OceanTherm လို့ခေါ်တဲ့ နော်ဝေ ကုမ္ပဏီတခုဟာ ဟာရီကိန်း မုန်တိုင်းတွေကို ရပ်တန့်နိုင်ဖို့ နည်းလမ်းသစ် တခု ရှိနေပြီလို့ ဆိုပါတယ်။
ပိုပြီး တိတိကျကျပြောရရင် ၎င်းတို့ဟာ ဟာရီကိန်းမုန်တိုင်းတွေဖြစ်အောင် ပံ့ပိုးနေတဲ့ ပူနွေးတဲ့ရေကို ဖြတ်တောက်ဖို့ ပင်လယ်ပြင် အပူချိန်ကို အေးစေမယ့် ပူဖောင်းများကို အသုံးပြုမှာ ဖြစ်တယ်လို့ WTFX ၏ အဆိုအရ သိရပါတယ်။
ဟာရီကိန်း မုန်တိုင်းများဟာ အပူချိန် ၈၀ ဒီဂရီ ဖာရင်ဟိုက်နှင့် အထက်ရှိသည့် ရေများကြောင့် ပိုမို အားကောင်းကာ အန္တရာယ် ဖြစ်လာစေပြီး အခု ရရှိထားတဲ့ အယူအဆ အသစ်ကတော့ မုန်တိုင်းရဲ့ စွမ်းအင်ကို အပူချိန် လျှော့ချခြင်းဖြင့် ဖြိုခွဲမှာ ဖြစ်ပါတယ်။
OceanTherm ၏ အမှုဆောင် အရာရှိချုပ်ဖြစ်တဲ့ Olav Hollingsaeter မှ “ကျွန်တော်ဟာ ယခင်က ရေငုပ်သင်္ဘောတပ်သားတဦး ဖြစ်ခဲ့ပြီး သမုဒ္ဒရာ ရေဟာ နက်ရှိုင်းလေ ပိုမို အေးမြလေပဲ ဖြစ်တယ်” လို့ ဆိုပါတယ်။
“အဲဒါကြောင့် ကျွန်တော်တို့ဟာ ပင်လယ်မျက်နှာပြင် အပူချိန်ကို လျှော့ချဖို့ ဘာလို့ ရေအောက်အနက်က ရေအေးတွေကို မသုံးတာလဲလို့ တွေးခဲ့ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
Bubble Curtain လို့ခေါ်သည့် စနစ်
ကုမ္ပဏီဟာ Bubble Curtain လို့ခေါ်တဲ့ စနစ်ကို တီထွင်နေပြီး အဲဒီ့စနစ်အတွက် သင်္ဘောများမှ အပေါက်ဖောက် ထားသည့် ပိုက်များကို အေးမြသည့် ရေများရှိရာ ရေအောက်သို့ချကာ ပူဖောင်းများ အပေါ်သို့ တက်လာစေသည့် နည်းကို အသုံးပြုထားပါတယ်။
ဒါ့အပြင် ကုမ္ပဏီမှ ဟာရီကိန်း မုန်တိုင်း မကြာခဏ ဖြစ်ပွားတတ်သည့် ဒေသများ၏ သမုဒ္ဒရာ ရေအောက်တွင် အဆိုပါ ပိုက်များကို အသေတပ်ဆင်ထားမည့် Bubble Curtain အစီအစဉ်လည်း ရှိထားပါတယ်။

ဒီ အယူအဆဟာ စိတ်ဝင်စားဖို့ ကောင်းပေမယ့် ဟာရီကိန်း မုန်တိုင်း အစစ်တခုနဲ့ မစမ်းသပ်ရသေးလို့ တကယ် အလုပ်ဖြစ်မဖြစ်ဆိုတာတော့ မသေချာသေးပါဘူး။
ဖြစ်နိုင် မဖြစ်နိုင် သုံးသပ်မှု
ဟာရီကိန်း မုန်တိုင်းကို ကာကွယ်နိုင်ဖို့ ဒီစနစ်ကို သုံးမယ်ဆိုရင်တောင် Bubble Curtain ကို မုန်တိုင်းအပေါ် သက်ရောက်မှု ရှိစေရန် မိုင်ပေါင်းများစွာ အထိ ဖြန့်ကျက်နိုင်ရန် လိုအပ်မှာပါ။
ကုမ္ပဏီဟာ တရက်မှာ မက္ကဆီကို ပင်လယ်ကွေ့ကို ဖြတ်ပြီး ၎င်းတို့၏ စနစ်ကို အကောင်အထည် ဖော်ဖို့ စီစဉ်နေပေမယ့် ဒါက တကယ်တော့ အတော် စိတ်ကူးယဉ်ဆန်တဲ့ စိတ်ကူးယဉ်မှု တခုလို ဖြစ်နေပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် ပြသနာများလည်း မြင့်တက်လာနိုင်တဲ့ အတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
“သင် အပြောင်းအလဲ တခုခု ပြုလုပ်လိုက်တဲ့အခါမှာ domino effect လို ဆင့်ကဲ ကွင်းဆက် သက်ရောက်မှုတွေ ရှိလာတတ်ပါတယ်။” လို့ အမျိုးသား သမုဒ္ဒရာနှင့် လေထု ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ Tracy Fanara မှ WTFX ကို ပြောပြခဲ့ပါတယ်။
OceanTherm ရဲ့ အစီအစဉ် အောင်မြင်မှု ရှိမရှိဆိုတာကိုတော့ သုတေသီများကလည်း သုံးသပ်မှု လေ့လာမှုတွေ ပြုလုပ်နေကြပြီး ကုမ္ပဏီကတော့ ဒါဟာ အလုပ်ဖြစ်နိုင်မယ်လို့ တရားဝင် ကြေငြာထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။