မြင်းတွေဟာ ထင်တာထက် ဥာဏ်ပိုကောင်းတဲ့ အကြောင်း

Knowledge Nature

ကျွန်တော်တို့ဟာ မြင်နေကျ အရာတွေကို နည်းမျိုစုံဖြင့် မှတ်မိတတ်ကြပြီး များသောအားဖြင့် အမြင်အာရုံကို အဓိကထားပေမယ့် အသံ၊ အနံ နှင့် အထိအတွေ့အပေါ် မူတည်ပြီးလည်း မှတ်မိကြပါတယ်။

တိရိစ္ဆာန်တွေဟာတော့ လူတွေနဲ့ မတူဘဲ မတူညီတဲ့ အဓိက အာရုံခံမှုများနှင့် အရာဝတ္ထုများကို မှတ်သားလေ့ရှိပါတယ်။

ဥပမာအားဖြင့် ခွေးတွေဟာ သူ့ရဲ့ အမြင်ထက် အနံကို အဓိကထားသလို ကြောင်တွေဟာလည်း လူတွေကို မှတ်မိနိုင်ဖို့ အနံ့ကို အဓိကထားပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်မှာ တွေ့လေ့ရှိတဲ့ မြင်းတွေရဲ့ အကြောင်းကိုတော့ သိပ်မသိကြသေးပါဘူး။

လေ့လာမှု အသစ်တခုအရ မြင်းတွေဟာ လူတွေရဲ့ မျက်နှာတွေကိုကြည့်ပြီး မှတ်သားလေ့ရှိပြီး လပေါင်း အနည်းငယ်ကြာအောင်တောင် မှတ်မိနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

တိရိစ္ဆာန် အမူအကျင့်များကို လေ့လာသည့် ပညာရှင်ဖြစ်တဲ့ ပြင်သစ် အမျိုးသား စိုက်ပျိုးရေး အစားအစာနှင့် ပတ်ဝန်းကျင် သုတေသနတက္ကသိုလ်မှ Léa Lansade ဟာ လူတွေကို ဓာတ်ပုံတွေကနေ မှတ်မိခြင်း ရှိမရှိ လေ့လာခဲ့ပါတယ်။

ဒီလိုလေ့လာမှုကို ပြုလုပ်ဖို့အတွက် သူမဟာ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာရှိတဲ့ ယှဉ်လျက်ထားရှိတဲ့ ဓာတ်ပုံတွေကို မြင်းတွေကို ရွေးချယ်တတ်အောင် သင်ပေးခဲ့ပါတယ်။

သင်ကြားပုံမှာ မြင်းတွေအနေနဲ့ ၎င်းတို့ ရွေးချယ်မှု ပြုလုပ်တဲ့အခါ ကွန်ပျူတာ ဖန်သားပြင်ကို နှာခေါင်းနှင့် တို့ထိ တတ်ဖို့ ဖြစ်ပါတယ်။

ဓာတ်ပုံများတွင် မြင်းတွေ ယခင်က မမြင်ဖူးသည့် လူများ ပါဝင်သည့် ဓာတ်ပုံများ နှင့် ၎င်းတို့၏ မြင်းထိန်းများနှင့် အခြားလူများ အတူတူ ရိုက်ကူးထားသည့် ဓာတ်ပုံများ ပါဝင်ပါတယ်။

စမ်းသပ်မှု ရလဒ်အနေဖြင့် မြင်းများဟာ အမြဲတမ်း အောင်မြင်စွာ မရွေးချယ်နိုင်ခဲ့ပေမယ့် စမ်းသပ်မှုများ၏ ၇၅ ရာခိုင်နှုန်းလောက်ကတော့ အောင်မြင်ခဲ့ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ မြင်းများဟာ ၎င်းတို့ မမြင်တာ ၆ လ ကျော်လောက် ရှိပြီဖြစ်တဲ့ မြင်းထိန်းများရဲ့ ဓာတ်ပုံများကိုပါ တိကျမှု ၇၅ ရာခိုင်နှုန်းလောက်နဲ့ ရွေးချယ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် မြင်းများ၏ မှတ်ဥာဏ်ဟာ အလွန်ကောင်းမွန်တာကိုတွေ့ရှိရပြီး ၎င်းတို့ဟာ လက်တလော ထိန်းကျောင်းနေသည့် မြင်းထိန်းများကိုရော ယခင် မြင်းထိန်းများကိုပါ ကောင်းကောင်းမှတ်မိနိုင်စွမ်းရှိတယ် ဆိုတာကို ပြသနေပါတယ်။

၇၅ ရာခိုင်နှုန်းဟာ တကယ်တော့ အထင်ကြီးလောက်စရာ ဖြစ်ပြီး ဒါဟာ ခွေးတွေ လုပ်ဆောင်နိုင်တာထက် ပိုပါတယ်။

ရှာဖွေတွေ့ရှိမှုတွင် မြင်းများဟာ ၎င်းတို့ ဖတ်ရှူခဲ့တဲ့ လူတွေရဲ့ ဓာတ်ပုံဟာ တကယ့် လူပုံရဲ့ 2D ပုံရိပ်ဆိုတာကို နားလည်ကြတယ်လို့ ဆိုပါတယ်။

သတိထားရမှာလား စိတ်အေးအေး နေရမှာလား အမြဲတမ်း သတိရှိနေရသည့် တိရိစ္ဆာန်တွေ အတွက်တော့ မိတ်ဆွေ နှင့် ရင်းနှီးသော မျက်နှာများကို ခွဲခြားခြင်း ကဏ္ဍဟာ လေတွေထက် များစွာ အရေးကြီးပါတယ်။

မြင်းများဟာ ဆက်ဆံရေး ကောင်းကြတဲ့ တိရိစ္ဆာန်များဖြစ်ပြီး ၎င်းတို့ဟာ အသံပြုခြင်း နှင့် ခန္ဓာကိုယ် အမူအရာများကို အသုံးပြုပြီး ၎င်းတို့အချင်းချင်း ဆက်သွယ်ကာ တကောင်နှင့် တကောင် သိကြပေမယ့် လူတွေကို မျက်နှာကြည့်ပြီး ခွဲခြားနိုင်ခြင်းကို ယခင်က မလေ့လာခဲ့ဖူးပါဘူး။

လူတွေ မြင်းတွေကို မွေးမြူလာကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင်ကျော် ကတည်းက ဖြစ်တဲ့အတွက် လူတွေနဲ့ ယဉ်ပါးနေတာဟာ အဓိပ္ပါယ်ရှိပါတယ်။

ယခင်က လေ့လာမှု တခုမှာ မြင်းတွေဟာ လူတွေရဲ့ မျက်နှာ အမူအရာတွေ၊ စိတ်ခံစားမှုတွေ ကို သိရှိနိုင်ပြီး မှတ်မိ နိုင်ကြောင်း လေ့လာခဲ့ပေမယ့် ဘယ်လောက် အထိ ခွဲခြားနိုင်လဲ ဆိုတာကတော့ အခုမှ လေ့လာတာ ဖြစ်ပါတယ်။

၇၅ ရာခိုင်နှုန်းဆိုတဲ့ ခွဲခြားနိုင်စွမ်းဟာ အလွန်မြင့်မားတဲ့ နှုန်းဖြစ်လို့ မြင်းတွေဟာ ဥာဏ်ကောင်းတဲ့ တိရိစ္ဆာန်အဖြစ် သတ်မှတ် နိုင်ပါတယ်။

ဒီလေ့လာမှုကို Scientific Reports တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.