ဇူလိုင်လ ၂၀၂၀ အတွင်း တရုတ်ရေတပ်မှ ၎င်း၏ နောက်ဆုံးထုတ် ဆိုဗီယက်ခေတ် Tupolev Tu-16 ကို အခြေခံထားတဲ့ တာဝေးသွား ဗုံးကြဲလေယာဉ် H-6J ကို စတင် အသုံးပြုနေပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
အဆိုပါလေယာဉ်ကို တရုတ် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Xi’an Aircraft Industrial Corporation က လိုင်စင်ယူ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ တီဗွီချန်နယ် တခုဖြစ်တဲ့ CCTV မှာ H-6J ဗုံးကြဲလေယာဉ်အကြောင်းကို ဖော်ပြခဲ့ပြီး ၎င်း လေယာဉ်ဟာ YJ-12 သင်္ဘောဖျက် ဒုံးကျည်များကို တင်ဆောင်နိုင်စွမ်းရှိကြောင်း ဖော်ပြခဲ့ပါတယ်။
H-6J ဟာ တရုတ်ရေတပ်တွင် တာဝန်ထမ်းဆောင်နေပြီး နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ H-6K ဗုံးကြဲလေယာဉ်၏ ပင်လယ်ပြင်သုံး မျိုးကွဲ လေယာဉ် ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ ရာသီမရွေး စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိပြီး ရွေ့လျားနေတဲ့ ပင်လယ်ပြင် ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။
H-6K ဟာ ယခင် တရုတ်တာဘိုဂျက် အင်ဂျင်အစား D-30KP turbofan အင်ဂျင်ကိုအသုံးပြုပြီး အဆင့်မြှင့်ထားတာ ဖြစ်ကာ အဆိုပါအင်ဂျင်ဟာ ၁၂,၀၀၀ ကီလိုဂရမ်အထိ တွန်းအားပေးနိုင်ပါတယ်။
ဒါ့အပြင် air intakes လေဝင်ပေါက်များ ပိုမိုကြီးမားလာခြင်း၊ ပြန်လည်ဒီဇိုင်းဆွဲထားတဲ့ လေယာဉ်မောင်းခန်းများ နှင့် ကြီးမားပြီး လျှပ်မကူးနိုင်တဲ့ လေယာဉ်နှာခေါင်းထိပ်ဖူး များ ဖြင့် အဆင့်မြှင့်တင်ထားပါတယ်။
လက်နက်ဝန် ပိုမိုသယ်ဆောင်နိုင်ပြီး ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ H-6K များနှင့် ဆင်တူတဲ့ H-6J များဟာ H-6G များကို အစားထိုးပြီး တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
တရုတ် စစ်ဘက်ဆိုင်ရာ သတင်းများအရ H-6J ဟာ YJ-12 အသံထက်မြန် သင်္ဘောဖျက် ခရုဇ် ဒုံးကျည် ကို တောင်ပံအောက်တွင် ၆ လုံး နှင့် အတွင်းဘက် လက်နက်ထည့်ရာ ဝမ်းဗိုက်အတွင်းတွင် ၁ လုံး စုစုပေါင်း ၇ လုံးအထိ တင်ဆောင်စစ်ဆင်နိုင်မယ်လို့ ဆိုပါတယ်။
The Diplomat သတင်းဌာန၏ အဆိုအရ H-6J မျိုးကွဲဟာ လုံးဝ လေယာဉ်ကိုယ်ထည် အသစ်ဒီဇိုင်းဖြင့် အဆင့်မြှင့်ထားကာ၊ ပိုမို ပေါ့ပါးတဲ့ ပေါင်းစပ်သတ္တုများဖြင့် တည်ဆောက်ထားပြီး ပိုမို ဆီစားသက်သာတဲ့ D-30-KP2 turbofan အင်ဂျင်များ၊ အဆင့်မြင့် အီလက်ထရောနစ် စနစ်များ နှင့် မှန်အပြည့် လေယာဉ်မှူး ခန်းများ ပါဝင်ပါတယ်။

ဒီဗုံးကြဲလေယာဉ်မှာ တာဝေး မြေပြင်ပစ်မှတ်ရှာ ရေဒါအသစ်ပါ တပ်ဆင်ထားပြီး ပစ်မှတ် ရှာဖွေစုဆောင်းဖို့အတွက် အီလက်ထရို အော့ပတစ် ပစ်မှတ်ရှာ ကိရိယာကို အသုံးပြုထားပါတယ်။
YJ-12 သင်္ဘောဖျက် ခရုဇ်ဒုံးကျည်ဟာ ဝေဟင်မှ ပစ်လွှတ်ရတဲ့ ဒုံးကျည်အမျိုးအစားဖြစ်ပြီး အမေရိကန်အနေဖြင့် တရုတ်ရေတပ်၏ အန္တရာယ်အရှိဆုံး လက်နက်များထဲက တခု အဖြစ် သတ်မှတ်ခံထားရတဲ့ ဒုံးကျည်ဖြစ်ပါတယ်။
ဒီဒုံးကျည်ဟာ အမြင့်ဆုံး ၄၀၀ ကီလိုမီတာလောက် အကွာအဝေးက ပစ်မှတ်ကို တိုက်ခိုက်နိုင်ပြီး အသံထက် ၃ ဆ အမြန်နှုန်းဖြင့် ပျံသန်းနိုင်ကာ ပစ်မှတ်ကို မထိမီ အတားအဆီးများကို ရှောင်တိမ်းနိုင်စွမ်း ရှိပါတယ်။
ဒါ့အပြင် ထိပ်ဖူးတွင် ၅၀၀ ကီလိုဂရမ် အလေးချိန်ရှိ သမားရိုးကျ လက်နက်ထိပ်ဖူးများသာမက နျူကလီးယား ထိပ်ဖူးများကိုပါ ထည့်သွင်း ပစ်လွှတ် နိုင်ပါတယ်။
ဒုံးကျည်ကို ပဲ့ထိန်း လမ်းညွှန်နိုင်ဖို့ inertial နှင့် GPS လမ်းညွှန်စနစ်များကို အသုံးပြုထားပြီး တိကျမှုအားဖြင့် CEP (Circular Error Probable) စက်ဝိုင်းပုံစံအတွင်း လွှဲချော်နိုင်ခြေ ၅ မီတာမှ ၇ မီတာ ကြားတွင်သာ ရှိလို့ အလွန် တိကျတယ်လို့ ပြောနိုင်ပါတယ်။
Knowledgeworms Copyright © 2021