လူသားများ မီးကို အသုံးပြု ချက်ပြုတ်သည့် အစောဆုံး အထောက်အထား

Archeology Article

သိပ္ပံပညာရှင်များက လွန်ခဲ့တဲ့ နှစ်ပေါင်း ၈ သိန်း နီးပါးကတည်းက လူတွေရဲ့ မီးကို ထိန်းချုပ် အသုံးပြုပြီး အစားအစာ ချက် ပြုတ်ခြင်းရဲ့ အစောဆုံး အထောက်အထားကို ရှာဖွေ တွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံရှိ ရှေးဟောင်း သုတေသန နယ်မြေ တစ်ခုတွင် ရှေးခေတ် ငါး အကြွင်းအကျန်များကို တွေ့ရှိခဲ့ရပြီး အနီးကပ် စစ်ဆေးမှုအရ ချက်ပြုတ်ပြီးကြောင်း ထင်ရှားသော လက္ခဏာများ ပြသနေတယ်ဟု ဆိုပါတယ်။

ရှာဖွေ တွေ့ရှိမှုကို အစ္စရေး နိုင်ငံရှိ Gesher Benot Ya’aqov (GBY) ရှေးဟောင်း သုတေသန နေရာမှာ ပြုလုပ်ခဲ့ပြီး အဖွဲ့ အ စည်း ရှစ်ခုမှ သုတေသီ အဖွဲ့တစ်ဖွဲ့က ငါးများရဲ့သွား အများအပြားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သွားတွေက အနီးနားရှိ Hula Lake တွင် နေထိုင်တဲ့ ၂ မီတာ (၆.၆ ပေ) အရှည်အထိ ကြီးထွားနိုင်သည့် ကြီးမားတဲ့ ငါးကြင်းများရဲ့ သွားများ ဖြစ်ပါတယ်။

သုတေသီအဖွဲ့က ငါးများရဲ့ အစာခွံကဲ့သို့ မာကျောတဲ့ ပစ္စည်းများကို ကြိတ်ချေဖို့ အသုံးပြုတဲ့ သွားများကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

Illustration

အဆိုပါ သွားများက အပူပြင်းစွာ ထိတွေ့မိတဲ့အခါ သွားကြွေလွှာရှိ ပုံဆောင်ခဲများက ကျယ်လာတဲ့ အတွက်ကြောင့် ၎င်းတို့ရဲ့ အရွယ်အစားနှင့် ဖွဲ့စည်း တည်ဆောက်ပုံကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ၎င်းတို့ ခံနိုင်ရည်ရှိသော အပူချိန်ကို ဖော်ပြနိုင်ပါတယ်။

အဆိုပါ ခွဲခြမ်းစိတ်ဖြာချက်များအရ သွားများဟာ 500°C (932°F) အောက်နိမ့်သော အပူနှင့် ထိတွေ့ထားကြောင်း ပြသခဲ့ပါတယ်။

အဆိုပါ အချက်က ငါးကို တမင် ချက်ပြုတ် ထားသည့် အရိပ်အယောင် တစ်ခု ဖြစ်ကြောင်း အဖွဲ့မှ ပြောကြားခဲ့ပါတယ်။

အကယ်၍ ငါးများကို အမှိုက် သို့မဟုတ် လောင်စာ အဖြစ် မီးထဲသို့ တိုက်ရိုက်ပစ်ချခြင်း သို့မဟုတ် သဘာဝ မီးထဲတွင် ထားပါက ၎င်းတို့က အပူချိန်ပိုမို မြင့်မားသည့် လက္ခဏာများ ပြသ​နေမှာ ဖြစ်ပါတယ်။

လေ့လာမှုဆိုင်ရာ သုတေသီ ဒေါက်တာ Irit Zohar နှင့် ဒေါက်တာ Marion Prevost တို့က အစောပိုင်း လူသားများရဲ့ မကြာ ခဏ စားသုံးလေ့ရှိသည့် နေရာမှာ ငါးရုပ်ကြွင်း အမြောက်အမြား တွေ့ရှိခဲ့တယ် ဟု ဆိုပါတယ်။

အဆိုပါ တွေ့ရှိချက်အသစ်များက သမိုင်းမတင်မီက လူသားများရဲ့စားဝတ်နေရေးအတွက် ရေချို နေထိုင်ရာ နေရာများနှင့် ငါးများရဲ့ အရေးပါမှုကို သာမက သမိုင်း မတင်မီ လူသားများရဲ့ အစားအစာ ချက်ပြုတ်ဖို့ အတွက် မီးကို ထိန်းချုပ်နိုင်မှုကိုလည်း ပြသနေပါတယ်။

အဆိုပါနေရာရှိ ရှေးအကျဆုံး သွားများဟာ လွန်ခဲ့သောနှစ်ပေါင်း ၇ သိန်း ၈ သောင်း ဝန်းကျင်ခန့်က ဖြစ်ကြပြီး ၎င်းတို့က အစားအစာ ချက်ပြုတ်ဖို့ မီးကို ထိန်းချုပ် အသုံးပြုခြင်းအတွက် ယခု အချိန်အထိ ရှေးအကျဆုံး တိုက်ရိုက် အထောက် အထားများ ဖြစ်လာခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်း ၁ သိန်း ၇ သောင်း ပဲရှိသေးတဲ့ ယခင်စံချိန်ထက် ကြီးမားတဲ့ တွေ့ရှိမှု တစ်ခု ဖြစ်ပါတယ်။

သို့သော် ရှေးခေတ်လူသားများက လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းကျော်က မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အထောက်အထားများလည်း ရှိပါတယ်။

၎င်းတို့က ချက်ပြုတ်ခြင်း၊ ကိရိယာ ပြုလုပ်ခြင်းနှင့် အခြား အသုံးပြုမှုများကို မသိရှိမီ ကနဦး အနေနဲ့ နွေးထွေးမှုနှင့် အလင်းရေ ာင်အတွက် အသုံးပြုခဲ့ ကြလိမ့်မည်ဟု ယူဆရပါတယ်။

အထက်ပါ သုတေသနကို Nature Ecology & Evolution ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့တာပါ။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com