အာရုံကြောများကို တိုက်ခိုက်နိုင်သည့် ဓာတုပစ္စည်းများပါဝင်သည့် neurotoxins အမျိုးအစား မြွေအဆိပ်ဟာ အခြား မြွေများ အပါအဝင် နို့တိုက် သတ္တဝါငယ်လေးများကို မိနစ်ပိုင်းအတွင်း ဇီဝိန်ချွေနိုင်ပါတယ်။
အချို့ မြွေမျိုးစိတ်များကတော့ အခြား သတ္တဝါများကို အသက်အန္တရာယ် ပေးနိုင်ပြီး ၎င်းတို့၏ မျိုးနွယ်တူ များ၏ ကိုက်ခဲမှုများမှ တောင် ရှင်သန် လွတ်မြောက်နိုင်စွမ်းရှိကြပါတယ်။
အခုတော့ သြစတေးလျနိုင်ငံ Queensland တက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုတခုအရ အဆိုပါ ဖြစ်စဉ်ဟာ တုန့်ပြန်မှု အာရုံကြောဆဲလ် များတွင် မျိုးရိုးဗီဇ အပြောင်းအလဲများ ဖြစ်ရာကနေ ဖြစ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
မျိုးရိုးဗီဇ ပြောင်းလဲမှုများကြောင့် စပါးအုံး၊ တောင်အာဖရိကမှ Mole မြွေမျိုးများ၊ southern stiletto မြွေမျိုးများဟာ အဆိပ်ရှိသည့် မြွေများတွင် တွေ့ရတတ်တဲ့ အာရုံကြောတိုက်ခိုက်သည့် အဆိပ်များဒဏ်ကို ခံနိုင်ရည် ရှိပါတယ်။

ပါမောက္ခ Bryan Fry နှင့် PhD ကျောင်းသား တယောက် ဖြစ်တဲ့ Richard Harris တို့ဟာအဆိုပါ မျိုးရိုးဗီဇ ပြောင်းလဲခြင်းနှင့် မြွေအဆိပ်ဒဏ်ခံနိုင်စွမ်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ ဒီမျိုးရိုးဗီဇ အဆင့်မှာ receptor ဆဲလ်လို့ ခေါ်တဲ့ တုန့်ပြန်မှု ပြုလုပ်တဲ့ အာရုံကြော ဆဲလ်များဟာ မြွေအဆိပ်နှင့် တူညီတဲ့ လျှပ် စစ် ဓာတ် ပုံစံမျိုး ရှိတာကို တွေ့ရှိခဲ့ရပါတယ်။
မြင်သာအောင် ပြောရရင် သံလိုက် ၂ ခု၏ အပေါင်း ၂ ဖက်ကို ထိတွေ့လျှင် တွန်းကန် သကဲ့သို ဒီ ဆဲလ်တွေနဲ့ မြွေအဆိပ်ဟာ အပြန်အလှန် တွန်းကန်မှု ရှိတဲ့ သဘော ဖြစ်ပါတယ်။
မျိုးရိုး ဗီဇ ပြောင်းလဲမှုမှ အားနည်းသည့် မြွေများကို alpha-neurotoxin လို့ခေါ်တဲ အထူး အဆိပ်အတောက်များကို ခံနိုင်ရည်စွမ်း ရှိစေပါတယ်။
အဖွဲ့ဟာ ဒီလို မျိုးရိုးဗီဇ ပြောင်းလဲမှုကို လေ့လာခဲ့ပြီး မြွေများ ကိုယ်တိုင်မှ အဆိပ်ကို ကာကွယ်နိုင်ရန် “အလိုအလျှောက် ခံနိုင်ရည်စွမ်း” ကို ဖန်တီးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

မြွေဟောက်နှင့် krait မျိုးနွယ် (ငန်းတော်ကျား၊ သံကွင်းစွပ် နှင့် ပင်လယ်ဂျပ်မြွေ ကဲ့သို့ မျိုးနွယ်များ) ကဲ့သို့ မြွေ အချင်းချင်း စားသုံးသည့် မြွေ များတွင် alpha-neurotoxins လို့ခေါ်တဲ့ မော်လီကျူး မျက်နှာပြင် လှုပ်ရှားရာ နေရာတွင် အဖို လျှပ်စစ် သတ္တိရှိတဲ့ အဆိပ် အ ဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
ဒီ အဆိပ်၏ မော်လီကျူးမျက်နှာပြင်မှ အရာများဟာ သားကောင်၏ သံလိုက်တွေ အဖိုနဲ့ အမ ဆွဲကပ်သကဲ့သို့ အမ လက္ခဏာ ဆောင်သည့် receptors ဆဲလ်များနှင့် ဆွဲကပ်နိုင်စေပါတယ်။
ဒါဟာ ဆွဲဆောင်မှုကြောင့်ဖြစ်တဲ့ အပြန်အလှန် တုန့်ပြန်မှုတခုကို ဖြစ်စေပြီး မြွေ၏ သားကောင်ကို မလှုပ်ရှားနိုင်အောင် အဆိပ်တက်လာစေပါတယ်။
သို့ပေမယ့် စပါးအုံးလို မြွေမျိုးမှာတော့ မျိုးရိုးဗီဇ ပြောင်းလဲမှုများ ရှိသဖြင့် ဒီလို အဆိပ်နှင့် အပြန်အလှန် တုန့်ပြန်မှုကို ရှောင်ရှား နိုင်ပါတယ်။

၎င်းတို့ဟာ သူတို့ရဲ့ ပစ်မှတ်ရဲ့ receptor ဆဲလ်၏ အမိုင်နို အက်ဆစ်ကို အနှုတ် မှ အပေါင်း လျှပ်စစ်ဓာတ်အဖြစ် ပြောင်းလဲ ပေးခြင်းဖြင့် alpha-neurotoxins အဆိပ်၏ ပေါင်းစည်းနိုင်သည့် သတ္တိကို တားဆီးပေးပါတယ်။
ဒီလို ရှာဖွေတွေ့ရှိမှုဟာ နာဗ်ကြော အတုများကို ဖန်တီးပြီး မျိုးရိုးဗီဇ ပြောင်းလဲမှုရှိခြင်း နှင့် မရှိခြင်းတို့အပေါ်တွင် အဆိပ်၏ တုန့်ပြန်မှုကို လေ့လာခြင်းဖြင့် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ဟာ မော်လီကျူးများအကြား အပြန်အလှန် တုန့်ပြန်မှုများကို အားလုံးနီးပါးလောက် တိုင်းတာနိုင်တဲ့ နောက်ဆုံးပေါ် ဇီဝ အာရုံခံ ကိရိ ယာ biosensors များကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Reference: BBC Science
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။