သုညဂဏန်း ဖြစ်ပေါ်လာသည့် ဇစ်မြစ်

History Knowledge

ကိန်းဂဏန်းစနစ်တွင် သုညဂဏန်းကို အသုံးပြုရတာ မဆန်းကြယ်ပေမယ့် ၎င်းဟာ ဖြစ်တည်လာသေးတာ တအားကြီး မကြာသေးဘူးဆိုတာသိရင် အံ့အားသင့်စရာပါ။

ယနေ့ခေတ်မှာ မရှိမဖြစ် အရေးပါတယ်လို့ သတ်မှတ်လို့ရတဲ့ သုညဂဏန်းဟာ တကယ်တော့ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်မှုကနေ ဖြစ်တည်လာတာ မကြာသေးပါဘူး။

အဲဒီ့ထက် အံ့အားသင့်စရာကောင်းတာက နည်းပညာမှာ ရှေ့ရောက်နေခဲ့တဲ့ ဥရောပကို ၁၂ ရာစုလောက်မှ သုည ဂဏန်းဟာ စတင်အသုံးပြုလာ ခဲ့တာပါပဲ။

မက်ဆိုပိုတေးနီးယား

လေ့လာမှုများအရ သုညကို မက်ဆိုပိုတေးနီးယား ဘက်မှ စတင်လာတာ ဖြစ်နိုင်တယ်လို့ အများစုက ခန့်မှန်းကြပါတယ်။

ရှေးခေတ် မက်ဆိုပိုတေးနီးယား နယ်မြေ Image: Courtesy of Goran tek-en/Wikimedia Commons/CC BY-SA 4.0

ဆူမား ကျမ်းပြုဆရာများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ထောင်လောက်က သုညနေရာတွင် ဖော်ပြဖို့အတွက် ကွက်လပ်များချန်ကာ ရေးသားခဲ့ကြပါတယ်။

တကယ် သုညနှင့်တူတဲ့ သင်္ကေတကို ပထမဆုံး အသုံးပြုမှုကတော့ ဘီစီ ၃ ရာစုလောက်တုန်းကဖြစ်ပြီး ရှေးဟောင်း ဘေဘီလုံမှာ တွေ့ရှိခဲ့တာလို့ သိရပါတယ်။

၎င်းတို့ဟာ ဆယ်ဂဏန်း၊ ရာဂဏန်းနှင့် ထောင်ဂဏန်းများကို ပိုင်းခြားနိုင်ဖို့ ယနေ့ခေတ်တွင် သုညအား အသုံးပြု သလိုမျိုး တိကျသည့် အမှတ်အသားတခုကို တီထွင်ခဲ့တာပါ။

အမေရိက

အလားတူ သင်္ကေတမျိုးကို အေဒီ ၃၅၀ လောက်မှာ အမေရိကတိုက်ရှိ မာယာ လူမျိုးများကလည်း အသုံးပြုခဲ့ပါတယ်။

မာယာတို့၏ ပြက္ခဒိန်

အဆိုပါ သုည အဓိပ္ပါယ် သင်္ကေတ အသုံးပြုမှုကို ၎င်းတို့၏ ပြက္ခဒိန်များမှ တဆင့်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်း ရေတွက်မှု စနစ်များတွင် သုညကို နေရာအတွက် ထားရှိတာမျိုးသာ ဖြစ်ပြီး ဂဏန်း တလုံး အနေဖြင့် ၎င်း၏ ကိုယ်ပိုင် တန်ဖိုး သို့မဟုတ် ဂုဏ်သတ္တိများ သတ်မှတ်မထားခဲ့ကြပါဘူး။

သုညဂဏန်း၏ အရေးပါမှုကို အပြည့်အဝ အသုံးချလာမှုဟာ ၇ ရာစုနှစ် ရောက်သည် အထိ မရှိခဲ့ပေမယ့် အဲဒီ့ နောက်မှာတော့ အိန္ဒိယမှာ သုညကို စတင်ပုံဖော်လာပါတယ်။

အိန္ဒိယ

ဗြဟ္မဂုတ္တ (Brahmagupta) လို့ခေါ်တဲ့ အိန္ဒိယ သင်္ချာပညာရှင်နှင့် အခြားသူများဟာ သုညကို နေရာအတွက် အသုံးပြုခဲ့သလို “sunya” လို့ခေါ်တဲ့ ဘာမှမရှိတဲ့ နတ္တိတန်ဖိုးလို့လည်း ရှုမြင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့၏ အခေါ် “sunya” ဆိုတဲ့ စကားကနေ မြန်မာလို “သုည” ဆိုတဲ့ စကား ဖြစ်ပေါ်လာပုံလည်း ရပါတယ်။

Brahmagupta (ဘယ်) နှင့် Mohammed ibn-Musa al-Khowarizmi (ညာ)
Both Images: Courtesy of Wiki Commons (Right statue image: adapted from Wikicommons By CC 4.0)

ဗြဟ္မဂုတ္တဟာ ကိန်းဂဏန်း တခုမှ တန်းဖိုးတူ ကိန်းဂဏန်းတခုကို နှုတ်ပါက သုည ရတယ် ဆိုတာကို ပထမဆုံး ပြသခဲ့သူ ဖြစ်ပါတယ်။

အဆင့်ဆင့် ပျံ့နှံ့ပုံ

သုညဂဏန်း အသုံးပြုပုံကို အိန္ဒိယမှ တဆင့် ၇၇၃ ခုနှစ်လောက်မှာ သင်္ချာပညာရှင် တယောက် ဖြစ်တဲ့ Mohammed ibn-Musa al-Khowarizmi မှ တရုတ် နိုင်ငံသို့ သယ်ယူသွားပါတယ်။

al-Khowarizmi ဟာ သုညကို အက္ခရာသင်္ချာတွင် ဘယ်လို လုပ်ဆောင်နိုင်ကြောင်း ပြသနိုင်ဖို့ အိန္ဒိယ ဂဏန်းသင်္ချာကို ပထမဆုံးပေါင်းစပ်ခဲ့တဲ့ ပညာရှင်တယောက် ဖြစ်ပါတယ်။

၉ ရာစုမှာတော့ ယနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ဘဲဥပုံသဏ္ဍာန် သုညနှင့် ဆင်တူတဲ့ သင်္ကေတဟာ အာရဗီဂဏန်း စနစ်တွင် စတင်အသုံးပြုလာပါတယ်။

အဲဒီ့နောက် သုညကို ရာစုနှစ် အနည်းငယ် ကြာပြီးမှသာ ဥရောပသို့ ၁,၁၀၀ ခုနှစ်များ လောက်မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

သုညကို တွေးခေါ်ပညာရှင်းများဖြစ်တဲ့ အီတလီလူမျိုး Fibonacci တို့လို သင်္ချာပညာရှင်များက ခေတ်ရေစီးကြောင်းတခု ဖြစ်လာအောင် ကူညီပေးခဲ့ကြပါတယ်။

Rene Descartes၊ Sir Isaac Newton ၊ Gottfried Leibniz ၏ calculus သင်္ချာ တီထွင်မှုကနေ စတင်ပြီး နောက်ပိုင်းမှာ သုညဟာ ထင်ရှားစွာ ပုံပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့အချိန်ကစပြီး “နတ္တိ” အယူအဆရှိသည့် သုညဟာ ရူပဗေဒနှင့် စီးပွားရေး မှသည့် အင်ဂျင်နီယာနှင့် ကွန်ပျူတာ နည်းပညာများအထိ ဖွံ့ဖြိုးတိုးတက်မှုများ ကဏ္ဍတွင် အဓိကကျသည့် နေရာမှ ပါဝင်လာခဲ့တာ ယနေ့အထိပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 9/2/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published.