အာကာသထဲမှာ နျူကလီးယားဗုံးတလုံး ပေါက်ကွဲခဲ့လျှင် ဖြစ်လာနိုင်သည့် အရာများ

Knowledge Science

အာကာသထဲမှာ နျူကလီးယား ဗုံးတလုံးကို ဖောက်ခွဲလိုက်မယ်လိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို အများကြီး လိုက်စဉ်းစားဖို့တော့ သိပ်မလိုပါဘူး။

ဘာလို့လဲဆိုတော့ အမေရိကန်ဟာ ၁၉၆၂ ခုနှစ်က ၁.၄ မဂ္ဂါတန် ပြင်းအားရှိတဲ့ နျူကလီးယား ဗုံးတလုံးကို ဂျွန်စတန်ကျွန်းမှာ စမ်းသပ်ခဲ့ပါတယ်။

ဒီနျူကလီးယားဗုံးကို Starfish Prime လို့ အမည်ပေးထားပြီး ကမ္ဘာပေါ်ရှိ ကောင်းကင်ပေါ်မှာ စမ်းသပ်ခဲ့သမျှ နျူကလီးယား ဗုံးများထဲတွင် အမြင့်ဆုံး နေရာမှ စမ်းသပ်မှု တခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

၎င်းကို ပစိဖိတ် သမုဒ္ဒရာ၏ အထက် ကီလိုမီတာ ၄၀၀ လောက်မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ဒါဟာ ယနေ့ခေတ် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း ကမ္ဘာကို လှည့်ပတ်သည့် လမ်းကြောင်း အမြင့်လောက်မှာ ရှိတာ ဖြစ်ပါတယ်။

စမ်းသပ်မှုမှ တဆင့် ဧရာမ မီးလုံးကြီး တလုံး ဖြစ်လာပြီးနောက် လျှပ်စစ် သံလိုက်လှိုင်း Electromagnetic Pulse (EMP) များကို ကီလိုမီ တာ ၁ ထောင်လောက်အထိ ပျံ့နှံ့သွားစေပါတယ်။

EMP ဟာ လျှပ်စစ်ဓာတ်အားများကို ဆောင့်တက်စေပြီး လျှပ်စစ်ပစ္စည်းများကို ပျက်စီးစေနိုင်ပါတယ်။ စမ်းသပ်မှုရ ရလဒ်ဟာ အလားတူပါပဲ။

ဟာဝိုင်အီ ကျွန်းအနှံ့ရှိ လမ်းမီးများ အမှောင်ကျသွားကာ၊ တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်ကုန်ပါတယ်။ ဒါ့အပြင် ဂြိုဟ်တု ၆ လုံးပါ ၎င်းတို့၏ လုပ်ငန်းစဉ်များ ရပ်တန့်သွားပါတယ်။

ဒါဟာ ၁.၄ မဂ္ဂါတန်လောက်ပဲ ပြင်းတဲ့ နျူကလီးယားဗုံးတလုံးက သက်ရောက်မှုတခုသာ ဖြစ်ပြီး ဆိုဗီယက်တို့ စမ်းသပ်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ၅၀ မဂ္ဂါတန် လောက် အားပြင်းတဲ့ Tsar Bomba ဆိုရင်တော့ ပိုပြီး စိတ်ဝင်စားစရာ ပါပဲ။

အဲဒါဆိုရင် အဲဒီ့ Tsar ကြီး အမေရိကန်နိုင်ငံ အပေါ်တည့်တည့် အာကာသထဲမှာ ပေါက်ကွဲခဲ့ရင် ဘာဖြစ်နိုင်မလဲ။

ပထမဆုံး အနေဖြင့် အာကာသထဲမှာ လေမရှိတဲ့အတွက် မှိုပွင့်ပုံစံ တိမ်တိုက်ကြီး နဲ့ နောက်ဆက်တွဲ ပေါက်ကွဲ လှိုင်းတွေ သို့မဟုတ် အကြီး အကျယ် ပျက်စီးမှုတွေ ရှိမှာမဟုတ်ပါဘူး။

အဲဒီ့အစား အမြင်အာရုံ ပျက်စီးသွားနိုင်တဲ့ Starfish Prime ထက် ၄ ဆ လောက်ကြီးတဲ့ မီးလုံးကြီး ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

သင်ဟာ အဲဒီ့ အလုံးကြီးကို အကာအကွယ်မပါဘဲ ၁၀ စက္ကန့်လောက် ကြည့်လိုက်တာနဲ့ သင့် အမြင်အာရုံဟာ လုံးဝ ပျောက်ကွယ်သွားမှာပါ။

ထွက်ပေါ်လာတဲ့ ဓာတ်ရောင်ခြည်များကြောင့် ကမ္ဘာ့ပတ်လမ်းနိမ့်ရှိ ဂြိုဟ်တုများတွင် တပ်ဆင်ထားသည့် ပစ္စည်းများ၏ ဆားကစ် ပတ်လမ်းများကို အရည်ပျော်စေပြီး ၎င်းတို့ကို ပျက်စီးစေမှာ ဖြစ်ပါတယ်။

အဲဒီ့အထဲမှာ ဆက်သွယ်ရေး ဂြိုဟ်တုတွေ၊ စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ရေး ဂြိုဟ်တုတွေနှင့် Hubble ကဲ့သို့ သိပ္ပံနှင့် ဆိုင်သည့် လုပ်ငန်းများတွင် အသုံးပြုသည့် တယ်လီစကုပ်များပါ ပါဝင်မှာပါ။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းသို့ ရောက်ရှိနေတဲ့ အာကာသ ယာဉ်မှူးများဟာလည်း ဓာတ်ရောင်ခြည် သင့်မှု အန္တရာယ်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သက်သာရာ ရစရာတခုက မြေပြင်နှင့် ၄၀၀ ကီလိုမီတာ အကွာမှာ ဖြစ်ပေါ်တဲ့ ဒီ ပေါက်ကွဲမှုဟာ မြေပြင်အထိ ဓာတ်ရောင်ခြည်တွေရောက်နိုင်မှာ မဟုတ်တဲ့အချက်ပါ။

Tsar Bomba

လူတွေ မထိခိုက်ပေမယ့် လျှပ်စစ်ပစ္စည်းတွေကတော့ သက်သာမှာ မဟုတ်ပါဘူး။

ဒီ Tsar အရွယ် နျူကလီးယားဗုံးမှ ထွက်လာမယ့် EMP ဟာ အမေရိကန်နိုင်ငံရဲ့ ၃ ပုံ ၁ ပုံလောက်အထိကို သက်ရောက်နိုင်ပြီး အဲဒီ့ သက် ရောက် ရာ နေရာတဝိုက်မှာ လျှပ်စစ် ဓာတ်အားလိုင်းတွေ နဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အားလုံးကို မိုးကြိုးဝင်သကဲ့သို့ ပျက်စီးစေမှာ ဖြစ်ပါတယ်။

ဓာတ်ရောင်ခြည် ထုတ်လွှတ်မှုကြောင့် လေထုထဲမှာ အောက်ဆီဂျင်နှင့် နိုင်ထရိုဂျင်ဓာတ်တို့ အပြန်အလှန် တုန့်ပြန်မှုများ ဖြစ်ကာ ပေါက်ကွဲရာ နေရာတဝိုက် ကောင်းကင်ယံမှာ spectacular aurora လို့ခေါ်တဲ့ အလင်းတန်းကြီးတွေကို ရက်အနည်းငယ်ကြာအောင် မြင်နေရမှာ ဖြစ်ပါတယ်။

ပူစရာမရှိတာကတော့ ဒီလို ကိစ္စမျိုးဟာ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်သလို Tsar ကဲ့သို့ စူပါ သာမို နျူကလီးယားဗုံးတွေဟာလည်း မရှိတော့ပါဘူး။

ရှိခဲ့ရင်တောင် Tsar ဟာ အလေးချိန် ၂၇,၀၀၀ ကီလိုဂရမ် ရှိပြီး ယနေ့ခေတ် ရော့ကတ်များမှ အချို့သာ ဒီဗုံးကြီးကို အာကာသ ထဲကို သယ် ဆောင် နိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.