ရာသီဥတုပြောင်းလဲမှုတွေဟာ ကျွန်ုပ်တို့အားလုံးအပေါ် သက်ရောက်မှု ရှိသော်လည်း အကုန် တန်းတူရည်တူတော့ မဟုတ်ပါဘူး။
ဟိမဝန္တာရေခဲပြင်တွေက ရေတွေကို လူပေါင်း နှစ်ဘီလီယံကျော်ဟာ သောက်သုံးရေကနေ စိုက်ပျိုးရေးသုံးအထိ မှီခိုအားထားနေရပြီး မကြာမီအချိန်အတွင်းမှာ တောင်တန်းများရှိ ရေခဲတုံးတွေဟာ ထူးခြားတဲ့အမြန်နှုန်းနဲ့ အရည်ပျော်နေတဲ့ အတွက်ကြောင့် အကြီးအကျယ် ဒုက္ခရောက် နိုင်တယ်ဟု လေ့လာမှု အသစ် တစ်ခု အရ သိရပါတယ်။
ရေခဲပြင်တွေ အကြီးအကျယ် အရည်ပျော်လာတာဟာ လူသားတွေကြောင့် ကမ္ဘာကြီး ပူနွေးလာမှုရဲ့ တိုက်ရိုက် အကျိုးဆက်တွေထဲက တစ်ခုဖြစ်ပြီး ဒါဟာ ကမ္ဘာမြေကြီးပေါ်မှာ ရှိတဲ့ နေရာ တော်တော် များများကို ထိခိုက်စေနိုင်ပါတယ်။
ဟိမဝန္တာတောင်တန်းတွေဟာ ကီလိုမီတာ ၂,၅၀၀ (မိုင် ၁,၅၀၀) ဝန်းကျင် ကျယ်ဝန်းတဲ့ ဧရာမ တောင်တန်းရှည်ကြီး တစ်ခုဖြစ်ပြီး ရေခဲမြစ်ပေါင်း ၃၂,၀၀၀ ကျော် ရှိပါတယ်။

ဧဝရတ်တောင်အား မြင်ရစဉ်
အန္တာတိကနှင့် အာတိတ်ဒေသတွေမှာသာ ဟိမဝန္တာ တောင်တန်းတွေထက် ရေခဲနှင့် ဆီးနှင်းတွေ ပိုများပါတယ်။
သို့ပေမဲ့ အန္တာတိကရေခဲမြစ်တွေနှင့်မတူတာက ဟိမဝန္တာတောင်တန်းတွေက ရေတွေဟာ အရေးကြီးတဲ့ မြစ်ကြောင်းစနစ် များအတွက် ရေပေးဝေနေပြီး ထိုဒေသတွေရှိ သန်းပေါင်း များစွာသော အသက်မွေးဝမ်းကြောင်းများကို တိုက်ရိုက်နှင့် သွယ်ဝိုက်စွာ ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ရှိတဲ့ အခြားဒေသတွေလိုပဲ ဟိမဝန္တာ တောင်တန်းရှိ ရေခဲမြစ်တွေဟာ အပူချိန် မြင့်တက် လာတာနှင့် အမျှ ရေခဲများ အကြီး အကျယ် ဆုံးရှုံးနေပါတယ်။
သို့သော်လည်း ဟိမဝန္တာတောင်တန်းရှိ ရေခဲမြစ်တွေဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ အခြားနေရာတွေထက် ကမ္ဘာကြီး ပူနွေးလာမှုဒဏ်ကို ပိုမိုပြင်းထန်စွာ ခံနေရပါတယ်။
ယူကေတက္ကသိုလ်တွေက သုတေသီများရဲ့လေ့လာမှုအသစ်တစ်ခုအရ လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်အတွင်း ရေခဲများဆုံးရှုံးခြင်းဟာဆိုရင် လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ အတွင်း ရေခဲများ ဆုံးရှုံးခဲ့ရခြင်းထက် ပျမ်းမျှအားဖြင့် ဆယ်ဆ ပိုမို မြန်ဆန်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။
“အခုဆိုရင် ဟိမဝန္တာ ရေခဲမြစ်တွေဆီကနေ ရေခဲတွေ ပျောက်ကွယ်နေပြီး လွန်ခဲ့တဲ့ ရာစုနှစ်တွေအတွင်းထက် အနည်းဆုံးဆယ်ဆလောက် ပိုများနေပါတယ်။ “
“ရေခဲတွေ လျင်မြန်စွာ ဆုံးရှုံးမှုနှုန်း မြင့်တက်လာတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း သိသိသာသာ ဖြစ်ပေါ်လာပြီး လူသားတွေအပေါ် သက်ရောက်နေတဲ့ ရာသီဥတု ပြောင်းလဲမှုနှင့်လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်” ဟု လေ့လာမှုမှာ ဆက်စပ်ရေးသားသူ Jonathan Carrivick က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။

ဟိမဝန္တာတောင်တန်းတွေအပေါ် သက်ရောက်မှုအကြောင်း
လေ့လာမှုမှာဆိုရင် သုတေသီတွေဟာ ဟိမဝန္တာတောင်တန်းရှိ ရေခဲမြစ် ၁၄၇၉၈ ရဲ့ အရွယ်အစား နှင့် ရေခဲပြင်တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ဟိမဝန္တာရေခဲပြင်တွေဟာ ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးနေပြီဖြစ်ပြီဖြစ်ပြီး ယခင် စတုရန်းကီလိုမီတာ ၂၈၀၀၀ ကနေ (လွန်ခဲ့တဲ့ ဆယ်စုနှစ်ကနေ ၂၀၂၁အထိလေ့လာမှုအရ) နောက်ထပ် ၁၉,၆၀၀ စတုရန်း ကီလိုမီတာအထိ ဆက်လက် ဆုံးရှုံးနေပြီ ဖြစ်တယ် ဟု လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။
ယခုအချိန်အထိ ရေခဲမြစ်တွေဟာ ကုဗကီလိုမီတာ ၃၉၀ မှ ၅၈၆ ကုဗကီလိုမီတာကြားတွင် ဆုံးရှုံးခဲ့ပြီဖြစ်ပြီး ဒါဟာ စကင်ဒီနေးဗီးယား၊ ဥရောပအလယ်ပိုင်း အဲလ်ပ်တောင်တန်းနှင့် ကော့ကေးဆပ်တို့ ပေါင်းစပ်ထားတဲ့ ယနေ့ခေတ်တွင်ရှိတဲ့ ရေခဲများအားလုံးနှင့် ညီမျှပါတယ်။
အရည်ပျော်နေတဲ့ ရေခဲများအားလုံးကြောင့် ကမ္ဘာ့စကေး ၀.၉၂ မှ ၁.၃၇ မီလီမီတာကြား ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခဲ့ကြောင်း သုတေသီများရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
ဒါဟာ ဟိမဝန္တာတောင်တန်းတွေရဲ့ အနီးတစ်ဝိုက်ရှိ ဒေသအားလုံးမှာရှိတဲ့ ရေခဲမြစ်များကနေ တစ်ဆင့် စီးဆင်းတဲ့ မြစ်ချောင်းတွေမှာ ရေတွေများလာခြင်းကြောင့် ရေလွှမ်းမိုးမှု တိုးလာခြင်း အပါအဝင် ပိုမို ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်များ ဖြစ်ပေါ် စေတာကြောင့်
သန်းနှင့်ချီသောလူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ပံ့ပိုးပေးနေတဲ့ မုတ်သုံရာသီပြောင်းလဲမှုတွေ၊ စိုက်ပျိုးရေး အထွက်နှုန်း နည်းပါးမှုတွေကို ဖြစ်ပေါ်စေပါတယ်။
သုတေသနအဖွဲ့ဟာဆိုရင် ဟိမဝန္တာရေခဲပြင်ရဲ့ ရေခဲမျက်နှာပြင်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဒစ်ဂျစ်တယ် အမြင့်ပုံစံများနှင့် ဂြိုလ်တုပုံများကို အသုံးပြုခဲ့ပါတယ်။

Credits: Lee et al.
ပုံတွေမှာ ယခင်ရေခဲမြစ်နယ်နိမိတ်များကို အမှတ်အသားပြုထားတဲ့တောင်ကုန်းများကို ပြသထားပါတယ်။
သုတေသီတွေဟာ ယခင်ရေခဲမြစ်တွေရဲ့ အတိုင်းအတာ နှင့် ရေခဲမျက်နှာပြင်အမြင့်ကို ခန့်မှန်းဖို့ တောင်ကုန်းတွေရဲ့ ဂျီသြမေတြီကို အသုံးပြုကာ ခြားနားချက်များကို သတိပြုမိဖို့ ယခု ရေခဲမြစ်များနှင့် နှိုင်းယှဉ်ခဲ့ပါတယ်။
ဟိမဝန္တာအရှေ့ဘက်ခြမ်းရှိ ရေခဲမြစ်တွေဟာ အစုလိုက်အပြုံလိုက် လျော့နည်းလာကြောင်း လေ့လာမှုက ဖော်ပြနေပါတယ်။
ဒါဟာ တောင်တန်းပေါ်ရှိ ပထဝီဝင်အင်္ဂါရပ်များ ကွဲပြားမှုနှင့် လေထုနှင့် ၎င်းတို့ရဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။
ရေခဲပြင်တွေဟာ ကုန်းပေါ်မှာထက် ရေကန်တွေမှာ ဆုံးရှုံးတာ ပိုမြန်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။
“ဟိမဝန္တာတောင်တန်းအနီးရှိ ဒေသတွင်းက လူတွေဟာ ရာစုနှစ်နဲ့ချီပြီး မတွေ့မြင်ရတဲ့ အပြောင်းအလဲတွေကို တွေ့မြင် နေရပြီ ဖြစ်ပါတယ်။”
“ဒါကြောင့် သုတေသန လုပ်ဆောင်ချက်တွေကို ပြောင်းလဲ အရှိန်မြှင့်နေပြီဖြစ်ပြီး ဒါဟာ နိုင်ငံနဲ့ ဒေသတစ်ခုလုံးအပေါ် သိသာ ထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေမယ့် နောက်ဆုံး အတည်ပြုချက် ဖြစ်တယ်” ဟု University of Dundee မှ ကထိက Simon Cook က ကြေငြာချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 26/12/2021