Bell Textron ဟာ အမေရိကန် စစ်တပ်အတွက် မြန်နှုန်းမြှင့် ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်တဲ့ နည်းပညာကို အသုံး ပြုထားတဲ့ မျိုးဆက်သစ် လေယာဉ်၏ အယူအဆ ဒီဇိုင်းကို ၂၀၂၁ ခုနှစ် ကတည်းက ပြသထားပါတယ်။
ကုမ္ပဏီ၏ အစောပိုင်း High-Speed Vertical Take Off and Landing (HSVTOL) အယူအဆဟာ လေယာဉ်များ၏ လွတ် မြောက် နိုင်စွမ်း အတွက် ဂျက် လေယာဉ်တစင်းကဲ့သို့ အမြန်နှုန်းနှင့် စစ်ဆင်နိုင်သည့် အကွာအဝေးရှိပြီး ရဟတ်ယာဉ်ကဲ့သို့ ပျံသန်းနိုင်ရမယ့် လေယာဉ်အဖြစ် ရည်ရွယ်တာဖြစ်ပါတယ်။
မေလ ၂၀၂၁ ခုနှစ်မှာတော့ အမေရိကန် သုတေသန ဓာတ်ခွဲခန်း (AFRL) မှ Bell ကုမ္ပဏီနှင့် HSVTOL နည်းပညာသုံး အမြန်နှုန်း၊ အကွာအဝေးနှင့် လွတ်မြောက်နိုင်သည့် စွမ်းရည်များ ပိုမို ကောင်းမွန်တဲ့ လေယာဉ်များ ထုတ်လုပ်ဖို့ စာချုပ်ချုပ်ဆို ခဲ့ပါတယ်။
အဲဒီ့အချိန်က အသေးစိတ် အချက်အလက်များကို မဖော်ပြခဲ့ပေမယ့် အခုတော့ ကုမ္ပဏီက ဒီစီမံကိန်းအအကြောင်း အနည်း ငယ်ကို အသိပေးထားပြီး ဖြစ်ပါတယ်။
Bell ၏ မူပိုင်ခွင့် စာရွက်စာတမ်းများနှင့် ကုမ္ပဏီမှ ထုတ်ပြန်သည့် ပုံများအရ လေယာဉ်သစ် အယူအဆ ဒီဇိုင်းဟာ လက်ရှိ ကုန်းရေ နှစ်သွယ် စစ်ဆင်ရေးများတွင် အသုံးပြုနေတဲ့ V-22 Osprey နှင့် ဆင်တူနေပါတယ်။

ရဟတ်ယာဉ်များလို ဒေါင်လိုက် အတက်ဆင်းလုပ်နိုင်ပြီး ပန်ကာကို အလျားလိုက်ပြောင်းကာ ပျံသန်းနိုင်သည့် မရင်းတပ် ဖွဲ့၏ V-22 Osprey
V-22 များဟာ ပန်ကာတပ် လေယာဉ်များဖြစ်ပေမယ့် ယခု လေယာဉ်သစ်မှာတော့ သာမန်လေယာဉ်ကဲ့သို့ ပျံသန်းချိန်တွင် ဂျက်အင်ဂျင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။
ထုတ်လုပ်သူများ အဆိုအရ အဲဒီ့လေယာဉ်ဟာ ဂျက်လေယာဉ်များကဲ့သို အမြန်နှုန်း တနာရီ ၆၄၀ မိုင်နှုန်း ဖြင့် ပျံသန်းနိုင်မယ်လို့ သိရပါတယ်။
Bell မှ ဒီ HSVTOL လေယာဉ်သစ်ဟာ လူမလိုက်ပါတဲ့ ပြန်လည်ထူထောင်ရေး စစ်ဆင်ရေးများမှသည် နည်းဗျူဟာမြောက် တပ်ရွှေ့မှုများ အထိ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
လေယာဉ်သစ်ဟာ အရွယ်အစား အမျိုးမျိုး ဖြင့် ထုတ်လုပ်ဖွယ်ရှိပြီး စုစုပေါင်း အလေးချိန် ပေါင် ၄၀၀ မှ ပေါင် ၁ သိန်းကြား ရှိနိုင်ပြီး လက် ရှိ အမေရိကန်လေတပ်၏ CV-22 လေယာဉ်များထက် ၂ ဆ လောက် ရှိနိုင်မှာပါ။

လေယာဉ်သစ်၏ ကနဦး ဒီဇိုင်းပုံစံ Image: Courtesy of Bell
Bell ၏ ကွန်ပျူတာ ဒီဇိုင်းများအရ အဆိုပါ လေယာဉ်ကို မောင်းသူမဲ့လေယာဉ် နှင့် မောင်းသူပါ လေယာဉ် မျိုးကွဲ ၂ မျိုး စ လုံးဖြင့် ထုတ်လုပ်ဖွယ်ရှိပြီး ရေဒါပျောက် နည်းပညာများလည်း ပါရှိနိုင်ပါတယ်။
ယခု Bell မှ လုပ်ဆောင်နေတဲ့ HSVTOL နည်းပညာရဲ့ စွမ်းဆောင်မှုဟာ အနာဂါတ် စစ်ဆင်ရေးများ အတွက် အလွန် အရေး ကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေပြီး
လေယာဉ်ကို ပြေးလမ်းများအပေါ် မမှီခိုစေခြင်း၊ စစ်ဆင်ရေး မျိုးစုံ ဆောင်ရွက်နိုင်ခြင်း၊ လွတ်မြောက်နိုင်စွမ်း မြင့်မားခြင်း နှင့် ယခင်က စစ် ဆင်ရေးများကို ပိုမို စွမ်းဆောင်လာနိုင်ခြင်း စတဲ့ တိုးတက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။
Bell ဟာ ဒေါင်လိုက် အတက်အဆင်း လေယာဉ်များမှာ အတွေ့အကြုံ ကောင်းကောင်း ရှိတဲ့အတွက် အနာဂါတ် HSVTOL နည်းပညာသုံး မျိုးဆက်သစ် လေယာဉ်များမှာလည်း နည်းပညာအဆန်း၊ ဒီဇိုင်းအဆန်းတွေနဲ့ မြင်လာရဖွယ် ရှိပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။