ဟိုက်ပါဆိုးနစ် အမြန်နှုန်း (အသံထက် ၅ ဆ နှင့် အထက် အမြန်နှုန်း) ရှိသည့် လေယာဉ်များကို အင်အားကြီး နိုင်ငံများက ထုတ်လုပ်ဖို့ ကြိုးစားခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
အင်ဂျင် အမျိုးမျိုးဖြင့် နည်းမျိုးစုံအောင် စမ်းသပ်ခဲ့ပေမယ့် မြေပြင်မှ တဆင့် ကိုယ်ပိုင် အင်ဂျင်ဖြင့် ပျံတက်ကာ အသံထက် ၅ ဆ အထက် အမြန်နှုန်းသို့ မြှင့်တင် မောင်းနှင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ကမ္ဘာ့ ပထမဆုံး ဟိုက်ပါဆိုးနစ် လေယာဉ်ဟာ X-15 ဖြစ်ပြီး အသံထက် ၆.၇ ဆ အမြန်နှုန်းအထိ ရောက်ရှိအောင် ပျံသန်းနိုင်ခဲ့ပေမယ့် ၎င်းဟာ B-52 ကဲ့သို့ လေယာဉ်ကြီးများတွင် ချိတ်ဆွဲပြီး အမြင့်ရောက်မှာသာ ရော့ကတ်အင်ဂျင်ဖွင့်ကာ မောင်းနှင်ရတာ ဖြစ်ပါတယ်။
X-15 အကြောင်းကို “ပထမဆုံး လူမောင်းနှင်ခဲ့တဲ့ ဟိုက်ပါဆိုးနစ် လေယာဉ် စမ်းသပ်မှု အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ ဟိုက်ပါဆိုးနစ် လေယာဉ် နည်းပညာမှာ အမေရိကန် ကပဲ ဗိုလ်စွဲသွားပြန်ပြီ ဖြစ်ပါတယ်။
အကြောင်းကတော့ လွန်ခဲ့တဲ့ တပတ်ကပဲ ဟိုက်ပါဆိုးနစ် လေကြောင်းထုတ်လုပ်ရေး ကုမ္ပဏီ တခုဖြစ်တဲ့ Hermeus ဟာ ၎င်း၏ full-scale ရှေ့ပြေးပုံစံ လေယာဉ်ကို ပြသနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
Quarterhorse လို့ခေါ်တဲ့ ကမ္ဘာ့အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်တဲ့ ဒီလေယာဉ်ဟာ TBCC (turbine-based combined cycle) လို့ခေါ်တဲ့ Ramjet နှင့် Scramjet အင်ဂျင်နှစ်မျိုးကို ပေါင်းစပ်ထားတဲ့ တာဘိုင်အင်ဂျင်ကို ပထမဆုံး အသုံးပြုထားတာ ဖြစ်ပါတယ်။
အရွယ်အစား အပြည့်အဝရှိပြီး တစိတ်တပိုင်း အလုပ်လုပ်နိုင်တဲ့ ဒယ်လ်တာ ပုံစံ အတောင်ပုံရှိ Quarterhorse ရှေ့ပြေးပုံစံဟာ ပြသချိန်မှာ မြေပြင်မှာပဲ ရှိခဲ့ပေမယ့် ကုမ္ပဏီဟာ လာမယ့် နှစ်အတွင်း ပထမဆုံး ပျံသန်းပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အဆိုပါလေယာဉ်ဟာ ခရီးသည်ပေါင်း ၂၀ လောက်ကို တင်ဆောင်နိုင်ပြီး အသံထက် ၅ ဆလောက် အမြန်နှုန်းဖြင့် ပျံသန်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒီအမြန်နှုန်းဖြင့် နယူးရော့ခ် မှ လန်ဒန်သို့ ပျံသန်းပါက မိနစ် ၉၀ သာ ကြာမြင့်နိုင်မယ့် အမြန်နှုန်း ဖြစ်ပါတယ်။

ယနေ့ခေတ် ခရီးသည်တင် လေယာဉ်များဟာ အဆိုပါ ခရီးအကွာအဝေး အတွက် ၇ နာရီလောက် အချိန်ယူ ပျံသန်းရပါတယ်။
ပြန်လည် အသုံးပြုနိုင်တဲ့ အဆိုပါလေယာဉ်ဟာ အလိုအလျှောက် သို့မဟုတ် အဝေးထိန်း စနစ်ဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပြီး အကွာအဝေး ၄,၆၀၀ မိုင် (၇,၄၀၃ ကီလိုမီတာ) လောက်အထိ ဆက်တိုက် ပျံသန်းနိုင်မှာပါ။
ဒီလေယာဉ်ဟာ General Electric ၏ GE J85 တာဘိုဂျက်အင်ဂျင်ကို အခြေခံပြီး turbine-based combined cycle (TBCC) အင်ဂျင်ကို ပထမဆုံး အသုံးပြုတဲ့ လေယာဉ်ဖြစ်တဲ့ပြင် ပထမဆုံး မြန်နှုန်းမြင့် အလိုလျှောက်စနစ်သုံး လေယာဉ်လည်း ဖြစ်လာမှာ ဖြစ်ပါတယ်။
ဩဂုတ်လ အစောပိုင်းက Hermeus ဟာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် လေယာဉ်ကို ပျံသန်းနိုင်ရန် ဒေါ်လာ သန်း ၆၀ ရှိသည့် စာချုပ်ကို အမေရိကန် လေတပ်နှင့် ပူးပေါင်း ကုမ္ပဏီများဖြင့် ချုပ်ဆို ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။
ဒီအကြောင်းကို “အမေရိကန် သမ္မတ စီးသည့် Air Force One ဖြစ်လာနိုင်သည့် အသံထက် ၅ ဆမြန် လေယာဉ် အကြောင်း” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလေယာဉ်ဟာ အမေရိကန် သမ္မတတွေ စီးမယ့် Air Force One ပဲ ဖြစ်လာမလား ဒါမှမဟုတ် စစ်ဘက်သုံးပဲ ဖြစ်လာမလား ဆိုတာကတော့ မသိရသေးပါဘူး။
သေချာတာကတော့ ဟိုက်ပါဆိုးနစ် လေကြောင်း နည်းပညာမှာ အမေရိကန်က ရှေ့ကို ရောက်နေပြီ ဆိုတာ အသေအချာပါပဲ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။