ကမ္ဘာ့ အမြန်ဆုံး ပစ်ကပ် ထရပ်ကားဖြစ်တဲ့ Hot Streak II ကို ၁၉၉၀ ခုနှစ်များက တည်ဆောက်ခဲ့တာဖြစ်ပြီး တနာရီလျှင် မိုင် ၃၅၀ နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။
ဒါဟာ အလွန်လျှင်မြန်တဲ့ အရှိန်ဖြစ်ပြီး တကယ့် ကားလမ်းတွေပေါ်မှာ မစမ်းသပ်ရသေး သရွေ့ကတော့ အခြား ပစ်ကပ် ထ ရပ်ကားတွေ အားလုံးနှင့် ယှဉ်ရင်တောင် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
အကြောင်းကတော့ စမ်းသပ်စဉ်က ၎င်း၏ နောက်ကျောတွင် ဂျက်အင်ဂျင် ၂ လုံးကို တပ်ဆင်ပြီး အများသုံး ကားလမ်းတွင် စမ်းသပ်ခဲ့တာ မဟုတ်လို့ ဖြစ်တယ်လို့ Mortor 1 ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့တာပါ။
ဘယ်လိုပဲ ဖြစ်စေ ဂျက်အင်ဂျင်များကို တပ်ဆင်ပြီး ကားတွေကို အမြန်နှုန်း စံချိန်တင်ရတာ လွယ်ကူတဲ့ ကိစ္စတခု မဟုတ်ပါဘူး။
ဂျက်အင်ဂျင်များဟာ ကျွန်တော်တို့၏ ဦးတည်ရာကို ပိုပြီး မြန်ဆန်စွာ သွားလာနိုင်အောင် တွန်းအားနိုင်သည့် အပြင် လူသားများဟာ ဂျက်အင်ဂျင်ကို အသုံးပြုဖို့ ထူးခြားသည့် နည်းလမ်းများစွာ ဖန်တီးခဲ့ပါတယ်။

ဆိုလိုတာကတော့ ဂျက်အင်ဂျင်ကို လေယာဉ်တွေ ပျံသန်းနိုင်ဖို့ တခုထဲ အသုံးပြုနေတာ မဟုတ်ဘူး ဆိုတာပါပဲ။
ဟန်ဂေရီနိုင်ငံတွင် MiG-21 တိုက်လေယာဉ်၏ ဂျက်အင်ဂျင်ကြီး နှစ်လုံးကို မီးသတ်ယာဉ်အဖြစ် အသုံးပြုနေတာမျိုးကဲ့သို့ ထူးထူးဆန်းဆန်း တွေလည်း အသုံးပြုကြပါတယ်။
ဒီအကြောင်းကို “တင့်ကား ကိုယ်ထည်၊ လေယာဉ် ဂျက်အင်ဂျင်ကြီး ၂ လုံးနှင့် ဟန်ဂေရီမှ Big Wind ယာဉ်ကြီး အကြောင်း” ခေါင်းစဉ်ဖြင့် အပြည့်အစုံ ဖော်ပြပြီး ဖြစ်ပါတယ်။
Hot Streak II ကို ၁၉၉၀ ခုနှစ်များ က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ယနေ့ အချိန်အထိ ထရပ်ကားများတွင် အမြန်ဆုံး အဖြစ် ရပ်တည်နေပါတယ်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလများက တည်ဆောက်ခဲ့သည့် Hot Streak II ဟာ ယခင်က ဒီနာမည် မဟုတ်ပါဘူး။
ယခင်က နာမည်ဟာ Super Shockwave လို့ခေါ်ပြီး ဂျက်အင်ဂျင် စွမ်းအင်သုံးကားများ ကျွမ်းကျင်သူ Les Shockley က အမည်ပေးထားခဲ့တာပါ။
Ford၊ GMC နှင့် Chevrolet ကဲ့သို့ မော်တော်ကား ကုမ္ပဏီများက turbocharged အင်ဂျင်များ နှင့် လေးဘီးယက်စနစ်များကို အာရုံစိုက်နေစဉ် Shockley ကတော့ ဂျက်အင်ဂျင်များဘက်ကိုသာ အာရုံစိုက်နေခဲ့ပါတယ်။
Shockley ဟာ အသုံးမပြုတော့တဲ့ ဂျက်လေယာဉ် တစင်းမှ Westinghouse J34 အင်ဂျင် တစုံကို ဝယ်ယူခဲ့ပြီး ၎င်း၏ ဖန် တီးမှုကို စတင်လုပ်ဆောင်ပါတော့တယ်။

လေကြောင်းမှ ကျွမ်းကျင်သူများကတော့ အဆိုပါ အင်ဂျင်ဟာ ၁၉၄၀ ခုနှစ်များက ထုတ်လုပ်ခဲ့တာဖြစ်ပြီး အမေရိကန် စစ်ဘက်တွင် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့သည့် တာဘိုဂျက်အင်ဂျင်များ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းဟာ ထိုအင်ဂျင်များကို အမေရိကန် ရေတပ်တွင် အသုံးပြုခဲ့သည့် T-2 Buckeye လေယာဉ်ကျင့်ရေး ဂျက်လေယာဉ်မှ ရရှိခဲ့တာ ဖြစ်ပါတယ်။
ထို့နောက် 1957 Chevy ထရပ်ကားကို မွမ်းမံမှု အချို့ ပြုလုပ်ပြီး မူလက သတ္တုကိုယ်ထည်ကို ပိုမို ပေါ့ပါးသည့် fiberglass ဖြင့် ပြောင်းလဲ ခဲ့ပါတယ်။
အားလုံး ပြီးစီးသွားသည့်အခါ ၁၉၅၇ ခုနှစ်က ရှေးဟောင်း ထရပ်ကား အသွင်အပြင်နှင့် မြင်းကောင်ရေ ၂ သောင်းခွဲလောက်အထိ ထုတ်ပေးနိုင်သည့် Super Shockwave ကားကို ရရှိလာပါတယ်။

စွမ်းဆောင်ရည် မြင့်မားပြီး မြန်ဆန်လှပေမယ့် မော်တော်ကားလမ်း ပေါ်မှာ မောင်းနှင်ဖို့ကိုတော့ ခွင့်ပြုချက် ရမှာ မဟုတ်တာ အသေအချာပါပဲ။
Hot Streak II ဖြစ်ပေါ်လာပုံ
ထို့နောက် Shockley ဟာ ၎င်း၏ ပထမဆုံး ဖန်တီးခဲ့သည့် ဂျက်အင်ဂျင်သုံးကား Dragster ကို ဝယ်ယူခဲ့သူ Proffitt ၏ မြေး ဖြစ်သူ Hayden Proffitt II ဆီသို့ Super Shockwave ကို ထပ်မံရောင်းချခဲ့ပါတယ်။
၎င်း၏ အဖိုးဟာ ယခင်ကားကို Hot Streak လို့ အမည်ပြောင်းခဲ့သည့်အတွက် မြေးဖြစ်သူဟာလည်း ၎င်း ဝယ်ယူခဲ့သည့် Super Shockwave ကို Hot Streak II လို့ သူ၏ အဖိုး အမွေနာမည်အဖြစ် ပြောင်းလဲခဲ့ပါတယ်။
ဒါဟာ Hayden Proffitt II က Super Shockwave ကို ဝယ်ယူခဲ့တဲ့ တခုထဲသော အကြောင်းပြချက်တော့ မဟုတ်ပါဘူး။

၎င်းဟာ အထက်တန်းကျောင်းမှ ထွက်ပြီး အမေရိကန် လေတပ်၏ F-15 များနှင့် B-2 လေယာဉ်များကို ပြင်ဆင်သည့် မက္ကင်းနစ်တယောက်အဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။
ထို့ကြောင့် ဂျက်အင်ဂျင်သုံး ထရပ်ကားများမှ အိုမင်းနေသည့် အင်ဂျင်များကို ပြုပြင် ထိန်းသိမ်းမှုဟာ ၎င်းအနေဖြင့် လေ တပ်တွင် ရှိနေခဲ့သည့် အချိန်များအား ပြန်လည် သတိရဖို့အတွက်လည်း ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။