ဆိတ်တွေ သင့်ကို စိုက်ကြည့်နေရင် ကူညီ သင့်တဲ့အကြောင်း

Knowledge Nature

သုတေသနတခုက ဆိတ်ချစ်သူတွေ သိပြီးသားဖြစ်တဲ့ ဆိတ်များဟာ ထက်မြက်ပြီး လူများနှင့် ရှုပ်ထွေးသော ဆက်သွယ်မှုများ လုပ်ဆောင်နိုင်တာကို အတည်ပြုပေးလိုက်ပါတယ်။

လန်ဒန်ရှိ Queen Mary တက္ကသိုလ် မှ သုတေသီများအဆိုအရ ဆိတ်များဟာ ခွေးများ၊ မြင်းများကဲ့သို့ လူများနှင့် ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

ယခင်တခါ ဆိတ်တွေရဲ့ လူတွေ စိတ်နေစိတ်ထားအပေါ် သဘောထားကို သုတေသနပြုခဲ့သည့် (“ဆိတ်တွေနဲ့တွေ့ရင် ပြုံးပြဖို့ မမေ့သင့်တဲ့ အကြောင်း” ဆောင်းပါးတွင် ပါပြီးဖြစ်) ဗြိတိန်နိုင်ငံ Kent ရှိ ဆိတ်များကို ဘေးမဲ့ပေးရာ Buttercups Sanctuary တွင်

ဆိတ်များဟာ ၎င်းတို့ မဖြေရှင်းနိုင်သည့် ပြသနာများကြုံရသည့် အခါ အကူအညီ တောင်းခံသည့် ပုံစံဖြင့် လူများကို စူးစိုက်ကြည့်လေ့ရှိသည်ကို လေ့လာ တွေ့ရှိခဲ့ရပါတယ်။

ပြီးတော့ ဆိတ်များဟာ လူတွေ၏ အမူအကျင့်အပေါ် မူတည်ပြီး သူတို့ရဲ့ တုံ့ပြန်မှုတွေကို ပြောင်းလဲတတ်တာကိုလည်း တွေ့ရှိရပါတယ်။

ဒီလို စရိုက်လက္ခဏာဟာ လူများနှင့် အနီးကပ် နေခဲ့သည့် ရှည်လျှားသည့် သမိုင်းကြောင်းရှိတဲ့ တိရစ္ဆာန်များဖြစ်တဲ့ ခွေးများနှင့် မြင်းများတွင် တွေ့ရတတ်တဲ့ စရိုက်လက္ခဏာ ဖြစ်ပါတယ်။

“ခွေးများဟာ ၎င်းတို့ လက်လှမ်းမမှီတဲ့ အစာတခုကို တောင်းတဲ့အခါမှာ လူတွေကို အကူအညီတောင်းခံသကဲ့သို့ ဆိတ်များဟာလည်း အဲဒီလို စူးစိုက်ကြည့်တတ်ပါတယ်။”

“ကျွန်တော်တို့ ၏ ရလဒ်များဟာ အစားအစာ ထောက်ပံ့ဖို့အတွက် အဓိက မွေးမြူထားသော မျိုးစိတ်တခုတွင် လူသားများအား ရှုပ်ထွေးသည့် ဆက်သွယ်မှုများ ပြုလုပ်နိုင်တဲ့ ခိုင်လုံသော အထောက်အထားများကို ရရှိစေခဲ့ပြီး

အိမ်မွေးတိရိစ္ဆာန် သို့မဟုတ် အလုပ်ခိုင်းစေဖို့ မွေးထားသည့် တိရစ္ဆာန်များဖြစ်သည့် ခွေးများနှင့် မြင်းများနှင့် ဆင်တူတာကိုတွေ့ရပါတယ်။” လို့ လေ့လာမှု ပထမဆုံး ပြုလုပ်ခဲ့သည့် ဒေါက်တာ Christian Nawroth က ပြောပါတယ်။

နိဂုံးအားဖြင့် ဆိုရလျှင် တိရစ္ဆာန်များကို မွေးမြူခြင်းဟာ လူနှင့် တိရိစ္ဆာန် ဆက်သွယ်မှုအပေါ် သက်ရောက်မှု များစွာ ရှိတာကို တွေ့ရှိရပါတယ်။

ခွေးများဟာ အိမ်မွေးတိရစ္ဆာန် ဖြစ်လာပြီးမှ ဦးနှောက်တွင် အပြောင်းအလဲများဖြစ်စေပြီး လူများနှင့် အလွန်ကောင်းမွန်စွာ ဆက်ဆံနိုင်လာတယ်လို့ ယုံကြည်ကြပါတယ်။

“ဆိတ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ခန့်ကတည်းက အစားအစာ ထောက်ပံ့ဖို့ မွေးမြူရေး တိရစ္ဆာန်အဖြစ် ပထမဆုံး မွေးမြူခဲ့တဲ့ မျိုးစိတ်များ ဖြစ်တယ်” လို့ ဦးဆောင် သုတေသနပြုသူ ဒေါက်တာ Alan McElligott က ပြောပါတယ်။

ယခင် သုတေသန တခုမှာလည်း ဆိတ်များဟာ ယခင်က ထင်ထားသည်ထက် ပိုမို ထက်မြက်ပြီး ရှုပ်ထွေးသော အလုပ်များကို လျှင်မြန်စွာ ဖြေရှင်းနိုင်ဖို့ သင်ယူနိုင်ပြီး ၁၀ လခန့် ကြာသွားတောင်တာ မှတ်မိနိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။

“ကျွန်တော်တို့ဟာ ဆိတ်တွေ ဒီထက်ပိုပြီး ဥာဏ်ရည် ထက်မြက်တယ်ဆိုတာကို ပြနိုင်ရင် သူတို့ကို ပြုစု စောင့်ရှောက်မှုအတွက် ပိုကောင်းတဲ့ လမ်းညွှန်ချက်တွေ ယူဆောင်လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ McElligott က ဆက်ပြောပါတယ်။

ဒီ သုတေသနကို Biology Letters ဂျာနယ်တွင် ပုံနှိပ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.