လေယာဉ်တွေ ပျံသန်းပုံနှင့် အခြား လေယာဉ်နှင့် ပတ်သက်သည့် ဗဟုသုတများ

Article Tech

လေယာဉ်တစင်း ဘယ်လို ပျံတက်သလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် တော်တော်များများလည်း သိချင်ကြပါတယ်။

ဒါပေမယ့် နည်းပညာ အသုံးအနှုန်းတွေနဲ့ ရှင်းပြတဲ့အခါ နားလည်ဖို့ရာ အနည်းငယ် ခက်ခဲမှုတွေ ရှိတတ်လို့ အတတ်နိုင်ဆုံး လူတိုင်း နားလည်နိုင်အောင် ရှင်းပြလိုပါတယ်။

လေယာဉ်ပေါ်မှာ သက်ရောက်နိုင်တဲ့ အားတွေနဲ့ ပတ်သက်ပြီး အောက်ပါ သရုပ်ပြ ပုံစံမျိုးကို တော်တော်များများ မြင်ဖူးပြီးသား ဖြစ်ပေမယ့် မြင်သာအောင် အနည်းငယ် ပြောင်းလဲပေးထားပါတယ်။

မြှားခေါင်းတွေက အဓိကအားဖြင့် သက်ရောက်နေတဲ့ အားရဲ့ ဦးတည်ရာတွေကို ဖော်ပြပေးထားပါတယ်။

အထက်ပါ ပုံအတွင်းမှ သက်ရောက်နေတဲ့ အား ၄ ခုမှာ လေယာဉ်ကို ပျံတက် စေတာကတော့ အဓိကအားဖြင့် ပင့်တင်အား (Lift) က လေယာဉ်ကို ကြွတက်စေတာဖြစ်ပြီး အဲဒီလို ကြွတက်နိုင်ရန်အတွက် လုံလောက်တဲ့ လေစီးအားကို ဂျက်အင်ဂျင် သို့မဟုတ် ပန်ကာတပ် အင် ဂျင်မှ ပေးတဲ့ တွန်းအား (Thrust) မှ ရရှိစေတာ ဖြစ်ပါတယ်။

အဆိုပါနည်းဖြင့် နောက်ဆွဲအားနှင့် အလေးချိန်/မြေဆွဲအား တို့ကို ဆန့်ကျင်ကာ လေယာဉ်ဟာ ကောင်းကင်ပေါ်သို့ ပျံတက် နိုင်တာပါ။

Technical အရ လေယာဉ် တစင်း ပျံသန်းဖို့ ပင့်တင်အား (Lift) အတွက် တွန်းအား (Thrust) မလိုဘူးလို့ ပြောလို့ရပေမယ့် Glider ကဲ့သို့ ယာဉ်များဟာ လေဟုန်စီးနိုင်ရုံသာ ဖြစ်ပြီး ကြာရှည်စွာ ပျံဝဲနိုင်ခြင်း မရှိပါဘူး။

ဒါ့ကြောင့် လေယာဉ်တစင်း ပျံသန်းဖို့အတွက် လုံလောက်တဲ့ တွန်းအား (Thrust) တော့ လိုအပ်ပါတယ်။

လေပေါ်သို့ ကြွတက် နိုင်စေဖို့ရာ အတွက်ကတော့ လေယာဉ်၏ အတောင်ပံ (Airfoil) ဒီဇိုင်းဟာ အလွန် အရေးပါပါတယ်။

လေယာဉ် တောင်ပံ (Airfoil) အလုပ်လုပ်ပုံ

လေယာဉ်တောင်ပံများဟာ လေယာဉ်ကို အဓိက မတင်ပေးတဲ့ အစိတ်အပိုင်းများ ဖြစ်ပြီး အသုံးပြုလိုသည့် အမြန်နှုန်း အပေါ် မူတည်ပြီး အရွယ်အစား၊ ပုံစံ ဒီဇိုင်းများကွဲပြားကြပါတယ်။

အောက်ပါ ပုံကတော့ လေယာဉ်တောင်ပံ (Airfoil) တခု၏ ယေဘုယျပုံ တပုံ ဖြစ်ပါတယ်။

လေယာဉ်တောင်ပံများ အလုပ်လုပ်သည့် ပုံစံကတော့ ရိုးရှင်းပါတယ်။

လေယာဉ်ဟာ တွန်းအား (Thrust) ကြောင့် ရှေ့သို့ သွားနေရာမှ တောင်ပံ တလျှောက် စီးဆင်းလာတဲ့ လေစီးကြောင်းများဟာ တောင်ပံ၏ ခုံးနေတဲ့ ဒီဇိုင်းကြောင့် ဖိအားနည်းလေစီးကြောင်းနှင့် ဖိအားမြင့် လေစီးကြောင်း နှစ်မျိုးအဖြစ် အပေါ်အောက် ကွဲပြီး စီးဆင်းသွားပါတယ်။

အဲဒီ့နောက်မှာတော့ တောင်ပံတွင် တပ်ဆင်ထားသည့် Flap ဟုခေါ်သည့် အပြားများကို အသုံးပြုပြီး လေယာဉ်အား လေပေါ် သို့ ပျံတက်စေပါတယ်။

အဓိကအားဖြင့် flap ဟာ လေယာဉ်၏ တွန်းအားအပေါ် မူတည်ပြီး ပင့်တင်အား ရရှိစေရန် အတောင်ပံ (Airfoil) ၏ angle of attack ကို ပြောင်းလဲ ပေးတာ ဖြစ်ပါတယ်။

ဒါဟာ လေယာဉ်တစင်းမှာ အလုပ်လုပ်ပုံ ဖြစ်ပြီး သာမန် စက္ကူလေယာဉ် ကဲ့သို့ ကစားစရာများ နှင့် စမ်းသပ်မှုများတွင် Flap များ အသုံးမပြုသည့် တိုင်အောင် အရှိန်နှင့် ကိုက်ညီတဲ့ မှန်ကန်သည့် ထောင့်တခု ရှိပါက တိကျသည့် ပင့်အားကို ရရှိမှာ ဖြစ်ပါတယ်။

လေယာဉ်ကို ဘယ်လို လှုပ်ရှားကြသလဲ

လေယာဉ်တွင် flap၊ aileron၊ rudder နှင့် elevator များ တပ်ဆင်ထားခြင်းဟာ လေယာဉ်ကို လိုသလို ထိန်းကျောင်းနိုင်စေဖို့ ဖြစ်ပါတယ်။

လေယာဉ်၏ လှုပ်ရှားမှုများကို Roll (လှိမ့်ခြင်း/ကွေ့ခြင်း)၊ Pitch (ထောင်တက်ခြင်း/အောက်စိုက်ခြင်း) နှင့် Yaw (ဘေးသို့ ယိမ်းခြင်း) စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်။

ထိုကဲ့သို့ လှုပ်ရှား ပျံသန်းမှုကို maneuver ဟု ခေါ်ဝေါ်ကြပြီး လေယာဉ်တစင်းဟာ maneuver ကောင်းပါက တည်ဆောက် သည့် ဒီဇိုင်း ကောင်းမွန်တယ်လို့ သတ်မှတ်ကြပါတယ်။

အောက်ဖော်ပြပါ ပုံကတော့ လေယာဉ်၏ aileron၊ rudder နှင့် elevator များကို အသုံးပြုပြီး ပျံသန်းသည့် ပုံစံများ ဖြစ်ကြ ပါတယ်။

This work adapted from Howthingsfly

လေယာဉ်တွေရဲ့ လှုပ်ရှား ပျံသန်းမှု (maneuver) တွေမှာ limit ရှိသလား

လေယာဉ်တွေဟာ စိတ်ကြိုက် ပျံချင်တိုင်း ပျံလို့တော့ မရပါဘူး။ သူတို့မှာ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

အထူးသဖြင့် angle of attack လို့ခေါ်တဲ့ တောင်ပံ (Airfoil) ရဲ့ ထောင့်ချိုးဟာ သတ်မှတ်ချက်တွေ ရှိနေပါတယ်။

angle of attack ၁၅ ဒီဂရီဟာ လေယာဉ်ကို Stall လို့ခေါ်တဲ့ ပင့်အား (Lift) လွတ်သွားစေတဲ့ ထောင့်တခု ဖြစ်ပါတယ်။

ဒါပေမယ့် ကွဲပြားတဲ့ တောင်ပံ ဒီဇိုင်းတွေကြောင့် Stall ဖြစ်စေတဲ့ angle of attack ဟာလည်း ကွဲပြားမှုတော့ ရှိပါတယ်။

ထိုကဲ့သို့ ပင့်အား လွတ်သွားပါက လေယာဉ်ဟာ လေပေါ်မှ ပြုတ်ကျပြီး ထိန်းချုပ်မှုမှ လွတ်ထွက်သွားတတ်ပါတယ်။

အခြေအနေ တခုအရ လေယာဉ်ဟာ လည်ထွက်သွားနိုင်ပြီး လည်ပြီး ပြုတ်ကျလာတဲ့ လေယာဉ်ဟာ အလွန်ကို ထိန်းချုပ် ရခက်တဲ့ အနေအထားတခုကို ရောက်ရှိသွားပါတယ်။

ထို့ကြောင့် လေယာဉ်မောင်း သင်တန်းများတွင် stall ဖြစ်နိုင်မှုကို ထိန်းချုပ် နိုင်ဖို့ရာအတွက် stalling angle တခုမှာ လေ့ ကျင့်မှုတွေ ပြုလုပ်ရလေ့ရှိပါတယ်။

တိုက်လေယာဉ်များနှင့် maneuver စွမ်းရည်များ

တိုက်လေယာဉ်များဟာ အမြန်နှုန်းမြင့်ကြပြီး သမားရိုးကျ လေယာဉ်၊ ခရီးသည်တင် လေယာဉ်များနှင့် မတူဘဲ ၎င်းတို့၏ တောင်ပံ (airfoil) ဒီဇိုင်းများဟာ ပိုမို ပါးလွှာကြပါတယ်။

ဝေဟင် လေယာဉ်ခြင်း စီးချင်ထိုးမှု (Dogfight) လုပ်ဆောင်ရာတွင် maneuver လုပ်နိုင်စွမ်းမှာ အလွန် အရေးပါလာတဲ့ အတွက် လေယာဉ်ကို လိုသလို ထိန်းချုပ်နိုင်အောင် ဒီဇိုင်းဆွဲလာ ကြပါတယ်။

Eurofighter၊ Rafale နှင့် Gripen ကဲ့သို့ တိုက်လေယာဉ်များတွင် Canard ကို တပ်ဆင်ကြပြီး အဓိကအားဖြင့် ၎င်းတို့ဟာ တြိဂံပုံစံ Delta အတောင်ပံကို တပ်ဆင်ထားတဲ့အတွက် Canard များဟာ အနောက်ဘက်တောင်ပံငယ်မှ အလျားလိုက် တည်ငြိမ်စနစ် နေရာအစား အသုံးပြုနိုင်ပါတယ်။

Canard တပ်ဆင်ထားပုံ

ဒါ့အပြင် အထက်က ဖော်ပြခဲ့သည့် Lift လွတ်သည့် Stall ပြသနာများကိုလည်း ဖြေရှင်းပေးနိုင်ပြီး လေယာဉ်ကို လိုသလို ပျံ သန်းနိုင်စွမ်း ရှိသည့်အတွက် ရုရှားတိုက်လေယာဉ် Su-30 များ တရုတ်၏ J-20 တိုက်လေယာဉ်များတွင်လည်း တပ်ဆင်ကြပါတယ်။

Stall ပြဿနာဟာ အဓိကအားဖြင့် တွန်းအား (Thrust) နည်းသည့် အချိန်တွင် ပင့်အားလွတ်ခြင်း ဖြစ်တဲ့ အတွက် အင်ဂျင်ဟာလည်း အလွန် အရေးပါပါတယ်။

တိုက်လေယာဉ်များတွင် တွန်းအား (Thrust) ကို ခဏအတွင်း ထုတ်ပေးနိုင်တဲ့ afterburner စနစ်များ ပါဝင်ပါတယ်။

afterburner အကြောင်းကို “ဂျက်တိုက်လေယာဉ်များတွင် အသုံးပြုသည့် Afterburner စနစ် ဆိုသည်မှာ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ခေတ်သစ် တိုက်လေယာဉ်များတွင် အင်ဂျင် အိပ်ဇောကို လိုသလို ရွေ့နိုင်သည့် 3D Thrust vectoring စနစ် (Su series တိုက်လေယာဉ်များတွင် အတွေ့များ) နှင့် 2D Thrust vectoring (F-22 တိုက်လေယာဉ်တွင်သုံး) စနစ်များကို အသုံးပြု လာတဲ့အတွက် လေယာဉ်ကို အကန့်အသတ် မရှိသလောက် နီးပါး ပျံသန်းနိုင်နေပြီ ဖြစ်ပါတယ်။

ယခု ဆောင်းပါးဟာ လေကြောင်းအင်ဂျင်နီယာ Aerodynamics ဘာသာရပ်ကို အခြေခံပြီး အကိုးအကားများ ယူကာ ရေး သားထားသည့် ဆောင်းပါး ဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက ထောက်ပြနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *