၎င်း၏ ကားသစ်ဟာ Tesla ၏ Model Y ထက် ပိုသာတယ်လို့ ပြောခဲ့တဲ့ Huawei နှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ တရုတ် လျှပ်စစ်ကား ဈေးကွက်

News Tech

Tesla ကုမ္ပဏီရဲ့ လျှပ်စစ်စွမ်းအင်သုံး ကားများဟာ ကမ္ဘာပေါ်တွင် ရေပန်းစားလာပြီးနောက် EV ခေါ် လျှပ်စစ်စွမ်းအင်သုံး ကားထုတ်လုပ်ရေး ကဏ္ဍတွင် ကုမ္ပဏီများဟာ ပိုမို ရင်းနှီး မြှုပ်နှံလာကြပြီး ပြိုင်ဆိုင်မှုတွေ မြင့်တက်လာပါတယ်။

CNBC ၏ ကနဦး သတင်းများအရ Huawei ဟာ ၎င်း၏ လျှပ်စစ်စွမ်းအင်သုံး ကားသစ်၏ အသေးစိတ် အချက်အလက်များကို ပြသခဲပြီး ၎င်း၏ ကားဟာ Tesla ၏ Model Y ကားကို ယှဉ်နိုင်ရုံသာမက ပိုတောင်သာလွန်သေးတယ်လို့ ဆိုပါတယ်။

တနည်းဆိုရမယ်ဆိုရင်တော့ Huawei ဟာ ကမ္ဘာ့ အချမ်းသာဆုံး သူဌေး Elon Musk ပိုင်ဆိုင်တဲ့ Tesla ကုမ္ပဏီကို လူသိရှင်ကြား ယှဉ်ပြိုင်လိုက်တာပဲ ဖြစ်ပါတယ်။

Aito M5 ၏ အတွင်းပိုင်း Image: Courtesy of Huawei

Huawei ၏ Aito M5 တွင် sound-proof glass များ ပါဝင်တယ်လို့ဆို

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးစနစ်များနှင့် မိုဘိုင်းဖုန်း ထုတ်လုပ်သူ Huawei ဟာ အခုတော့ ကားထုတ်လုပ်ရေးဆီ ရောက်ရှိလို့ လာပြန်ပါပြီ။

သိသိသာသာပဲ ကုမ္ပဏီဟာ အလိုအလျှောက်မောင်းနှင်သည့် စနစ် အသုံးပြုသည့် နယ်ပယ်သို့ ရောက်ရှိလာပြီး အဲဒီ့လို လုပ်ဆောင်နိုင်ဖို့အတွက် ၎င်းတို့ တခြား တရုတ်ကုမ္ပဏီများထက် သာလွန်တဲ့ အချက်ရှိပါတယ်။

အဲဒါကတော့ Google မှ Android များကို အသုံးပြုခွင့် မပေးတော့သည့်နောက် ၎င်း၏ မိုဘိုင်းဖုန်းများတွင် အသုံးပြုနေတဲ့ HarmonyOS ဖြစ်ပြီး အခုတော့ လျှပ်စစ်နှင့် လောင်စာဆီ နှစ်မျိုးသုံး ကားဖြစ်တဲ့ Aito M5 မှာပါ အသုံးပြုနေပြီ ဖြစ်ပါတယ်။

Huawei ဟာ ၎င်း၏ ကားသစ်များကို လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့လောက်မှာ စတင် ဖြန့်ချီနိုင်မယ်လို့ ဆိုပါတယ်။

Aito M5 Image: Courtesy of Huawei

Aito M5 ၏ အပြီးအစီး ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၃၉,၀၆၃ (ယွမ် ၂၅၀,၀၀၀) ခန့်ရှိပြီး Tesla Model Y ရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန် ဒေါ်လာ ၄၄,၀၇၂ (၂၈၀,၇၅၂) လောက် ရှိပါတယ်။

ဒီလို ကြေငြာမှုဟာ Tesla ရဲ့ ပြိုင်ဘက် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Nio မှ ၎င်း၏ ET5 လျှပ်စစ်စွမ်းအင်သုံး ဆီဒင်ကား ကို ပြသအပြီး တပတ်မပြည့်မီ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လာမယ့်နှစ် စက်တင်ဘာလမှာ ရရှိနိုင်မယ့် Nio ၏ အဆိုပါ ကားသစ်ဟာ ဈေးနှုန်း အမေရိကန် ဒေါ်လာ ၅၁,၂၅၀ (၃၂၈,၀၀၀ ယွမ်) လောက်ရှိမှာဖြစ်ပြီး မတ်လတွင် ရရှိမယ့် ET7 ဟာတော့ အမေရိကန်ဒေါ်လာ ၇၀,၃၂၆ (၄၄၈,၀၀၀ ယွမ်) လောက် ကျသင့်မှာ ဖြစ်ပါတယ်။

အခု အသစ်ထွက်ရှိမယ့် Huawei ရဲ့ ကားသစ်တွင် ပြင်ပအသံများကို လုံးဝမကြားရစေနိုင်အောင် အလွှာနှစ်ထပ်နှင့် အသံလုံ sound-proof မှန်များ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

Tesla Model Y

“တကယ် premium ကားတစီး ဟုတ်မဟုတ်ဆိုတာ အသံကို နားထောင်တာနဲ့ သိမှာ ဖြစ်ပါတယ်” လို့ Huawei ၏ CEO နှင့် အမှုဆောင် ညွှန်ကြားရေး မှူး ဖြစ်တဲ့ Richard Yu က ပြောပါတယ်။

တရုတ်နိုင်ငံရှိ ကားထုတ်လုပ်သူများဟာ ကားများကို သုံးစွဲသူများက စမတ်ဖုန်းတလုံးလို ခံစားစေလိုတဲ့ အကြောင်း

Huawei မှ ထုတ်လုပ်နေတဲ့ Aito M5 ကားဟာ ၎င်း၏ ပထမဆုံး မော်ဒယ်ဖြစ်ပြီး “adding intelligence to auto.” ကားတွင် ဥာဏ်ရည်ပေါင်းထည့်ခြင်း လို့ အဓိပ္ပါယ် ရပါတယ်။

ကားထုတ်လုပ်သည့် ကုမ္ပဏီ တခုဖြစ်တဲ့ Seres အတွက် Huawei ဟာ လိုအပ်သည်များကို ထုတ်လုပ်ပေးဖူးခဲ့တာသာ ရှိပြီး ယခုအခါမှတော့ တစင်းလုံးကို ကိုယ်ပိုင် ဒီဇိုင်းနှင့် ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Seres ကို SF Motors လို့လည်း ခေါ်ပြီး အမေရိကန် Silicon Valley တွင် အခြေစိုက်တာ ဖြစ်ပေမယ့် အံ့အားသင့်စရာ ကောင်းတာကတော့ ၎င်းဟာ Sokon လို့ခေါ်တဲ့ တရုတ်နိုင်ငံ ချုံချင်းရှိ ကားထုတ်လုပ်ရေး လုပ်ငန်း၏ ကုမ္ပဏီခွဲတခုဖြစ်တာ ကိုတွေ့ရပါတယ်။

Nio ET5 Image: Courtesy of Nio

အဲဒီ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုဒ်မှာတော့ ” ကမ္ဘာ့အကြီးဆုံး နိုင်ငံ နှစ်ခုဖြစ်တဲ့ တရုတ်နှင့် အမေရိကန်မှာ လွတ်လပ်စွာ တည်ဆောက်ရောင်းချဖို့ နေရာရယူထားတယ်” လို့ ဖော်ပြထားပါတယ်။

HarmonyOS ကို Seres ရဲ့ ကားသစ်တွင် ပေါင်းစပ်မှုဟာ သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် ကားကို စမတ်ဖုန်းများနှင့် ဆင်တူလာအောင် လုပ်ဆောင်သည့် တရုတ်နိုင်ငံရှိ ကားများ၏ နောက်ဆုံးပေါ် ဒီဇိုင်း အယူအဆ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

Huawei ၏ လျှပ်စစ်စွမ်းအင်သုံး ကားများတွင် ဇာတ်ကားကြည့်ခြင်း သို့မဟုတ် သီချင်း နားထောင်ခြင်းကဲ့သို့ မရှိမဖြစ် လိုအပ်သော လုပ်ဆောင်ချက် အများအပြားကို ဆောင်ရွက်နိုင်သည့် touchscreen ပါရှိမှာ ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတာ တခုကတော့ Huawei ၏ မျိုးဆက်သစ် စမတ်နာရီများမှ တခုဟာ Aito M5 ကားနှင့် တွဲဖက်ကာ ကားသော့အနေဖြစ် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Huawei နည်းပညာပါဝင်သည့် Seres ၏ SF5 မော်ဒယ် Image: Courtesy of Huawei

Huawei ဟာ ၎င်း၏ HarmonyOS ကို ၂၀၁၉ ခုနှစ် အမေရိကန်၏ ယခင် သမ္မတ ဒေါ်နယ် ထရမ်း လက်ထက်တွင် အမျိုးသားလုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကြောင့် အမည်ပျက်စာရင်း အသွင်းခံရပြီး နောက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခုအချိန်ထိ Huawei ဟာ အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိကြောင်း ငြင်းဆိုထားပြီး Tesla ကဲ့သို့ အမေရိကန် ကုမ္ပဏီကြီးတခုနှင့် Huawei တို့သာ လျှပ်စစ်ကား လောကတွင် အကြီးအကျယ် ပြိုင်ဆိုင်မှုများ တိုးမြှင့် လာပါက အလားတူ ကားထုတ်လုပ်သည့် ကုမ္ပဏီငယ်များ အ တွက် အခက်အခဲများ ကြုံတွေ့စေမှာ အသေအချာပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *