ကနေဒါနိုင်ငံမှ Huawei နှင့် ZTE မိုဘိုင်းဆက်သွယ်ရေး စက်ပစ္စည်းများကို ပိတ်ပင်လိုက်တဲ့ အကြောင်း

News Telecom

ကနေဒါနိုင်ငံဟာ နာမည်ကြီး တရုတ် မိုဘိုင်းကွန်ယက် ဆက်သွယ်ရေး ကုမ္ပဏီ ၂ ခုဖြစ်တဲ့ Huawei နှင့် ZTE Corp တို့ကို ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

အကြောင်းကတော့ အမေရိကန်၊ ဗြိတိန်၊ ဩစတေးလျ၊ ကနေဒါ နှင့် နယူးဇီလန် နိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားတဲ့ Five Eyes ထောက်လှမ်းရေး မဟာမိတ် ကွန်ယက်ကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ 5G ကွန်ယက်ကနေ Huawei နှင့် ZTE ကို ဖယ်ထုတ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ကနေဒါနိုင်ငံ စက်မှု ဝန် ကြီးဖြစ်တဲ့ Francois-Philippe Champagne မှ Ottawa ရှိ Reuters သတင်းထောက်များကို ပြောကြားခဲ့တာပါ။

၎င်းက ဆက်ပြီး “တပ်ဆင်ပြီးထားပြီးသား ဖြစ်တဲ့ ဆက်သွယ်ရေး ပစ္စည်းများကို ကုမ္ပဏီများဟာ ကျွန်တော်တို့ ယနေ့ ကြေ ငြာတဲ့ အစီအစဉ်အတိုင်း ပြန်လည် ဖယ်ရှားပြီး သုံးစွဲနေမှုတွေကို ရပ်တန့်ရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကုမ္ပဏီများဟာ 5G နှင့် ဆက်စပ်သည့် ပစ္စည်းများကို ၂၀၂၄ ခုနှစ် ဇွန်လမှာ ပြန်လည် ဖယ်ရှားပေးရမှာဖြစ်ပြီး ဆုံးရှုံးမှုတွေအတွက် ပြန်အမ်းပေးမှာ မဟုတ်ဘူးလို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။

အလားတူ ၎င်းတို့၏ 4G ကွန်ယက်ကို အသုံးပြုနေသည့် ကုမ္ပဏီများဟာလည်း ၂၀၂၇ ခုနှစ်ကုန်မှာ အဆိုပါ ဆက်သွယ်ရေးပစ္စည်းများကို အပြီးသတ် ဖယ်ရှားပေးရမှာပါ။

မျှော်လင့်ထားတဲ့အတိုင်း ဒီဆုံးဖြတ်ချက်ဟာ တရုတ်နိုင်ငံနှင့် သံတမန်ရေးရာ တင်းမာမှုများကြားတွင် နှောင့်နှေးနေခဲ့တာပါ။

ကနေဒါနိုင်ငံအပြင် အခြား Five Eyes အဖွဲ့ဝင် နိုင်ငံများကတော့ Huawei နှင့် ZTE တို့၏ 5G ဆက်စပ် ပစ္စည်းများကို ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

ကနေဒါဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ကတည်းက Huawei စက်ပစ္စည်းများ၏ နိုင်ငံ့ လုံခြုံရေးအပေါ် ထိခိုက်နိုင်မှုများကို ပြန်လည်သုံးသပ်မယ်လို့ ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။

ထိုနှစ် ဒီဇင်ဘာလ အတွင်းမှာဘဲ Huawei ၏ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ အရာရှိ Meng Wanzhou ကို အမေရိကန်၏ ဝရမ်းဖြင့် ထိန်းသိမ်းခဲ့ပါတယ်။

ထိုဖြစ်စဉ်ကြောင့် တရုတ်နိုင်ငံနှင့် ကာလ ကြာရှည်စွာ အငြင်းပွားမှု ဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ၂၀၂၁ ခုနှစ် စက်တင် ဘာတွင် Meng ကို လွှတ်ပေးခဲ့ပြီး အဆုံးသတ်သွားပါတယ်။

Meng ကို ထိန်းသိမ်းထားစဉ်က တရုတ်ဟာ ကနေဒါနိုင်ငံသား နှစ်ဦးကို သူလျှိုဟုဆိုကာ ထိန်းသိမ်းထားခဲ့ပြီး Meng ကို လွှတ်ပေးသည့် နေ့မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

ယခုအခါမှာတော့ တရုတ်နိုင်ငံနှင့် ကနေဒါနိုင်ငံအကြား သံတမန်ရေးရာ ကဏ္ဍ တင်းမာမှုများ အနည်းငယ် ပြေလျော့သွားပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့မှာတော့ တရုတ်ဟာ ကနေဒါနိုင်ငံထွက် ဟင်းသီးဟင်ရွက်ဆီ ထုတ်လုပ်သည့် canola မျိုးစေ့များ တင်သွင်းခွင့် သုံးနှစ် ကန့်သတ်ထားမှုကို ဖယ်ရှားပေးခဲ့ပြန်ပါတယ်။

ယခု Huawei နှင့် ZTE ကိစ္စကတော့ ကနေဒါနေဖြင့် အခြား ကုမ္ပဏီများနှင့် 5G ကွန်ယက် ပစ္စည်းများ အသုံးပြုဖို့ ရွေးချယ်ပြီးနောက် ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Wang Wenbin က

“တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” လို့ ဘေဂျင်းတွင် သတင်းထောက်များအား ပြောခဲ့ပါတယ်။

ကနေဒါရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့် ရှိသူတဦးကတော့ လုံခြုံရေး စိုးရိမ်မှုများဟာ နိုင်ငံရေး ခြယ်လှယ်မှုအတွက် အ ကြောင်းပြချက်တခု ဖြစ်ပြီး ကနေဒါဟာ တရုတ်ကုမ္ပဏီများကို ဖိနှိပ်ဖို့ အမေရိကန်နှင့် လုပ်ဆောင်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် Huawei ၏ ကနေဒါနိုင်ငံဆိုင်ရာ ဒုဥက္ကဌ Alykhan Velshi က “နိုင်ငံလုံခြုံရေးအတွက် Huawei ဟာ ဘယ်လိုခြိမ်းခြောက်နေတယ်လို့ သူတို့ ထင်မြင်နေလဲ မသိပါဘူး” လို့ ပြောပါတယ်။

၎င်းက ဆက်လက်ပြီး Huawei အနေဖြင့် ကနေဒါတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ထမ်းပေါင်း ၁,၅၀၀ လောက် ရှိနေပြီး မိုဘိုင်းဖုန်းများနှင့် အခြား ထုတ်ကုန်များကို ကနေဒါမှာ ဆက်လက် ရောင်းချသွားမယ်လို့ ပြောပါတယ်။

ZTE ကတော့ ဒီ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုများကို တုန့်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

၂၀၂၀ ခုနှစ်တွင် Bell Canada နှင့် ၎င်း၏ ပြိုင်ဖက် Telus Corp ကုမ္ပဏီတို့ဟာ ဆွီဒင်၏ Ericsson နှင့် ဖင်လန်မှ Nokia တို့နှင့် ပူးပေါင်းကာ Huawei ပစ္စည်းများကို အသုံးပြုပြီး 5G ကွန်ယက်ကို တည်ထောင်ခဲ့ပေမယ့် Huawei ကို စီမံကိန်းမှ ဖယ်ထုတ်ထားပါတယ်။

အခုတော့ အဆိုပါ 5G ကွန်ယက်တွင် အသုံးပြုထားသည့် စက်ပစ္စည်းများကို ပြန်လည် ဖြုတ်သိမ်းရတော့မှာ ဖြစ်ပါတယ်။

ဒီပိတ်ပင်မှုအပြင် အများပြည်သူဘေးကင်းရေး ဆိုင်ရာ ဝန်ကြီး Marco Mendicino က ကနေဒါအနေဖြင့် ဘဏ္ဍာရေးရာ၊ မိုဘိုင်းကွန်ယက်၊ စွမ်းအင် နှင့် ပို့ဆောင်ရေး ကဏ္ဍများအား ဆိုက်ဘာ ခြိမ်းခြောက်မှုများမှ ကာကွယ်ဖို့ ဥပဒေသစ်ကို ရေးဆွဲဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *