လူတွေမှာ ခံတွင်းအဆိပ် ထုတ်လုပ်မှုကို ပံ့ပိုးပေးတဲ့ မျိုးဗီဇတွေ ရှိတဲ့အကြောင်း ဆောင်းပါး

Knowledge Nature

သင့်ရန်သူတွေကို အဆိပ်ပြင်းတဲ့ ကိုက်ချက်တစ်ခုတည်းနဲ့ သုတ်သင် နိုင်မယ်လို့ တွေးကြည့်လိုက်ပါ။

ဒါဟာ စိတ်ကူးယဥ် တယ်လို့ ထင်ရပေမယ့် ကျွန်တော်တို့ရဲ့ တံတွေးဂလင်းတွေကို ထိန်းညှိပေးတဲ့ မျိုးဗီဇဟာ မြွေတွေကို အဆိပ်ရည် ဂလင်း မှ အဆိပ်ထုတ်နိုင်စေတဲ့ မျိုးဗီဇနဲ့ တူညီတာကြောင့် လူတွေမှာ အဆိပ်ပြင်းတဲ့သူတွေ ဖြစ်ဖို့ အလားအလားရှိတာကို သုတေသနအသစ်က ပြသခဲ့ပါတယ်။

ထို့ကြောင့် လောလောဆယ် ကျွန်တော်တို့မှာ သေစေနိုင်လောက်တဲ့ ကိုက်ခဲနိုင်စွမ်းကို မပိုင်ဆိုင်တဲ့အပြင် ထိုကဲ့သို့သော လက်နက်မျိုး တစ်နေ့မှာ ဖြစ်ပေါ်လာနိုင်မယ့် အလားအလာမှာလည်း မေးခွန်းထုတ်စရာ မရှိပါဘူး။

လေ့လာခဲ့မှုရဲ့ အကြောင်းအရင်းကတော့ စာရေးသူတွေဟာ မြွေမှ ပင့်ကူအထိ တိရစ္ဆာန်မျိုးစုံတွင် လွတ်လပ်စွာ ဖြစ်ပေါ်နေတဲ့ ခံတွင်းအဆိပ်ရဲ့ စတင်ဖြစ်ပေါ်လာမှုကွန်ရက်ကို စူးစမ်းလိုစိတ်ဖြင့် စတင်ခဲ့တာ ဖြစ်ပါတယ်။

ယခင်သုတေသနက မတူညီသောမျိုးစိတ်တွေရဲ့ အဆိပ်တွေအတွင်းပါရှိတဲ့ သီးခြားအဆိပ်တွေရဲ့ နောက်ကွယ်ရှိ မျိုးဗီဇတွေကို အာရုံစိုက်ထားသော်လည်း ခံတွင်း အဆိပ်စနစ် စတင်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ တိကျသော အဖြေကို မပေးနိုင်ခဲ့ပါဘူး။

အဖြေတစ်ခုရှာဖွေရာတွင် ဒီနောက်ဆုံး လေ့လာမှုရဲ့ ရေးသားသူတွေဟာ အဆိပ်ထုတ်လုပ်မှုနဲ့ ဆက်စပ်တဲ့ ဗီဇတွေကို စစ်ဆေးဖို့ ရွေးချယ်ခဲ့တာမဟုတ်ပဲ ခံတွင်းအဆိပ်ကို ထိန်းညှိပေးတဲ့ ထိန်းသိမ်းဗီဇတွေလို့ ခေါ်တဲ့အရာတွေ အပေါ် အာရုံစိုက်ခဲ့ပါတယ်။

ထိုင်ဝမ် ဟာဘူမြွေလို့ခေါ်ကြတဲ့ မြွေပွေး အမျိုးအစားရဲ့ မျိုးဗီဇကို ဆန်းစစ်ကြည့်ရာ သုတေသီတွေက “metavenom network” လို့ စုပေါင်း အမည်တပ်ထားတဲ့ မျိုးဗီဇ ၃,၀၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဤကွန်ရက် အတွင်းရှိ ဗီဇတွေဟာ အလုံးစုံ မှန်ကန်စွာ ထိန်းညှိပေးရမယ့် ပရိုတင်း တည်ဆောက်ပုံနဲ့ ဖွဲ့စည်းထားတဲ့ အဆိပ်ထုတ်လုပ်ခြင်းအတွက် မရှိမဖြစ် အဆင့်တစ်ခုဖြစ်တဲ့ ပရိုတင်း ခေါက်ချိုးစည်းမျဉ်းနဲ့ အဓိက သက်ဆိုင်ပါတယ်။

အထူးသဖြင့် metavenom ကွန်ရက်အတွင်းရှိ ဗီဇတွေဟာ ယေဘုယျအားဖြင့် ထူးခြားတဲ့ လမ်းကြောင်းနှစ်ခု အဖြစ် ကျရောက်ပါတယ်။

ပထမတစ်ခုမှာ ကြိုတင်မှန်းဆထောက်လှမ်းပြီး အချိုးမညီတဲ့ ပရိုတင်းတွေကို မှန်မှန်ကန်ကန် အချိုးညီစေတဲ့ ဖွံ့ဖြိုးဆဲ ပရိုတင်းတုံ့ပြန်မှု (UPR) ဖြစ်ပြီး နောက်တစ်ခုမှာ ဆဲလ်အဆိပ်သင့်မှုကို ကာကွယ်ရန်အတွက် အချိုးမညီတဲ့ ပရိုတင်းတွေ ယိုယွင်းပျက်စီးသွား​တာကို သေချာစေတဲ့ endoplasmic reticulum ဆက်စပ်ပရိုတင်းတွေ ပျက်စီးခြင်း (ERAD) ဖြစ်ပါတယ်။

ထို့နောက် သုတေသီတွေဟာ လူသားတွေအပါအဝင် တွားသွားသတ္တဝါတွေနဲ့ နို့တိုက်သတ္တဝါတို့ရဲ့ မျိုးရိုးဗီဇတွေကို စစ်ဆေးခဲ့ရာ ၎င်းတို့အားလုံးတွင် တူညီသော မျိုးဗီဇတွေ ပါ၀င်ကြောင်း တွေ့ရှိခဲ့ပါတယ်။

တစ်ခုတည်းသော ခြားနားချက်မှာ အဆိပ်မရှိသောမျိုးစိတ်များတွင် အဆိပ်ရှိ ပရိုတင်းတွေ ထုတ်လုပ်မှုကို ပံ့ပိုးပေးမယ့်အစား ဤကွန်ရက်က တံတွေး ပရိုတင်းတွေရဲ့ မှန်ကန် ညီမျှမှုကို သေချာစေပါတယ်။

ထို့ကြောင့် မြွေတွေရဲ့ အဆိပ်ရည်ဂလင်းတွေနဲ့ နို့တိုက်သတ္တဝါတွေရဲ့ တံတွေးဂလင်းတွေဟာ နောက်ဆုံးတွင် မတူညီသော လုပ်ငန်း ဆောင် တာတွေကို လုပ်ဆောင်နိုင်သော်လည်း သူတို့ဟာ ဝေးကွာသော အတိတ်တွင် မျိုးရိုးနှစ်ခု ကွဲကွာပြီး ကတည်းက တည်ရှိခဲ့တဲ့ မျိုးရိုးဗီဇ စည်းမျဉ်း တွေကို မျှဝေထားကြပါတယ်။

“သိပ္ပံပညာရှင်တော်တော်များများက ဒါကို အမှန်လို့ အလိုလိုယုံကြည်ခဲ့ကြပေမယ့် ဒါက အစောပိုင်း တံတွေးဂလင်းကနေ အဆိပ်ရည် ဂလင်းတွေ ပေါက်ဖွားလာတဲ့ သီအိုရီအတွက် ပထမဆုံး ခိုင်လုံတဲ့ အထောက်အထားပါပဲ” လို့ လေ့လာမှုစာရေးဆရာ Agneesh Barua က အစီရင်ခံစာတွင် ရှင်းလင်းခဲ့ပါတယ်။

မြွေတွေဟာ စိတ်နောက်သွားစဥ် အဆိပ်အတောက်များစွာကို သူတို့ရဲ့ အဆိပ်ဂလင်းထဲကို ပေါင်းစပ်ပြီး အဆိပ်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ ဗီဇအရေအတွက်ကို တိုးပွားစေပြီး ကြွက်စုတ်လို နို့တိုက်သတ္တဝါတွေဟာ တံတွေးနဲ့ အလွန်ဆင်တူတဲ့ ပိုရိုးရှင်းတဲ့ အဆိပ်ကို ထုတ်ပေးပါတယ်။

ထို့အပြင် ဤရှာဖွေတွေ့ရှိမှုဟာ နို့တိုက်သတ္တဝါအချို့က ခံတွင်းအဆိပ်ကို တစ်နေ့တွင် ဖြစ်ပေါ်စေနိုင်ခြင်းအားဖြင့် ရှင်းလင်းသော ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းကို အလင်းပြပေးပါတယ်။

“၁၉၈၀ ခုနှစ်များအတွင်း ကြွက်ထီးတွေကို ဆေးထိုးသွင်းတဲ့အခါ သူတို့ရဲ့ တံတွေးထဲမှာ အလွန်အဆိပ်သင့်စေတဲ့ ဒြပ်ပေါင်းတွေ ထုတ်လွှတ်ကြောင်း ပြသတဲ့ စမ်းသပ်မှုတွေ ရှိခဲ့တယ်” လို့ Barua က ဆိုပါတယ်။

အချို့သော ဂေဟစနစ်အခြေအနေအောက်မှာ သူတို့ရဲ့ တံတွေးထဲမှာ ပိုမိုအဆိပ်သင့်စေတဲ့ ပရိုတင်းတွေ ထုတ်လွှတ်တဲ့ ကြွက်တွေက မျိုးပွားမှု အောင်မြင်တယ်ဆိုရင် နှစ်ထောင်ပေါင်း အနည်းငယ်အတွင်းမှာ အဆိပ်ရှိတဲ့ ကြွက်တွေကို ကျွန်တော်တို့ ကြုံတွေ့ရနိုင်ပါတယ်။

အလားတူပင် လူ့တံတွေးတွင် အဆိပ်ရှိတဲ့ အညစ်အကြေး များစွာတွင်ပါရှိသော kallikrein လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်ခုပါရှိပါတယ်။

တစ်နည်းဆိုရသော် ကျွန်တော်တို့တွင် သေစေတတ်တဲ့ ကိုက်ခဲနိုင်ခြင်း ဖြစ်ပေါ်စေဖို့အတွက် အခြေခံ အစိတ်အပိုင်းတွေ ရှိနှင့်ပြီးဖြစ်ပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.