လေဆင်နှာမောင်း
Twister လို့ခေါ်တဲ့ လေဆင်နှာမောင်းဟာ ကြီးမားသော မိုးကြိုးမုန်တိုင်းတစ်ခုမှ မြေပြင်ပေါ်သို့ တိုက်ခတ်တဲ့ လည်နေတဲ့ ကတော့ပုံစံရှိတဲ့ တိမ်တိုက်တစ်ခုပဲဖြစ်ပါတယ်။
၎င်းတို့ဟာ ကမ္ဘာပေါ်တွင်အလျင်မြန်ဆုံး လေတိုက်မှု နှုန်းများဖြစ်ပြီး တစ်နာရီလျှင်မိုင် ၃၀၀ နှုန်းအထိတိုက်ခတ်နိုင်ပါတယ်။
Mesocyclones သို့မဟုတ် supercells လို့ခေါ်တဲ့ ဒီလှည့်လည်နေတဲ့ မိုးကြိုးမုန်တိုင်းတွေဟာ supercell ရဲ့အောက်ဘက်မှ အေးပြီးစိုထိုင်းတဲ့ လေစီးကြောင်းတွေဟာ အပေါ်ဘက်မှ နွေးတဲ့လေနဲ့ ဆုံတဲ့အခါမှာ လေဆင်နှာမောင်းများ ဖြစ်လာပါတယ်။

လေဆင်နှာမောင်း
ဆိုင်ကလုန်း မုန်တိုင်း
ပူနွေးစွတ်စိုတဲ့ လေဟာ သမုဒ္ဒရာ မျက်နှာပြင်မှ မြင့်တက်လာသောအခါ ၎င်းဟာ လေဖိအားနည်း ရပ်ဝန်းတခုကို ချန်ထားခဲ့ပါတယ်။ ဘေးပတ်ပတ်လည်မှ ဝန်းရံနေတဲ့ လေထုဟာ အဆိုပါ ရပ်ဝန်းကို ဖြည့်ပေးသည့်အခါ ၎င်းတို့ပါ ပူနွေးလာပါတယ်။
စိုထိုင်းတဲ့ လေများဟာ တိမ်ထုကို ဖြစ်ပေါ်စေပြီး သံသရာလည်နေစဉ် တိမ်တိုက်များဟာ အောက်တွင်ရှိသည့် နွေးထွေးသည့်ရေများမှ ပင့်တင်မှုဖြင့် ဝဲကတော့ပုံစံ လည်ပတ်လာကြပါတယ်။
ထို့ကဲ့သို့ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်လာရာမှ အရှိန်မြင့်တက်လာပြီး ဟာရီကိန်း သို့မဟုတ် တိုက်ဖွန်း မုန်တိုင်းများ ဖြစ် ပေါ်လာပါတယ်။
မုန်တိုင်း အမည်ကွဲပြားမှုများကို လေ့လာနိုင်ဖို့ “ဆိုင်ကလုန်း၊ ဟာရီကိန်းနှင့် တိုင်ဖွန်း မုန်တိုင်း အမည်များ၏ ကွဲပြားချက်များ” တွင် ဖတ်ရှုနိုင်ပါတယ်။
အဖျက်အား ကြမ်းတဲ့ လေဆင်နှာမောင်းများနှင့် အခြား မုန်တိုင်းများကို တားဆီး နိုင်ဖို့အတွက် သုတေသီများဟာ နည်းမျိုးစံကို စဉ်းစားနေကြတာ အတော် ကြာပြီ ဖြစ်ပါတယ်။

အာကာသထဲမှ မြင်ရသည့် ဟာရီကန်း မုန်တိုင်းတခု
လက်ရှိအချိန်မှာတော့ လေဆင်နှာမောင်း နှင့် အခြား မုန်တိုင်း များကို တားဆီးနိုင်ဖို့ နည်းလမ်းများ တွေ့ရှိထားပြီး ဒီနည်းလမ်းတွေကို လာမယ့် ဆယ်စုနှစ်များမှာ စမ်းသပ်နိုင်ဖွယ် ရှိပါတယ်။
ဖြစ်နိုင်ဖို့ အလွန်ခက်ခဲတဲ့ အရာတွေ ပါဝင်ပေမယ့် အဲဒီ့အထဲက နည်းလမ်း ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။
မိုက်ခရိုဝေ့ဖ်
သုတေသနများမှ လေဆင်နှာမောင်းများ ဖြစ်ပေါ်ဖို့ရာအတွက် အေးမြသည့် အောက်သို့ဆင်းလာသော လေနှင့် ပူနွေးပြီး အပေါ်သို့ တက်လာသည့်လေ လိုအပ်တာကို တွေ့ရပါတယ်။
လေဆင်နှာမောင်းများ ဖြစ်ပေါ်ခြင်းကို ရပ်တန့်ရန်အတွက် အောက်သို့ ဆင်းလာမည့် လေအေးများကို အပူပေးခြင်းဟာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါဆို ဒါကို ဘယ်လို အကောင်အထည်ဖော်နိုင်မှာလည်း မေးခွန်းထုတ်စရာပါ။
သုတေသီတွေ နောက်ဆုံး စဉ်းစားထားတဲ့ အကြံကတော့ ဂြိုဟ်တုများစွာကနေ မိုက်ခရိုဝေ့ဖ်များနှင့် အဆိုပါ လေထုကို လှမ်းထိုးဖို့ ဖြစ်ပါတယ်။
ဂြိုဟ်တုများမှ နေရောင်ခြည်စွမ်းအင်ကို စုဆောင်းကာ မိုက်ခရိုဝေ့ဖ် အဖြစ်ပြောင်းလဲပြီး ကမ္ဘာဆီသို့ ပြန်လည်ထိုးကာ အသုံးပြုမှာပါ။

တိမ်တိုက်တခု
ဥရောပ အာကာသ အေဂျင်စီဟာ ဒီလိုလုပ်ဆောင်နိုင်တဲ့ ဂြိုဟ်တု အမျိုးအစားတွေ တည်ဆောက်ဖို့အတွက် ရန်ပုံငွေများ ထောက်ပံ့ထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ပထမဆုံး အနေဖြင့်တော့ အဆိုပါ ဂြိုဟ်တုများကို ရာသီဥတု ပြုပြင်ဖို့ အတွက် မဟုတ်ဘဲ နေရောင်ခြည် စွမ်း အင် ထုတ်လုပ်ရေး စခန်းများအဖြစ် ကနဦး အသုံးချဖွယ် ရှိပါတယ်။
ရေငွေ့များအား တားဆီးပြီး ဟာရီကိန်း မုန်တိုင်းအား ရပ်တန့်ခြင်း
ဟာရီကိန်း မုန်တိုင်းများဟာ ပင်လယ်ရေ အငွေ့ပျံခြင်းမှ ၎င်းတို့၏ စွမ်းအင် အများစုကို ရရှိတဲ့အတွက် မြေပြင်ပေါ် ရောက်သည့်အခါ ခဏနှင့် အားပျော့သွားလေ့ ရှိပါတယ်။
ဒီလို မုန်တိုင်းများကို ကာကွယ်ဖို့အတွက် နည်းလမ်းတခုကတော့ ရေခိုးရေငွ့များ အငွေ့ပျံခြင်းကို တားဆီးဖို့ဖြစ်ပြီး ရေပေါ်တွင် ဆီပါသည့် အလွှာပါး တခု ဖန်တီးတာ ဖြစ်ပါတယ်။
ဒါဟာ လက်တွေ့ ကျကျဖြစ်ဖို့တော့ ခက်ခဲပါလိမ့်မယ်။
ဒါ့ထက် လက်တွေ့ အနည်းငယ် ကျတဲ့ နည်းလမ်းကိုတော့ “ဟာရီကိန်း မုန်တိုင်းတွေကို မကြီးထွားဘဲ ရပ်တန့် နိုင်စေမယ့် နည်းပညာ စမ်းသပ်နေ” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။
နေစွမ်းအင်ကို တိုက်ရိုက် အသုံးပြုခြင်း
နောက်ဆုံး အယူအဆကတော့ အခက်ခဲဆုံး ဖြစ်မယ်လို့ ယူဆရပြီး နေ၏ စွမ်းအင်ကို အသုံးချပြီး ဟာရီကိန်း မုန်တိုင်းရှေ့မှ လေထုကို အပူပေးတာ ဖြစ်ပါတယ်။

တိမ်တိုက်တခု
၎င်းကို ပထမဆုံး ဖော်ပြခဲ့သည့် မိုက်ခရိုဝေ့ဖ် ဂြိုဟ်တုများ အသုံးပြုခြင်း သို့မဟုတ် ကမ္ဘာ့ပတ်လမ်းအတွင်းတွင် လှည့်ပတ်နေမည့် မှန်ကြီးများကို အသုံးပြုပြီး လုပ်ဆောင်ဖို့ပါ။
အထက်ပါ အယူအဆ အားလုံးဟာ လွန်ကဲသည့် တွေးခေါ်မှု အဆင့်မှာသာ ရှိသေးပေမယ့် အခြေခံယူပြီး စဉ်းစားထားတာတွေကတော့ ယုတ္တိရှိပါတယ်။
ဒါ့ကြောင့် အနာဂါတ်မှာ ဒီထက် ပိုကောင်းပြီး လက်တွေ့အားဖြင့် ပိုမိုလွယ်ကူမည့် အကြံကောင်းတွေကို သုတေသီတွေက ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ယခု ဆောင်းပါးကို Popular Science မဂ္ဂဇင်း၏ “3 wild ideas for how to stop a tornado” ဆောင်းပါးအား မှီငြမ်း ရေး သားထားတာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 28/3/2022