ယူကရိန်းရောက် M142 HIMARS စနစ်များ၏ အစွမ်းပြနေမှု

Knowledge Military

ယူကရိန်းကို အမေရိကန်က ထောက်ပံ့ပေးတဲ့ High Mobility Artillery Rocket Systems ခေါ် M142 HIMARS စနစ်များဟာ ရုရှားတို့ကို အကြီးအကျယ် အကျပ်ရိုက်စရာ ဖြစ်လာပါတယ်။

ထိုကဲ့သို့ ထိရောက်မှု ရှိနေတဲ့ HIMARS စနစ်များကို အရှေ့ဥရောပ နိုင်ငံများကလည်း အပြိုင်အဆိုင် မှာယူလာကြပါတယ်။

မေလအတွင်းကပင် ပိုလန် ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak က HIMARS စနစ် ၅၀၀ နှင့် ၎င်းနှင့် ဆက်စပ် ခဲယမ်း များကို မေလ ၂၆ ရက်နေ့က မှာယူထားပြီး အရေအတွက်များစွာ ပူးပေါင်း ထုတ်လုပ်မည်ဟုလည်း ဆိုပါတယ်။

အက်စ်တိုးနီးယားဟာလည်း ဒေါ်လာ သန်း ၅၀၀ လောက် တန်ဖိုးရှိတဲ့ HIMARS စနစ် ၆ ခုနှင့် ခဲယမ်းများကို ဝယ်ယူသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဲဒီ့နောက် တပတ်ခန့် အကြာမှာပဲ လတ်ဗီယားမှ ဒေါ်လာ သန်း ၃၀၀ ဖိုး မှာယူမယ်လို့ ကြေညာခဲ့ပြီး လစ်သူယေးနီးယားကလည်း မကြာခင် ဆက်လက်မှာယူဖို့ ရှိနေပါတယ်။

အမေရိကန် စစ်တပ်ဟာ HIMARS မှ အသုံးပြုနိုင်သည့် ပိုမို အဆင့်မြင့်ပြီး မိုင် ၃၁၀ လောက် အထိ ထိရောက်မှု ရှိသည့် Precision Strike Missile (PrSM) ဒုံးကျည်များကို လာမည့်နှစ်များတွင် စတင် အသုံးပြုတော့မှာပါ။

M142 HIMARS

ဒီစနစ်ကိုသာ အဆိုပါ ဒေသအတွင်းကို ထောက်ပံ့မည်ဆိုပါက HIMARS များ၏ ကဏ္ဍဟာ အလွန်ကြီးကျယ်လာပြီး မော်စကို အနီးတဝိုက်အထိ ခြိမ်းခြောက်လာနိုင်ဖွယ် ရှိပါတယ်။

HIMARS တွေ အလွန်ထိရောက်ရတဲ့ အကြောင်း

ယူကရိန်းဟာ HIMARS စနစ် ၈ ခုသာ ဇွန်လ ၂၅ ရက်နေ့က စတင် ရရှိခဲ့ပေမယ့် ရုရှား၏ ခဲယမ်းသိုလှောင်ရုံများ၊ ကွပ်ကဲရေးစခန်းများ နှင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များစွာကို ချေမှုန်းနိုင်ခဲ့ပါတယ်။

စနစ် တခုစီတွင် ပစ်လွှတ်ပြွန် ၆ ခု စီပါဝင်ပြီး ၎င်းတို့တွင် စွမ်းဆောင်ရည် နိမ့်တဲ့ မိုင် ၅၀ မှ ၇၅ မိုင်သာ ရောက်ရှိ နိုင်သည့် သာမန် လမ်းညွှန်စနစ်သုံး ရော့ကတ်စနစ် GMLRS များကိုသာ တပ်ဆင်ပေးထားတာပါ။

ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ထောက်ပံ့ပို့ဆောင်ရေး အချက်အချာနေရာ ၃၀ ထက်မနည်းကို ချေမှုန်းနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီ့နောက် တပတ် အကြာမှာတော့ အမေရိကန် ပင်တဂွန် သတင်းရင်းမြစ်များမှ HIMARS များဖြင့် တန်ဖိုးမြင့် ပစ်မှတ် ၁၀၀ လောက်ကို ချေမှုန်းနိုင်ခဲ့ကြောင်း သိရပါတယ်။

HIMARS စနစ်များတွင် အသုံးပြုသည့် ရော့ကတ်များ၏ အဓိက လျှို့ဝှက်ချက်ကတော့ gyroscopes နှင့် accelerometers များပါဝင်သည့် inertial navigation system ဖြစ်ပြီး တိကျမှုဟာ ၃ မီတာမှ ၅ မီတာ (၁၀-၁၆ ပေ) ရှိလို့ အလွန်ကို တိကျတယ်လို့ ဆိုနိုင်ပါတယ်။

M142 HIMARS

အလားတူ ထောက်လှမ်းရေး ကွန်ယက်မှ တဆင့် ပစ်လွှတ်သူဆီသို့ အချက်အလက်များ ပေးပို့နိုင်ခဲ့သဖြင့် ပိုမို တိကျစွာ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

အမေရိကန်စစ်ဘက် အရာရှိများမှ ၎င်းတို့ဟာ ယူကရိန်းကို ထောက်လှမ်းရေး ဆိုင်ရာ အချက်အလက်များ ထောက်ပံ့ပေးနေတယ်လို့ ပြောထားပါတယ်။

နောက်ထက် ကောင်းကျိုးတခုကတော့ HIMARS စနစ်တွင် အသုံးပြုသည့် GMLRS ရော့ကတ်များဟာ တလုံးလျှင် အမေရိကန်ဒေါ်လာ ၁ သိန်းလောက်သာ ကုန်ကျတာပါ။

ဒါဟာ ဒေါ်သာ သန်းပေါင်းများစွာ တန်တဲ့ S300 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို‌ ချေမှုန်းရာမှာ အလွန်ထိရောက်မှုရှိပြီး ရုရှားတို့ကို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။

M142 HIMARS ဟာ အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့အတွက် ၎င်းတို့ကို ရှာဖွေနိုင်ဖို့ရာ အလွန်ခက်ခဲပါတယ်။ ဒါဟာလည်း အားသာချက်တခုပါ။

M142 HIMARS

၎င်းတို့ကို ပိုပြီး ကြောက်မက်ဖွယ် ကောင်းစေတာကတော့ ရုရှားတို့၏ နာမည်ကျော်ဖြစ်သည့် နောက်ဆုံးပေါ် လေကြောင်းရန် ကာကွယ်ရေးစနစ် S-400 ‌များကတောင် ကြားဖြတ်ခြင်း မပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

S-300 နှင့် S-400 စနစ်များဟာ HIMARS စနစ်များကို ကြားဖြတ်နိုင်ခြင်း မရှိသည့်အပြင် မြေပြင်တွင် ရွှေ့ပြောင်းရ လွယ် ကူသည့် HIMARS ၏ လှုပ်ရှားမှုများကြောင့် ၎င်းတို့ကို ရှာမတွေ့နိုင်ဘဲ အကြီးအကျယ် အခက်တွေ့နေရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် အမေရိကန်မှ ယူကရိန်းဟာ HIMARS စနစ် ၄ ခု ထပ်မံ ပေးပို့မည်ဖြစ်ပြီး နောက်ဆုံးမှာ စနစ် ၂၀ အထိ ထောက်ပံ့ဖို့ လျာထားကြောင်း သိရပါတယ်။

မထင်မှတ်ဘဲ ခေတ်သစ်စစ်ပွဲတခုမှာ အရေးပါလာတဲ့ အမေရိကန်ရဲ့ M142 HIMARS များကို ရင်ဆိုင်ဖို့ ရုရှားတို့ ဘယ်လို အဖြေရှာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.