F-35 တိုက်လေယာဉ်တွေကို အမေရိကန်တွေ ထိန်းချုပ် ထားသည့် ပုံစံ

Knowledge Military

Lockheed Martin မှ ထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဉ်ဟာ ကမ္ဘာပေါ်တွင် တမျိုးထဲသော နိုင်ငံတကာ ဈေးကွက်ဝင် ပဥ္စမမျိုးဆက် ရေဒါပျောက် တိုက်လေယာဉ် ဖြစ်ပြီး အမေရိကန်၏ အဓိက ကျောရိုး တိုက်လေယာဉ်အဖြစ် အနာဂါတ်တွင် အသုံးပြုသွားမှာပါ။

အမေရိကန်နိုင်ငံထံမှ F-35 ဝယ်ယူခွင့် ရသည့်နိုင်ငံဟာ အမေရိကန်နှင့် ပိုမို နီးကပ်သည့် မဟာမိတ် ဆက်ဆံရေး ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဒါ့ကြောင့် F-35 တွေ ဝယ်ယူခွင့်ပြု တယ်ဆိုတာ ” မျက်နှာသာပေးတယ်” ဆိုတဲ့ သဘောဖြစ်ပြီး ဝယ်ယူခွင့် မပြုတာဟာ “အပြစ်ပေးခြင်း” ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

အစ္စရေး နိုင်ငံဟာ F-35 ရေဒါပျောက် တိုက်လေယာဉ်များကို ပထမဆုံး ဝယ်ယူခွင့် ရရှိခဲ့တဲ့ နိုင်ငံ ဖြစ်လို့ မျက်နှာသာ ပေးခြင်း ခံရတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် တူရကီကတော့ ရုရှားလုပ် S-400 လေကြောင်း ကာကွယ်ရေး ဒုံးကျည်များကို မဝယ်ယူဖို့ အမေရိကန်၏ ဖိအားပေးမှုကို လျစ် လျူ ရှုခဲ့သဖြင့် F-35 များ ဝယ်ယူခွင့်ကို ဆုံးရှုံးခဲ့ပါတယ်။

F-35 တိုက်လေယာဉ်တွင် အသုံးပြုထားသည့် ဆော့ဝဲလ် နှင့် ကွန်ယက် စနစ်ဟာ နိုင်ငံရေးအရလည်း သိသိသာသာ အရေးပါ လှပါတယ်။

အကြောင်းကတော့ လေပေါ်မှာ ပျံသန်းနေတဲ့ F-35 များဖြစ်စေ မြေပြင်ပေါ်မှာ ရပ်တန့်ထားသည့် F-35 များဖြစ်စေ ၎င်းတို့ဟာ အလွန်ကြီးမားလှတဲ့ အလိုအလျှောက် ထောက်ပံ့ရေး စနစ်ကြီးဖြင့် ကွန်ယက် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ Serial နံပါတ်တွေ၊ ကွန်ယက်မှ ချိတ်ဆက်မှုဖြုတ်ကာ ရပ်တန့်ထားတဲ့ အချိန် offline time တွေ၊ အသုံးပြု ပျံသန်းချိန်တွေ၊ အဆင့်မြှင့်တင်ရန် နှင့် ပြုပြင် ထိန်းသိမ်းရန် လိုအပ်မှု အချက်အလက်တွေ အားလုံးဟာ Lockheed ၏ အချက်အလက် သိုလှောင်ရာ database အတွင်းမှာ အားလုံး ရှိနေပါတယ်။

လေယာဉ်ကို အသုံးပြုသူမှ ၎င်း၏ လေယာဉ်ရဲ့ ပြုပြင်ထိန်းသိမ်းဖို့ အချိန်ရောက်ရှိလာပြီး အပိုပစ္စည်းများ လဲလှယ် ရတော့မှာကို ဂရုမပြုမိရင်တောင် Lockheed ကုမ္ပဏီဖက်မှ လိုအပ်သည့် အပိုပစ္စည်းများကို စီစဉ်ပေးနိုင်ပါတယ်။

Lockheed ဟာ လေယာဉ်များကို အဝေးမှ နည်းပညာပိုင်း ပံ့ပိုးပေးရုံသာမက စက်ပိုင်းဆိုင်ရာ အခြေအနေများ၊ လေယာဉ် လမ်းကြောင်းများ၊ တပ်ဆင်ထားသည့် ပစ္စည်းများနှင့် လေယာဉ် ပျံသန်း လှုပ်ရှားပုံများကိုပါ အဝေးမှာ စောင့်ကြည့်နိုင်ပါတယ်။

အဲဒီ့ စနစ်ဟာ လေယာဉ် ပြုပြင် ထိန်းသိမ်းမှုကို ကိုင်တွယ်သည့် အမှုထမ်း၏ အရည်အသွေး ပြည့်မှီမှု ရှိမရှိကိုပါ ပုံမှန် စစ်ဆေးနေပြီး ရာထူး တိုးသင့် မတိုးသင့်ကိုတောင် ဆုံးဖြတ်ပေးနိုင်ပါတယ်။

ဒီလို အကဲဖြတ် စစ်ဆေးရာမှာ Lockheed မှ အရည်အသွေး မပြည့်မှီသေးတဲ့ အမှုထမ်းကို ကုမ္ပဏီ၏ ကွန်ယက်ထဲသို့ ဝင်ရောက်ခွင့် မပြုသောကြောင့် ၎င်းအနေဖြင့် အလုံးစုံ ပြုပြင်ခြင်း နှင့် အခြားပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ် ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

အထက်ပါ အချက်တွေဟာ F-35 ရေဒါပျောက် လေယာဉ်များကို အသုံးပြုတဲ့ နိုင်ငံများအတွက် အားလုံး ကောင်းမွန်တဲ့ ကိစ္စတွေတော့ မဟုတ်ပါဘူး။

အကြောင်းကတော့ တဖက်မှာ လေယာဉ်၏ ပြုပြင် ထိန်းသိမ်းမှု ဆိုင်ရာ ကိစ္စများနှင့် အရည်အသွေးဟာ မြင့်မားပြီး ကောင်းကျိုးတွေ ရှိပေမယ့် တဖက်မှာတော့ အသုံးပြုတဲ့ အမှုထမ်းများ အားလုံး၏ မျက်နှာတွေကိုပါ အသုံးပြုတဲ့အတွက် နိုင်ငံရဲ့ အချုပ်အခြာအာဏာ နှင့် လုံခြုံရေးကို ထိခိုက်စေပါတယ်။

သီအိုရီအားဖြင့် Lockheed ဟာ အမေရိကန် လေတပ်ကိုပါ စောင့်ကြည့်နိုင်တယ် ဆိုပေမယ့် Lockheed နဲ့ အမေရိကန်လေတပ်ဟာ အတူ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်လို့ အတူတူပဲလို့ သတ်မှတ်ရမှာပါ။

ဒါ့ကြောင့် အမေရိကန်အနေဖြင့် အခြားနိုင်ငံများမှ အသုံးပြုနေတဲ့ F-35 တိုက်လေယာဉ်များကို အချိန်ပြည့် စောင့်ကြည့်နိုင်နေပေမယ့် အဲဒီ့နိုင်ငံတွေကတော့ အမေရိကန် F-35 လေယာဉ်တွေ ဘာလုပ်နေလဲ မသိရပါဘူး။

F-35 တိုက်လေယာဉ်တွင် အသုံးပြုနိုင်သည့် ဆော့ဝဲလ်၏ စနစ်များဟာလည်း နိုင်ငံတွေ အပေါ်မူတည်ပြီး ကန့်သတ်ထားပါသေးတယ်။

ဥပမာအားဖြင့် နျူကလီးယား လက်နက် တပ်ဆင် အသုံးပြုနိုင်သည့် စနစ်ကို NATO မဟာမိတ် နိုင်ငံများတွင် ဂျာမနီ တနိုင်ငံသာ ခွင့်ပြုထားတာမျိုး ဖြစ်ပါတယ်။

ပြောရရင် လေယာဉ်ကို high G ပျံသန်းမှုများကိုတောင် မလုပ်စေလိုပါက ဆော့ဝဲလ်ထဲကို လှမ်းပိတ်လိုက်လို့ ရပါတယ်။

ဒါ့အပြင် အမေရိကန် လက်နက်ရောင်းချမှု သတ်မှတ်ချက်များတွင် ဝယ်ယူသူများဟာ အမေရိကန်၏ မဟာမိတ် နိုင်ငံများ၊ လူအခွင့်အရေးနှင့် တရားမျှတမှုကို ချိုးဖောက်သည့် တိုက်ပွဲများတွင် အသုံးမပြုရဆိုသည့် အချက် ပါဝင်ပါတယ်။

F-35 တွင် တပ်ဆင်ထားသည့် ဆော့ဝဲလ် စနစ်ဟာ အမေရိကန်နှင့် ချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက် လုံခြုံရေးအရ အရေးကြီးပါတယ်။

ဒါပေမယ့် လေယာဉ်စနစ်ကြီး တခုလုံး၏ ကွန်ယက်ထဲသို့ အခြားမှ ဝင်ရောက် နိုင်ဖို့ဆိုတာ အလွန်ကို မလွယ်ကူတဲ့ ကိစ္စတခု ဖြစ်ပါတယ်။

တကယ်လို့ အချက်အလက်တွေ ခိုးယူခံရပါက တကမ္ဘာလုံး ကွန်ယက် ချိတ်ဆက်ထားတဲ့ F-35 တိုက်လေယာဉ်များ အားလုံးရဲ့ တည်နေရာတွေ၊ လုပ်ဆောင်နေမှုတွေ စတဲ့ အလုံးစုံ အချက်အလက်တွေ ပေါက်ကြားသွားနိုင်မှာ ဖြစ်ပေမယ့် ဒီစနစ်ကို လုံခြုံမှု အပြည့်ရှိအောင် တည် ဆောက်ထားပါတယ်။

အဆုံးသတ်အနေဖြင့် F-35 တိုက်လေယာဉ်များကို ဝယ်ယူနိုင်တဲ့ နိုင်ငံဟာ အမေရိကန်နှင့် တသားထဲကျနိုင်မည့် မဟာမိတ် နိုင်ငံသာ ဝယ် ယူဖို့ရာ အဆင်ပြေနိုင်မှာ ဖြစ်ပြီး ထိန်းချုပ်မှု များစွာ ပြုလုပ်ထားတဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *