လူသားတွေအတွက် Horseshoe crab ခေါ် ဗီလားတွေကို အသုံးပြုမှု ရပ်တန့် နိုင်တော့မည်

Article Science

Horseshoe crab ခေါ် ဗီလားကောင်တွေဟာ လူသားတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နေပေမယ့် စတေးခံ သတ္တ ဝါလေးတွေ ဖြစ်နေရတာ ကြာပါပြီ။

ကျောရိုးရှိ သတ္တဝါများ၏ သွေးကြောများတွင် သွေးဖြူဥကို သယ်ဆောင်ကြပေမယ့် Horseshoe crab များကဲ့သို့ ကျောရိုးမဲ့ သတ္တဝါများကိုတော့ amebocytes ကို သယ်ဆောင်ပါတယ်။

အဆိုပါ amebocytes ဟာ ရောဂါပိုးများနှင့် ထိတွေ့သည့်အခါ သွေးခဲစေသည့် ဓာတုပစ္စည်းကို ထုတ်လွှတ်တဲ့ အတွက် အန္တရာယ်ရှိတဲ့ ရောဂါပိုးများကို သီးခြားခွဲထုတ် နိုင်စေပါတယ်။

အထူးသဖြင့် ဗီလား၏ အပြာရောင်သွေးမှ amebocytes များဟာ endotoxins နှင့် ထိတွေ့သည့်အခါ ခဲလာတတ်ပါတယ်။

Endotoxins ဟာ ကိုယ်ခံအားကို တိုက်ခိုက်သည့် ဘက်တီးရီးယားများမှ ထွက်ရှိလာသည့် အရာဖြစ်ပြီး ဆေးဝါးများ၊ အပ်များ သို့မဟုတ် လူသွေးနှင့် ထိတွေ့သည့် နေရာများတွင် ရှိနေလို့ မရပါဘူး။

ဗီလားကောင်များ၏ ကျေးဇူးကြောင့် ယုန်များ သို့မဟုတ် အခြား သတ္တဝါများနှင့် စမ်းသပ်စရာမလိုဘဲ endotoxin ပါဝင်မှုကို သိရှိလာစေပါတယ်။

၎င်းတို့၏ သွေးမှ ဆင်းသက်လာသည့် ဓာတုပစ္စည်းကို Limulus Amebocyte Lysate သို့မဟုတ် LAL လို့ခေါ်ပြီး အသုံး ဝင်မှုကြောင့် ရွှေကဲ့သို့ အဖိုးတန်လာပါတယ်။

တလီတာလျှင် ဒေါ်လာ ၁၅,၀၀၀ လောက်အထိ တန်ဖိုးရှိတဲ့ ဗီလားကောင်များ၏ သွေးကို ရရှိဖို့ ကုမ္ပဏီများဟာ နှစ်စဉ် ဘီလား အကောင် ၆ သိန်းလောက်ကို အသုံးပြုနေ ရပါတယ်။

Illustration

၎င်းတို့ထံမှ အနည်းဆုံး အပြာရောင်သွေး ၃၀ ရာခိုင်နှုန်းကို ထုတ်ယူသုံးစွဲပြီး ပင်လယ်ထဲကို ပြန်လွှတ်တယ်လို့ ကုမ္ပဏီများက ဆိုကြပါတယ်။

တရားဝင် ထုတ်ပြန်ချက်အရ ပြန်လွှတ်သည့် ဘီလားကောင်များထဲမှ ၃-၄ ရာခိုင်နှုန်းကျော် ဆုံးရှုံးလေ့ ရှိတယ်လို့ ဆိုပေမဲ့ သယ်ယူပို့ဆောင်ခြင်း နှင့် ကိုင်တွယ်ခြင်းတို့ကြောင့် ၃၀ ရာခိုင်နှုန်းလောက်အထိ ဆုံးရှုံးရဖွယ် ရှိပါတယ်။

အစားထိုးဖို့ တွေ့ရှိပြီ

ဗီလားကောင်များအတွက် ကံကောင်းတာကတော့ ယခုလို လုပ်ဆောင်နေတာတွေ မကြာခင်မှာ ရပ်တန့်သွားတော့မှာပါ။

အကြောင်းကတော့ သွေးခဲစေသည့် သတ္တိရှိတဲ့ LAL အတွင်းမှ factor C ကို သုတေသီများက တွေ့ရှိခဲ့ပြီး အူအတွင်းမှ အ ဏုဇီဝ သက်ရှိများကို ပြုပြင်ကာ ဗီလားမှ ထွက်ရှိသည့် အတိုင်း ရရှိအောင် လုပ်ဆောင်နိုင်လို့ ဖြစ်ပါတယ်။

rFC လို့ခေါ်တဲ့ ဒီအရာဟာ ၂၀၀၃ ခုနှစ်ကတည်းက ဈေးကွက်ထဲ ရောက်ရှိနေခဲ့တာ ဖြစ်ပြီး Lonza Group ကုမ္ပဏီ တခုမှသာ ထုတ်လုပ်ခဲ့ပေမယ့် သိပ်ပြီး မပေါက်မြောက်ခဲ့ပါဘူဂ။

အဲဒီ့နောက် Hyglos GmbH ဆိုတဲ့ ကုမ္ပဏီက ၂၀၁၃ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပြီး LAL အတိုင်း အလုပ် လုပ်နိုင်တယ် ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဒီလုပ်ငန်းစဉ်ဟာ တဖြည်းဖြည်း အရှိန်ရလာမှာ ဖြစ်ပြီး အနာဂါတ်မှာ ဗီလားကောင်လေးတွေကို အသုံးပြုမှုအား လုံးဝ ရပ်တန့်နိုင်တော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com