ထူးဆန်းသည့် နာမည်နှင့် ဟိုက်ပါဆိုးနစ် အာကာသယာဉ် “Sex.bomb” အကြောင်း

Science Tech

Sex.bomb ကို လွှတ်တင်ခြင်း

ကနေဒါ အာကာသ ကုမ္ပဏီတခုဟာ ၂၀၂၂ ခုနှစ်မှာ လွှတ်တင်နိုင်မယ့် ၎င်းတို့၏ ဟိုက်ပါဆိုးနစ် အာကာသယာဉ်အတွက် နာမည်ကို မြင်တာနဲ့ ဘာကြီးတုန်းလို့ မေးယူရမယ့် “Sex.bomb” လို့ အမည် ပေးလိုက်ပါတယ်။

ဟုတ်ပါတယ်။ တကယ်ကို ဒီလိုနာမည်ကြီး ပေးထားတာပါ။

Space Engine Systems (SES) လို့ခေါ်တဲ့ ကနေဒါ အာကာသ ကုမ္ပဏီဟာ ဒီ Sexbomb လို့ခေါ်တဲ့ အာကာသ ယာဉ်ကို ကနေဒါ နိုင်ငံ Manitoba ဒေသတွင် လွှတ်တင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါယာဉ်ကို ကုမ္ပဏီ၏ အာကာသယာဉ် အတွက် အင်ဂျင်ရှေ့ပြေးပုံစံ ကို စမ်းသပ်ဖို့ရာအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ နာမည်က ဘာလဲဆိုတာ သိချင် နေကြမှာပါ။

ဖြစ်နိုင်တာကတော့ အဆိုတော် Tom Jones ဆီက ဒီ စိတ်ကူးရတာ ဖြစ်နိုင်သလို ကုမ္ပဏီ ဝန်ထမ်းတွေဟာ Scott Pilgrim ရဲ့ ပရိတ်သတ်တွေလဲ ဖြစ်နိုင်ပါတယ်။

ဒါ့ထက် ပိုလက်တွေ့ကျကျ ပြောရရင် ဒါဟာ Elon Musk ရဲ့ Meme ဈေးကွက် ရှာဖွေရေး စာအုပ်ထဲက ယူသုံးထားတဲ့ နာမည်တခုသာ ဖြစ်နိုင်ပါတယ်။

ကုမ္ပဏီ၏ နည်းပညာဆိုင်ရာ အရာရှိချုပ် နှင့် ဥက္ကဌဖြစ်သူ Pradeep Dass ကတော့ “အသံထက် ၅ ဆလောက်မြန်တဲ့ အရွေ့စွမ်းအင်ဟာ အလွန်မြင့်မားပါတယ်။ တခုခုကို ထိမိရင် ဗုံးတလုံးလို ဖြစ်သွားမှာဖြစ်ပြီး sexy ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါဟာ sexbomb တခုပါပဲ” လို့ ဆိုပါတယ်။

မိုးပျံပူဖောင်းပေါ်မှ ဖြုတ်ချမည်

အဆိုပါ သရုပ်ပြပွဲတွင် Sexbomb အာကာသယာဉ်ကို မိုးပျံပူဖောင်းတွင် ချိတ်ဆွဲကာ အမြင့်ပေ ၁၁၀,၀၀၀ အရောက်တွင် ဖြုတ်ချလိုက်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Via Manitoba News

အာကာသယာဉ်ဟာ အင်ဂျင်ကို မဖွင့်မီ အသံထက် ၂ ဆနီးပါးဖြင့် အမြင့်မှ ပြုတ်ကျလာမှာဖြစ်ပြီး မဆင်းသက်ခင်မှာ တနာရီလျှင် ၃,၇ပ၀ မိုင် အမြန်နှုန်းအထိ အရှိန်မြှင့်သွားမှာ ဖြစ်ပါတယ်။

အင်ဂျင်ကိုယ်တိုင်မှ လောင်စာဆီ မျိုးစုံသုံး လောင်ကျွမ်းမှု စနစ်ကို အသုံးပြုမှာ ဖြစ်ပြီး အဆိပ်အတောက် မဖြစ်စေတဲ့ အရည်နှင့် အခဲ လောင်စာများကို အသုံးပြုမှာ ဖြစ်တယ်လို့ ကုမ္ပဏီ ဝက်ဘ်ဆိုက်ဒ်တွင် ဖော်ပြထားချက်များ အရ သိရပါတယ်။

အနာဂါတ် မစ်ရှင်များ

Manitoba Post သတင်းဌာနအဆိုအရ ကုမ္ပဏီဟာ စမ်းသပ်မှုကို ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ဖို့ ကနဦး စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်ရယူဖို့ လုပ်ငန်းစဉ်များကြောင့် ၂၀၂၂ ခုနှစ်မှသာ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

Space Engine Systems မှ၂၀၂၅ ခုနှစ်တွင် လူလိုက်ပါသည့် မစ်ရှင်များကို ပြုလုပ်ဖို့ ဆန္ဒရှိနေပြီး လက်ရှိ အာကာသ ခရီးသွား လုပ်ငန်းများထက် သုံးပုံ တပုံလောက် ကုန်ကျစရိတ် သက်သာနိုင်မယ် လို့လည်း သိရပါတယ်။

ဒါအပြင် ဟိုက်ပါဆိုးနစ် နည်းပညာဟာ လူ့အသက်ကို ကယ်တင်နိုင်သည့် အစားထိုး ကုသမှုများအတွက် လူသား အင်္ဂါများကို တနေရာမှ တနေရာသို့ အချိန်တိုအတွင်း ပေးပို့နိုင်ဖို့ တံခါးများ ဖွင့်ပေးနိုင်မယ်လို့ လည်း မျှော်လင့်ရပါတယ်။

ဒီလို ဟိုက်ပါဆိုးနစ် ယာဉ်များကို ထုတ်လုပ် နိုင်ဖို့ ကြိုးစားမှုများဟာ အာကာသ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်မှု နည်းပါးပြီး ကမ္ဘာပျက်စေ နိုင်သည့် လက်နက်များနှင့် ပိုမို ပတ်သက်နေလေ့ရှိပါတယ်။

ဒါ့ကြောင့် ဒီ အာကာသယာဉ်သစ်ဟာ အနာဂါတ်မှာ တကယ်ပဲ အရပ်ဖက်သုံး ဖြစ်လာမလား စစ်ဘက်ဆိုင်ရာဆီ ရောက်သွားမလား ဆိုတာတော့ မသိနိုင်သေးပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *