ငှက်တွေသာ ထူးထူးခြားခြား အမြင့်ကို တက်ရောက် ပျံသန်းနိုင်ကြတာ မဟုတ်ပါဘူး။
တချို့သော အင်းဆက်ပိုးမွှားတွေကလည်း အံသြဖွယ်ကောင်းတဲ့ အမြင့်ပေမှာ ပျံသန်းနိုင်ကြတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။
အာဖရိကအလယ်ပိုင်းမှ ဇာတိဖြစ်တဲ့ Ruppell’s griffon လင်းတငှက်ဟာဆိုရင် အမြင့်ဆုံးပျံသန်းနိုင်တဲ့ ငှက်ဖြစ်ပြီး အမြင့်ပေ ၃၇,၀၀၀ (၁၁,၂၇၈ မီတာ) ထိ ပျံသန်းနိုင်ကြောင်း အစီရင်ခံ တင်ပြထားကြသော်လည်း အင်းဆက်ပိုးမွှားတွေကလည်း ကျွန်ုပ်တို့ ထင်ထားတာထက် သိသိသာသာ အမြင့်မှာ ပျံသန်းနိုင်တာကို တွေ့ရမှာပါ။

သိပ္ပံပညာရှင်တွေဟာ အမြင့် ၁၄၇၆၄ ပေ (၄၅၀၀ မီတာ) တွင်ပျံသန်းနေတဲ့ ကျိုင်းကောင်တွေ၊ အမြင့် ၁၆၄၀၄ ပေ (၅၀၀၀ မီတာ) ကျော်မှာတွေ့ရတဲ့ true bugs ၊ stoneflies ၊ mayflies နှင့် caddisflies အင်းဆက်တွေ ၊ အမြင့် ၁၉၆၈၅ ပေ (၆၀၀၀ မီတာ) ထက်မှာ တွေ့ရတဲ့ ယင် ကောင် တွေ နဲ့ လိပ်ပြာတွေကို စုဆောင်းပြီး လေ့လာခဲ့ကြတယ်လို့ Wyoming တက္ကသိုလ်မှ သတ္တဗေဒနှင့် ဇီဝကမ္မဗေဒဌာနမှ သုတေသီ Michael Dillon ကဆိုပါတယ်။
မြင့်မားတဲ့ အမြင့်မှာဆိုရင် အင်းဆက်တွေဟာ ငှက်တွေလိုပဲ “အပူချိန်နိမ့်ခြင်း ၊ အောက်ဆီဂျင်နည်းခြင်း နှင့် လေထုသိပ်သည်းဆနည်းခြင်း ” စတာတွေကို ရင်ဆိုင်ရတယ် လို့ Dillon က Live Science ကိုပို့တဲ့ အီးမေးလ်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
အင်းဆက်ငယ်လေးတွေဟာ ၎င်းတို့ရဲ့ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေးအောင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိမပေးနိုင်ကြောင်း Dillon က ရှင်းပြပါတယ်။
မြင့်မားတဲ့အမြင့်မှာဆိုရင် နေ့ရောညပါ အလွန်အေးတာဟာ ၎င်းတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာကို ထိခိုက်ရပ်တန့်စေနိုင်ပါတယ်။
ကျွန်ုပ်တို့လူသားတွေလိုပဲ အင်းဆက်ပိုးမွှားတွေဟာ စွမ်းအင်လိုအပ်ချက်များကို ထောက်ပံ့ပေးဖို့အတွက် အသက်ရှုခြင်းအပေါ် ကြီးမားစွာ မှီခိုအားထားရပါတယ်။

ဆိုလိုတာက အင်းဆက်တွေ ၎င်းတို့ရဲ့ တစ်ရှူးတွေ ကောင်းစွာ အလုပ်လုပ်ဖို့ အောက်စီဂျင်အလုံအလောက်ပေးဆောင်ရမှာကို ဆိုလိုခြင်းဖြစ်ပါတယ်။
မြင့်မားတဲ့ အမြင့်မှာ အောက်ဆီဂျင် လျှော့နည်းခြင်းဟာ ၎င်းတို့ရဲ့ အသက်ရှုနိုင်စွမ်းကို စိန်ခေါ်ခြင်းဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တယ်” ဟု Dillon က ဆိုပါတယ်။
လေထုသိပ်သည်းဆနည်းတဲ့အခါ အင်းဆက်တွေရဲ့တောင်ပံတွေဟာ အမြင့်ကိုပျံတက်ဖို့ ခက်ခဲစွာလုပ်ဆောင်ကြရပါတယ်။
အင်းဆက်တွေမှာ သူတို့ရဲ့ခန္ဓာကိုယ်ကို မြင့်တင်ပြီး ရွေ့လျားနေစေမယ့် တွန်းအားတွေကို ထုတ်ပေးဖို့အတွက် အတောင်ပံတွေမှာ မော်လီ ကျူး နည်းနည်းပဲ ရှိပါတယ်” ဟု Dillon ကဆိုပါတယ်။
Dillon ဟာ alpine bumblebees တွေရဲ့ ပုံမှန်မဟုတ်တဲ့ ပျံသန်းနိုင်မှု စွမ်းရည်များကို Biology Letters ဂျာနယ်မှာ ဖော်ပြရာတွင် ၂၀၁၄ တုန်းက လေ့လာ တွေ့ရှိမှုတွေကိုပါ တွဲဖက်ရေးသားခဲ့ပါတယ်။

အရမ်းမြင့်တဲ့ အမြင့်မှာရှိတဲ့ လေထုဖိအားပုံစံ ဖန်တီးထားတဲ့ အခန်းထဲမှာ ပျားတွေကို ထားခဲ့ပြီး ၎င်းတို့ဟာ ဧဝရတ်တောင်ထက်မြင့်တဲ့ အမြင့် ၂၉၅၂၈ ပေ (၉၀၀၀ မီတာ) ခန့်ရှိတဲ့ လေထုဖိအားမှာတောင် ပျံသန်းနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
သိပ္ပံပညာရှင်တွေဟာ ပျံသန်းနေစဉ်အတွင်း ပျားများကို မြန်နှုန်းမြင့် ကင်မရာများကို အသုံးပြုကာ ရိုက်ကူးခဲ့ကြပြီး ၎င်းတို့ဟာ လေပိုပါးတဲ့ နေရာတွေမှာ ပျံဝဲနိုင်ကြကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
“လေထု သိပ်သည်းဆ လျော့နည်းတဲ့ နေရာတွေမှာ ၎င်းတို့ တောင်ပံတွေရဲ့ ရွေ့လျားမှုကို ဘယ်လို ပြောင်းလဲတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်” ဟု Dillon က Live Science သို့ ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ဧဝရတ်တောင်ထက် ပိုမြင့်မားပြီး အပူချိန်များစွာ နိမ့်ကျတဲ့ နေရာ မှာဆို ပျားတွေ ၊အင်းဆက်တွေ မပျံသန်းနိုင်ကြောင်း သုတေသီတွေရဲ့ လေ့လာမှုမှာ ရေးသားထားပြီး အင်းဆက် ဇီဝဗေဒတွေနဲ့ ပတ်သတ်ပြီး မလေ့လာရသေးတာတွေ အများကြီးကျန်ရှိသေးတယ်ဟု Dillon က ဆက်လက်ပြောခဲ့ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။