ဗောက်ထခြင်းကို ဖြစ်စေသော အကြောင်းများနှင့်ကာကွယ်နည်းများ

Health

ဆောင်းရာသီရောက်လာပြီဆို ယောက်ျား ၊မိန်းမ ၊ ကလေး ၊လူကြီးမရွေး ဗောက်ရောဂါကို ခံစားရတတ်ပါတယ်။

ဗောက် ဆိုတာကတော့ ဦးရေပြားယားယံသည့် အဖြူရောင်အဖက်ကလေးများဖြစ်ပြီး အဂ်လိပ်လို Dandruff လို့ခေါ်ပါတယ်။

အသားအရေ ခြောက်သွေ့သူများ အဆီထွက်များသော ဦးရေပြားနှင့် ဆံပင်ပိုင်ရှင်များတွင် ဗောက်ရောဂါ ဖြစ်နိုင်ချေ ပိုများပါတယ်။

ဗောက်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဆေးသိပ္ပံနည်းအရ ကျားဟော်မုန်းက ဗောက်ထခြင်းကို ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိရတဲ့အတွက် အမျိုးသားများက အမျိုးသမီးများထက် ပို၍ ဗောက်ထလေ့ရှိပါတယ်။

ဆောင်းရာသီမှာ ဗောက်ထခြင်းပိုမိုဖြစ်ပွားလေ့ရှိတာကတော့ လေထုစိုထိုင်းဆ နည်းပါးမှုက ဆံသားနှင့်ဦးရေပြားတို့ကို ပိုမိုခြောက်သွေ့စေခြင်းကြောင့် ရလဒ်အနေဖြင့် ဆဲလ်ဟောင်းများကွာကျပြီး ဗောက်ထခြင်းဖြစ်တာပါ။

ဗောက်ထခြင်းကိုဖြစ်စေသော အကြောင်းများ

အကြောင်းအမျိုးမျိုးကြောင့် ဗောက်ယားယံခြင်းကို ဖြစ်စေနိုင်သည်။ အစားအသောက်နှင့် ရာသီဥတု အပြောင်းအလဲများက ဗောက်ထစေသော အကြောင်းအရင်းများဖြစ်သည်။

အပူအစပ်၊ အချို အငန် ကြိုက် သူများက တခြားသူများထက် ဗောက်ရောဂါကို ပိုဖြစ်နိုင်သည်။ အရက်၊ ဘီယာ စသည့် အယ်ကိုဟော ကလည်ဗောက်ထစေနိုင်သော အကြောင်းအရာတစ်ခုဖြစ်သည်။

Parkinson ခြေတုန် လက်တုန်အာရုံကြောရောဂါ၏ ဘေးထွက်ဆိုးကျိုးများ အဖြစ် အဆီထွက်များပြီး ဦးရေပြားရောင်ရမ်းခြင်း နှင့် ဗောက်ရောဂါ ဖြစ်နိုင်ခြေပိုများသည်။

HIVရောဂါပိုးရှိသူ သို့မဟုတ် တီဘီရောဂါ သို့မဟုတ် အခြားကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ခုခံအားကျနေသူများတွင်လည်း ဗောက်ရောဂါဖြစ်နိုင်သည်။

Psoriasis ခေါ် အရေပြားရောဂါနှင့် နှင်းခူနာရှိသူများက တခြားသူများထက် ဗောက်ထနိုင်ခြေ ပိုများသည်။

နေ့တိုင်းခေါင်းလျှော်ခြင်းကလည်း အရေပြားအဆီဂလင်းကို ပို၍အလုပ်လုပ်စေကာ ဗောက်ပိုထလာနိုင်သည်။

အိပ်ရေးမဝခြင်း အာဟာရချို့တဲ့မှုနှင့် ကိုယ်ခံအားနည်းခြင်းကြောင့် ဗောထနိုင်ပြီး အထူးသဖြင့် သွပ်ဓာတ်၊ ဗီတာမင်ဘီနှင့် အိုမီဂါသရီး ချို့တဲ့သူများက ဗောက်ထနိုင်ခြေပိုများ အသည်။

ရှမ်ပူ(Shampoo) ၊ ဓာတုဆိုးဆေးနှင့် ဆံပင်သန်ဆေးများကြောင့်လည်း ဗောက်ထလာနိုင်သည်။

ကာကွယ်ရန်

ဗောက်ယားယံခြင်းကိုကာကွယ်ရန် နည်းလမ်း များစွာရှိသော်လည်း အမှန်တကယ် ထိရောက်သည့် နည်းလမ်းတချို့ကို အောက်ပါအတိုင်း အကြံပြုလိုပါတယ်။ ၎င်းတို့မှာ-

  • နေ့စဉ် ခေါင်းမလျှော်ပါနှင့်
  • ရက်သတ္တတစ်ပတ်လျှင် အလွန်ဆုံး နှစ်ကြိမ် ၊သုံးကြိမ်သာ လျှော်ပါ။
  • ခေါင်းလျှော်စဉ် ဦးရေပြားကို ခပ်ကြမ်းကြမ်း ကုတ်ခြစ်ခြင်း ရှောင်ပါ။
  • ခေါင်းလျှော်ပြီးနောက် Hair Gel နှင့် spray များ မသုံးပါနှင့်။ ၎င်းပစ္စည်းများက ဦးပြားပေါ်ရှိ အဆီဂလင်းနှင့်ပေါင်းပြီး ဗောက်ထခြင်းကို ပိုမိုဆိုးရွားလာစေနိုင်သောကြောင့် ဖြစ်သည်။
  • ဖြစ်နိုင်လျှင် ဆံပင်ဆိုးဆေး ၊ ဆံပင်သန်ဆေးများကို ရှောင်ပါ။
  • ဗောက်ထခြင်းကြောင့် ဆံပင်ကျွတ်ထွက်မှုများသော်လည်း နေ့စဉ် ခေါင်းဖြီးပါ။ ခေါင်းဖြီးခြင်းကြောင့် ဦးရေပြားက ထွက်ကျလာသော ဆဲလ်အသေများကို ဖယ်ရှားပစ်နိုင်သည်။
  • တရော်ကင်ပွန်းသီး ၊ ရှောက်သီးပုပ်တို့က ဦးရေပြားကို အေးမြစေကာ ဗောက်ထခြင်းကို သက်သာစေပါသည်။ ရှမ်ပူ (Shampoo)သုံးစွဲရာတွင် Itchy Scalp Anti-Dandruff စာတန်းပါသော ရှမ်ပူကို သာ သုံးစွဲပါ။ ခေါင်းလျှော်သည့်အခါတွင်လည်း ၎င်းရှမ်ပူများ ကုန်စင်သွားသည်အထိ ရေများများသုံးပါ။ ရှမ်ပူများကျန်နေခြင်း ၊ မစင်ခြင်းကလည်း ဗောက်ထခြင်းကို ပိုဖြစ်စေပါတယ်။
  • ဗောက်ကင်းစင်ပြီး ဆံသားလည်း တောက်ပြောင်စေရန်အတွက် ခေါင်းလျှော်ပြီးတိုင်း ဆံသားပျော့ဆေး (Conditioner) ကို အသုံးပြုသင့်ပါတယ်။ သို့သော် ရေစင်စင်ဆေးပေးပါ။
  • စိတ်ဖိစီးမှုကြောင့် ဗောက်ပိုထစေပါတယ်။ ထို့ကြောင့် စိတ်ဖိစီးမှုများကို တတ်နိုင်သမျှလျော့ပါ။
  • မနက်တိုင်း နေပူဆာလှုံပါ။ ခရမ်းလွန်ရောင်ခြည်နှင့်အတူပါလာသော UVA အမျိုးအစားက ဗောက်ကို သက်သာစေပါတယ်။
  • နေပူထဲထွက်သည့်အခါ ဦးထုပ်မဆောင်းပါနှင့် ထီးဆောင်းပါ။ ပူပြင်းသော နေရောင်ကြောင့် ဦးရေပြားမှ ယိုစိမ့်ထွက်လာသော ချွေး အစိုဓါတ်က မှိုပိုးပေါက်ဖွားမှုကို အားပေးပါတယ်။
  • ဗောက်ထ၍ ခေါင်းယားသော်လည်း စိတ်ကို ထိန်းကာ မကုတ်ပါနှင့် မကြာခဏကုတ်ခြင်း ၊ ခပ်ကြမ်းကြမ်းကုတ်ခြစ်ခြင်းက ဆံသားအမြစ်၏ ကျန်းမာမှုကို အားနည်းစေသဖြင့် ဆံပင်ကျွတ်လွယ်သောကြောင့် ဖြစ်ပါသည်။

အားလုံး ဖောက်ရောဂါမှာ ကင်းဝေးကြပါစေ။

ပေါက်ပေါက်

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *