက် ၆ နှစ်အရွယ်မှာ လက်နှစ်ဖက်မရှိပေမယ့် ခြေထောက်နဲ့ယက်ပြီးရေကူးတတ်ခဲ့တယ်။အသက် ၁၄ နှစ်အရွယ်မှာ ဂျက်စီကာဟာ အမေရိကန် တိုက်ကွမ်ဒိုအဖွဲ့ကနေ ခါးပတ်နက်အဆင့် ရခဲ့ပါတယ်။

နောက်ပိုင်းမှာ ပိုပြီးအဆင့်မြင့်တဲ့ နိုင်ငံတကာ တိုက်ကွမ်ဒို ဖက်ဒရေးရှင်းမှာလည်း ခါးပတ်နက်အဆင့် ထပ်ရခဲ့ပြန်ပါတယ်။ခါးပတ်နက်တွေကို လက်မပါတော့ ခြေထောက်ပဲသုံးပြီး ရရှိခဲ့တာပါ။

သူမကို မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘာလို့ တိုက်ကွမ်ဒို ကစားခဲ့တာလဲလို့မေးတော့ သူမဟာ မိမိ၏ ချို့ယွင်းမှုကြောင့် မကြာခဏ စိတ်ဓါတ်ကျမိတဲ့အတွက် စိတ်ဓါတ်ကြံ့ခိုင်လာအောင်ရယ် ၊ သူမချို့ယွင်းချက်ကို မစဉ်းစားမိအောင် တိုက်ကွမ်ဒိုမှာ စိတ်ကို နစ်မြုပ်ထားခဲ့တာလို့ ဆိုပါတယ်။

သူမဟာ အထက်တန်းကျောင်းအောင်ပြီး အရီဇိုးနားတက္ကသိုလ်ကနေ စိတ်ပညာ ဘာသာရပ်နဲ့ ဘွဲ့ရထားသူလည်းဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် အရီဇိုးနား ပြည်နယ်ရဲ့ ကျား/မ မရွေး သန်စွမ်းသူရော မသန်စွမ်းသူရော ပါဝင်ယှဉ်ပြိုင်တဲ့ တိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမျိုးသားတွေကို ခြေထောက်နဲ့တိုက်ခိုက်အနိုင်ယူခဲ့လို့ အရီဇိုးနား တိုက်ကွမ်ဒိုချန်ပီယံတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဂျက်စီကာဟာ လက်နှစ်ဖက်မရှိတာကလွဲရင် ခြေလက် အပြည့်အစုံရှိတဲ့သူ‌တွေလိုပဲ သွားလာနိုင်ပါတယ်။ တက္ကသိုလ်က ဘွဲ့ရပြီး တိုက်ကွမ်ဒို ချန်ပီယံတစ်ယောက်၊ကားမောင်းလိုင်စင် ရပြီး ကားကို ကိုယ်တိုင်မောင်းနေသူပါ။

ရေနက်ထဲ ရေငုပ်တဲ့ Scuba Driver ရေငုပ်သမားလိုင်စင်လဲ ရရှိထားသူပါ။

သူမကို တိုက်ကွမ်ဒိုသင်ပေးတဲ့ တိုက်ကွမ်ဒိုဆရာ ပတ်ထရစ် ချိန်ဘာလိန် နဲ့ လက်ထပ်ပြီး သာယာစိုပြေ အိမ်ထောင်လေးတစ်ခုလည်း တည်ဆောက်ထားပါတယ်။

ဒါပေမယ့် ဂျက်စီကာအတွက်တော့ သူမရဲ့ဘဝကို ဒီလောက်နဲ့မတင်းတိမ်ပဲ ငယ်စဉ်ကတည်းက သူမဖြစ်ချင်နေတာလေး တစ်ခုရှိနေပါသေးတယ်။

အဲဒါကတော့ သူမ အသက် ၁၀ နှစ်အရွယ်မှာ ကိုယ်ပိုင်လေယာဉ်တစ်စီးရဲ့ လေယာဉ်မောင်းအခန်းက လိုက်ပါစီးနင်းခွင့်ရပြီးကတည်းက လေယာဉ်မောင်း ပိုင်းလော့ ဖြစ်ချင်နေသူပါ။

သူမဟာ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ကြိုးစားတတ်တဲ့အကျင့်အတိုင်း လေယာဉ်မောင်း သင်တန်းတက်ပါတယ်။ဒါပေမယ့် ခြေထောက်နဲ့မောင်းလို့ရမဲ့ လေယာဉ်အမျိုးအစားရဖို့ အချိန် တစ်နှစ်လောက်ကြာသွားပါတယ်။


ကိုယ်ပိုင်လေယာဉ်ပျံ အသေးလေးမောင်းနှင်ခွင့်ရဖို့အတွက် ပုံမှန်မားဖြင့် ၆ လပဲကြာတာပါ။

ဒါပေမယ့် သူမဟာ ခြေထောက်နဲ့မောင်းနှင်ရတာမို့ ၃ နှစ်ကြာခဲ့ပါတယ်။အမေရိကပြည်နယ် ၃ ခုပြောင်းပြီး လေ့ကျင့်ခဲ့ရပါတယ်။နည်းပြတွေ စိတ်မရှည်ကြလို့ နည်းပြ ၃ ယောက်လဲ ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးတော့ သူမရဲ့ ဇွဲရှိမှုကြောင့် သူမ အသက် ၂၅ နှစ်အရွယ် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကိုယ်ပိုင်လေယာဉ်မောင်း ပိုင်းလော့လိုင်စင် ရရှိခဲ့ပါတယ်။

လိုင်စင်ရရှိပြီး မကြာခင်မှာပဲ သူမဟာ အမေရိကန်ပြည်နယ်တစ်ခုကနေ နောက်တစ်ခုကို လေယာဉ်မောင်းနှင်သွာလို့ နာမည်ကြီးခဲ့သလို ဂင်းနစ်စာအုပ်မှာလဲ ခြေထောက်နဲ့လေယာဉ်မောင်းသော ပထမဆုံးအမျိုးသမီး ဆိုတဲ့ ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူမအကြောင်းကို Right Footed ဆိုတဲ့ ရုပ်ရှင်တစ်ကား ရိုက်ကူးပြီး ထုတ်လွှင့် ပြသတော့လည်း အောင်မြင်ခဲ့ပါတယ်။သူမကိုယ်တိုင်လည်း Disarm Your Limits ဆိုတဲ့ စိတ်ဓါတ်ခွန်အားဖြစ်စေမည့် စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။

သူမရဲ့ခင်ပွန်း ပတ်ထရစ်နဲ့အတူ ကမ္ဘာအနှံ့လှည့်လည်ရင်း စိတ်ဓါတ်မြှင့်တင် ဟောပြော‌ပွဲတွေမှာ လိုက်လံ စကားပြောပေးနေသူပါ။မသန်စွမ်းသူတွေကို ကူညီတဲ့အဖွဲ့တွေမှာလည်း ပါဝင်ကူညီပေးနေသူပါ။

ဂျက်စီကာပြောနေကျ စကားတစ်ခွန်းရှိပါတယ်။
“ဘဝမှာ အောင်မြင်မှုရဖို့ဆိုတာ မွေးရာပါ အခြေအနေက (၁၀)ရာခိုင်နှုန်းပဲ အရေးပါပြီး ၊ ဖြစ်လာတဲ့ ဘဝပေးအခြေအနေကို ဘယ်လိုတုံ့ပြန်ပြီး အကောင်းဆုံးကြိုးစားတယ်ဆိုတာက (၉၀) ရာခိုင်နှုန်း အရေးပါပါတယ်”တဲ့။

ဗန်းမော်သိန်းဖေ(သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ)စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *