ကမ္ဘာပေါ်ရှိ မီးတောင်​တွေ အားလုံး တစ်ကြိမ်ထဲနဲ့ ပြိုင်တူ ပေါက်ကွဲမယ် ဆိုရင်

Knowledge Science

ကမ္ဘာတစ်ဝှမ်းမှာဆိုရင် မီးတောင်ရှင် စုစုပေါင်း ၁၅၀၀ ခန့် ရှိပါတယ်။

မီးတောင် ပညာရှင်တွေကတော့ မီးတောင်တစ်လုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ပေါက်ကွဲခဲ့ပါက မီးတောင်ရှင်ဟု သတ်မှတ်ကြပြီး သမိုင်းမှတ်တမ်းမှာဆိုရင် ပေါက်ကွဲမှုပေါင်း ၅၅၀ ခန့်သာ ရှိပါသေးတယ်။

ဒါပေမယ့် အရေအတွက် အတိအကျက သူတို့ရဲ့ အရွယ်အစားလောက်တော့ အရေးမကြီးပါဘူး။

မီးတောင်ပေါက်ကွဲခြင်းဆိုင်ရာ အညွှန်းကိန်း (VEI) ကို အသုံးပြုပြီး မီးတောင် ပေါက်ကွဲမှုများကို အမျိုးအစား ခွဲခြားထားပါတယ်။

VEI 1 ဟာဆိုရင် မီးတောင်က ထုတ်လိုက်တဲ့ အရာတွေကို အနည်းဆုံး 10,000m3 အထိ လေထဲသို့ မှုတ်ထုတ်လိုက်တာဖြစ်ပြီး ဆက်တိုက်နံပါတ်တစ်ခုစီဟာ မီးတောင်ကနေ ၁၀ ဆ ခန့် ပိုထုတ်လိုက်တဲ့ အရာတွေနဲ့ သက်ဆိုင်ပါတယ်။

သမိုင်းတင်ဖူးသမျှ အကြီးမားဆုံးမီးတောင်ပေါက်ကွဲမှုဟာ ၁၈၁၅ ခုနှစ်မှာ VEI 7 ဖြင့် ပေါက်ကွဲခဲ့တဲ့ တန်ဘိုရာမီးတောင်ကြီး ပေါက်ကွဲမှုပဲ ဖြစ်ပါတယ်။

အဆိုပါ မီးတောင်ကြီးရဲ့ ပေါက်ကွဲသံကို ကီလိုမီတာ ၂,၆၀၀ အကွာအဝေး ကတောင် ကြားခဲ့ရပြီး ကီလိုမီတာပေါင်း များစွာ အကွာအဝေးထိ မီးတောင်မှ ထွက်လာတဲ့ အစအနတွေကို လေထဲကနေ လွှင့်စင်ခဲ့ပါတယ်။

အဆိုပါ မီးတောင်ကြီး တစ်ခုတည်းကြောင့် လေထုထဲကို မီးတောင်အမှုန့်အမွှားတွေ ၊ ဖုန်မှုန့်တွေ ပိတ်ဆို့သွားပြီး ကမ္ဘာမြောက်ဘက်ခြမ်းမှာဆိုရင် အပူချိန် ၀.၅ ဒီဂရီစင်တီဂရိတ် အထိ ခြောက်လကြာအောင် ကျဆင်းသွားခဲ့ပါတယ်။

၁၈၁၆ ခုနှစ်ကို ‘နွေရာသီ မရှိသောနှစ်’ ဟုခေါ်ဆိုခဲ့​ကြပြီး အနှောင့်အယှက်ဖြစ်စေတဲ့ မိုးရွာသွန်းမှု ပုံစံများကို ဖြစ်ပေါ်စေကာ ကမ္ဘာတစ်ဝှမ်းရှိ တောင်ယာ လုပ်ကိုင်သူ အများအပြားရဲ့ သီးနှံစိုက်ခင်းတွေကို ပျက်ဆီးစေခဲ့ပါတယ်။

ဒါဟာ မီးတောင်တစ်ခုပဲ ရှိသေးတာပါ။ ကမ္ဘာပေါ်မှာ လူသိများတဲ့ VEI 7 ဒါမှမဟုတ် VEI 8 အဆင့်ရှိတဲ့ မီးတောင် ၃၂ ခုရှိပြီး ၎င်းတို့အားလုံး တစ်ပြိုင်နက် ပေါက်ကွဲပါက လူသားအားလုံး အပါအဝင် သက်ရှိအများစုအတွက် မျိုးသုဉ်းခြင်းဆိုင်ရာ ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အဆိုပါ မီးတောင်အားလုံးရဲ့ ကနဦး ပေါက်ကွဲမှုကြောင့် လေထဲမှာရှိတဲ့ လေယာဉ်အများစု ပျက်ကျတာ​တွေ ၊ အ​မေရိကန် အနောက်ပိုင်း ၊ တောင်အမေရိက၊ ဥရောပ တောင်ပိုင်းနှင့် အရှေ့ဖျားရှိ အဆောက်အဦများ ပြိုကျတာတွေအပြင် ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံ အများစုမှာရှိတဲ့ ဓာတ်အားလိုင်းများ ပြတ်တောက်မှုတွေကိုပါ ဖြစ်​ပေါ်စေနိုင်ပါတယ်။

သောက်သုံးရေ ထောက်ပံ့မှုမှာဆိုရင်လည်း မီးတောင်ပြာတွေကြောင့် အဆိပ်အတောက်တွေ ဖြစ်စေနိုင်ပြီး ကမ္ဘာ့ အပူချိန်ဟာ ခြောက်လ အတွင်း ၁၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းမှာ ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အက်ဆစ်မိုးတွေ ရွာသွန်းလာပါက လာမည့် ဆယ်စုနှစ် အတွင်း စိုက်ပျိုးဖို့အတွက် လုံးဝ မဖြစ်နိုင်တော့ပါဘူး။

ကံကောင်းတာတစ်ခုက ဒါတွေဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဖူးဆိုတာကို သေချာပါတယ်။

မီးတောင်တွေဟာ ကမ္ဘာမြေမျက်နှာပြင်အောက် အတွင်းပိုင်းရှိ ကျောက်ရည်ပူတွေ ကမ္ဘာ့မျက်နှာပေါ် သို့ တိုးထွက်လာတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.