ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်မည့် ICE အင်ဂျင်သစ် Omega 1

News Tech

၁၈၇၂ ခုနှစ် မှာ အမေရိကန်မှ George Brayton ဆိုသူဟာ ပထမဆုံးသော အရည် လောင်စာသုံး internal combustion engine (ICE) ဆိုတဲ့ အင်ဂျင် အမျိုးအစားကို ဖန်တီးနိုင်ခဲ့ပါတယ်။

၁၈၇၆ ခုနှစ်မှာတော့ Nicolaus Otto ဆိုသူဟာ Gottlieb Daimler၊ Wilhelm Maybach တို့နှင့် အတူပူးပေါင်းပြီး four-cycle အင်ဂျင်ကို မူပိုင်ခွင့် ရယူခဲ့ပါတယ်။

၁၈၇၉ ခုနှစ်မှာတော့ Karl Benz ဟာ စိတ်ချရတဲ့ two-stroke ဓာတ်ဆီ အင်ဂျင်ကို မူပိုင်ခွင့် တင်ခဲ့ပါတယ်။

ဒါ့ကြောင့် internal combustion engine (ICE) အင်ဂျင်ဟာ ရှည်လျားလှတဲ့ သမိုင်းကြောင်း ရှိနေခဲ့ပြီး ကမ္ဘာအနှံ့ ယာဉ်များနှင့် စက်ရုံများ အပါအဝင် ကဏ္ဍ အများစုမှာ အသုံးပြုနေတဲ့ အင်ဂျင်အမျိုးအစားပဲ ဖြစ်ပါတယ်။

ဒါ့ပေမယ့် ကာဗွန် ထုတ်လွှတ်မှုကြောင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာပြီး ကမ္ဘာကြီး၏ အပူချိန်ဟာ ဆက်တိုက် မြင့်တက်လာတဲ့အတွက် ICE အင်ဂျင်များကို အသုံးပြုမှု လျှော့ချနိုင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ကမ္ဘာမှာ ဒီလို ICE အင်ဂျင် အသုံးပြုမှုတွေ လျှော့ချနေပေမယ့် အချို့ ကုမ္ပဏီများကတော့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်မည့် ICE အင်ဂျင်များကို ဖန်တီးလိုပါတယ်။

ကမ္ဘာ့ရာသီဥတုအပြောင်းအလဲ နှင့် ICE

ဥပမာ တခုအနေဖြင့် Astron Aerospace ကုမ္ပဏီဟာ ၎င်း၏ Omega 1 အင်ဂျင်သစ်ကို ပြသလိုက်ပါတယ်။

Image: Courtesy of Astron Aerospace

Omega 1 ဟာ မတူညီတဲ့ လောင်စာဆီ မျိုးစုံဖြင့် လည်ပတ်နိုင်အောင် ဖန်တီးထားပြီး အလွန်နည်းတဲ့ ကာဗွန်ထုတ်လွှတ်မှုကိုသာ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်ဒ်မှာတော့ Omega 1 ဟာ “ကာဗွန် ထုတ်လွှတ်မှုဟာ အလွန့်ကို နည်းပြီးတော့ ထုတ်လွှတ်မှုဟာ သုညလောက်အထိ ရှိနိုင်ပါတယ်” လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ရှေ့ပြေးပုံစံကို ထုတ်လုပ်ဖို့ရာ စီစဉ်နေပြီး မကြာမီ ကာလအတွင်းမှာ အင်ဂျင်နဲ့ ပတ်သက်တဲ့ အချက် အ လက် တွေ ပိုမို ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

ဒီအင်ဂျင်ဟာ လောင်စာဆီကို အနည်းငယ်သာ အသုံးပြုမှာ ဖြစ်တဲ့အတွက် စီးပွားရေးအရလည်း တွက်ချေကိုက်မှာပါ။

Image: Courtesy of Astron Aerospace

ထိုကဲ့သို့ လောင်စာဆီ လျော့နည်း အသုံးပြုပေမယ့် အင်ဂျင်၏ စွမ်းအားဟာ ပိုမို တိုးတက်အောင်တောင် လုပ်ဆောင်ထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Omega 1 အင်ဂျင် တလုံးလျှင် အလေးချိန် ၃၅ ပေါင်လောက်သာ ရှိပြီး မြင်းကောင်ရေ ၁၆၀ လောက် အထိ ထုတ်ပေးနိုင်ကာ လိမ်အားကို 170 lb-ft လောက်အထိ ထုတ်ပေးနိုင်ပါတယ်။

ကုမ္ပဏီ၏ အဆိုအရ အဆိုပါ အင်ဂျင်မျိုး များစွာကို ပေါင်းစည်းကာ စွမ်းအင် ပိုမို ထုတ်လုပ်ပေးနိုင်အောင်ပါ လုပ်ဆောင်နိုင်ဖို့ ဒီဇိုင်းဆွဲထားတယ်လို့ သိရပါတယ်။

ကမ္ဘာအနှံ့တွင် လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုဖို့ ဆော်ဩနေချိန်မှာ Omega 1 ဟာ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Image: Courtesy of Astron Aerospace

မကြာသေးမီကပဲ ကနေဒါ နိုင်ငံနှင့် နော်ဝေ နိုင်ငံတို့ဟာ နိုင်ငံတဝှမ်း ICE အသုံးပြုကားများ အသုံးပြုခြင်းကို တားမြစ် လိုက်ပြီး လျှပ်စစ် စွမ်းအင်သုံး ကားများကို အသုံးပြုဖို့ လုပ်ဆောင်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *