ခွေးလေးတွေ အရောင်တွေကို ဘယ်လို မြင်ကြသလဲ

Nature Science

ကမ္ဘာကြီးကို အရောင်အသွေး စုံလင် လှပတဲ့​ နေရာ တစ်​နေရာ ဖြစ်အောင် သဘာဝတရားကြီးက ဖန်တီး ထားသော်လည်း မြင်နိုင်စွမ်းပေါ် မူတည်ပြီး ခံစားမှုတွေလည်း တူ​ကြမှာ မဟုတ်ကြပါဘူး။

သာမန်လူ့မျက်လုံးတွေမှာဆိုရင် cones ဟုခေါ်တဲ့ အရောင်ခွဲခြားနိုင်သော ဆဲလ် သုံးမျိုး ပါရှိပြီး အဆိုပါ cones တစ်ခုစီဟာ အလင်းဝင်လာတဲ့အခါ လှုံ့ဆော်ပေးသည့် နည်းလမ်းကို နှိုင်းယှဉ်ပြီး

ကျွန်ုပ်တို့ရဲ့ဦးနှောက်တွေဟာ အနီရောင်လှိုင်းအလျား​တွေကို အစိမ်းနှင့် အပြာရောင် လှိုင်းအလျားကနေ အဝါရောင် အထိ ခွဲခြားပေးပါတယ်။

အခြား နို့တိုက် သတ္တဝါ အများစု ကဲ့သို့ပင် ခွေးလေးတွေရဲ့ မျက်လုံးတွေမှာ အရောင်ခွဲခြားနိုင်သော ဆဲလ်နှစ်မျိုးသာ ရှိကြတာပါ။

ဒါ့ကြောင့် ၎င်းတို့ရဲ့ ဦးနှောက်တွေဟာ အပြာရောင်နှင့် အဝါရောင် ခွဲခြားနိုင်သော်လည်း အနီရောင်တွေ၊ အစိမ်းရောင်တွေတော့ မခွဲခြားနိုင်ကြပါဘူး။

ဝါရှင်တန် တက္ကသိုလ်မှ အရောင်အမြင်ဆိုင်ရာ သိပ္ပံပညာရှင် Jay Neitz ရဲ့ ပြောကြားချက်အရ ခွေးလေးတွေနဲ့ပတ်သတ်ပြီး အရောင်ခံယူမှုဆိုင်ရာ ခေတ်မီ စမ်းသပ်မှုများ အများအပြားကို ပြုလုပ်ခဲ့ရာမှာ

ကျွန်ုပ်တို့ရဲ့အိမ်မွေး တိရစ္ဆာန်တွေရဲ့ မျက်လုံးတွေဟာ လူတွေလို အရောင် ခွဲခြားနိုင်သော ဆဲလ် သုံးမျိုးမရှိပဲ နှစ်မျိုးသာရှိတာကို တွေ့ခဲ့ရတယ်ဟု ဆိုပါတယ်။

ခွေးလေးတွေဟာ color-blind ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်တွေလို သူတို့ရဲ့ ဦးနှောက်တွေဟာ cone cells က အချက်ပြမှုတွေကို အပြည့်အဝမရရှိကြဘူး ဟု Neitz က ဆိုပါတယ်။

အပြာရောင်နှင့် အဝါရောင်တို့ကို မြင်နိုင်ဖို့ ခွေးလေးတွေ နှင့် color- blind လူသားတွေဟာ မျက်လုံးရဲ့ မြင်လွှာ အတွင်းရှိ အာရုံကြော​တွေကို အားကိုးကြရပါတယ်။

အနီနှင့် အစိမ်းရောင် ခရမ်းချဉ်သီးအား ခွေးတကောင်၏ အမြင်တွင် မြင်ရပုံ Image: Courtesy of  Jay Neitz/livescience

အဆိုပါ အာရုံကြောတွေဟာ cone ဆဲလ်တွေရဲ့ အဝါရောင်အလင်းအား တုံ့ပြန်မှုမှာ အားကောင်းကြပြီး အပြာရောင်အလင်း တန်းတွေဟာ cones တွေကို ထိမိတဲ့အခါမှာလည်း အာရုံကြောတွေဟာ လှုံ့ဆော်ပေးပါတယ်။

ခွေး​လေးတွေရဲ့ဦးနှောက်ဟာ အဆိုပါ အာရုံကြောတွေရဲ့ လှုံ့ဆော်မှု သို့မဟုတ် ဖိနှိပ်မှုကို အဝါရောင် သို့မဟုတ် အပြာရောင်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

သို့သော်လည်း ခွေးလေးတွေ နှင့် color- blind ဖြစ်တဲ့လူတွေဟာ အနီရောင်အလင်းနှင့် အစိမ်းရောင်အလင်းနှစ်ခုစလုံးရဲ့ နျူရွန်​တွေအပေါ် လှုံ့ဆော်မပေးတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။

အနီရောင်နဲ့ အစိမ်းရောင်ကို လှုံ့ဆော်မပေးတဲ့အတွက်​ကြောင့် ခွေးလေးတွေဟာ အဆိုပါအရောင်တွေကို မြင်နိုင်စွမ်းမရှိကြပါဘူး။

ဒါ့ကြောင့် သူတို့ဟာ အနီရောင် သို့မဟုတ် အစိမ်းမြင်သည့်နေရာတွေမှာ မီးခိုးရောင်အရိပ်များသာ တွေ့ရတာပါ။

လူမှ မြင်ရသည့် မြင်ကွင်း Image: Courtesy of  Jay Neitz/livescience

“color- blind ဖြစ်နေတဲ့ လူသားတစ်ယောက်ဟာ အနီရောင်နဲ့ အစိမ်းရောင်ရဲ့ ခံစားချက်တွေကို လွဲချော်နေမှာဖြစ်တယ် ” ဟု Neitz က Life’s Little Mysteries သို့ ပြောကြားခဲ့ပြီး

“ဒါပေမယ့် ခွေး​လေးတွေရဲ့ ခံစားချက်တွေက အနီနဲ့ အစိမ်းတွေ ပျောက်နေသလား၊ ဒါမှမဟုတ် သူတို့ရဲ့ ဦးနှောက်တွေက အရောင်တွေ ကွဲပြားနေသလားဆိုတာတော့ အတိအကျ မသိရသေးပါဘူး “ဟု ဆိုပါတယ်။

သို့​သော်လည်း color -blind ဖြစ်တဲ့ လူတွေ ကဲ့သို့ ခွေးလေးတွေကလည်း ကျွန်ုပ်တို့ ခေါ်တဲ့ “အစိမ်း” ဆိုတဲ့ အရောင်ကို ခွဲခြားဖို့ အခြားအချက်​တွေကို အသုံးပြုကောင်း ပြုပါလိမ့်မယ်။

“ဒါတွေကို အဖြေရှာဖို့ အထောက်အကူကောင်းတွေ အများကြီးရှိပါတယ်၊ ဥပမာအနေနဲ့ အနီရောင် အရာဝတ္ထုတွေဟာ အစိမ်းရောင်တွေထက် ပိုမှောင်တဲ့ဘက် ရောက်ပါတယ်” လို့ Neitz က ပြောကြားခဲ့ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.