ကာရစ်ဘီယံ၊ တောင် ပစိဖိတ် နှင့် အခြား သမုဒ္ဒရာများဟာ သန္တာကျောက်တန်းများ ဝန်းကျင်ရှိ ငါးမျိုးစုံကြောင့် ရေငုပ်လေ့လာသူများ နှင့် လည်ပတ်သူများ ကြိုက်နှစ်သက်သည့် ခရီးသွားနေရာများ ဖြစ်ပါတယ်။
သန္တာကောင်များဟာ သက်ရှိများဖြစ်ပြီး ၎င်းတို့ဟာ အမာ သို့မဟုတ် အပျော့လည်း ဖြစ်နိုင်ပါတယ်။
ပင်လယ် anemones နှင့် အမျိုးတော်သည့် coral polyps လို့ခေါ်သည့် အကောင်ငယ်များဟာ သန္တာကောင်၏ ခန္ဓာကိုယ်ပေါ်မှာ သက်ရှိအစိတ်အပိုင်းများ ဖြစ်ပြီး ရေထဲမှ အစာကို ၎င်းတို့၏ လက်တံ ငယ်လေးများမှတဆင့် ဖမ်းယူပါတယ်။
Coral polyps များဟာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် မာကျောသည့် ပြွန်ကဲ့သို့ အကာအရံများ တည်ဆောက်ကြပြီး နှစ်သန်းပေါင်းများစွာ ကြာလာသည့်အခါ ကျွန်တော်တို့ သမုဒ္ဒရာတွင် မြင်တွေ့နိုင်သည့် သန္တာကျောက်တန်းများဖြစ်လာကြပါတယ်။

polyps များဟာ ပင်လယ်ရေမှ ကယ်လ်စီယမ်ကို ထုတ်ယူပြီး ပြင်ပတွင် ထုံးကျောက် အမိုးအကာများအဖြစ်သို့ ပြောင်းလဲစေကာ မာကျောသည့် သန္တာကျောက်များကို ဖြစ်စေပါတယ်။
အဆိုပါ သန္တာကျောက်တန်းများဟာ ရေငုပ်သမားများကို ဆွဲဆောင်နိုင်သည်သာမက ကမ္ဘာပေါ်ရှိ အမြင့်ဆုံး အဏ္ဏဝါ ဇီဝ မျိုးကွဲ မျိုးစုံကိုလည်း ထောက်ပံ့ပေးပါတယ်။
၎င်းတို့ဟာ ကမ္ဘာ့မြေပြင်၏ ၁ ရာခိုင်နှုန်းအောက်ကို ကျဆင်းနေပြီး သန္တာကျောက်တန်းများဟာ ၎င်းအပေါ် မှီခိုနေသည့် အစားအသောက်၊ အလုပ်အကိုင်နှင့် အပန်းဖြေမှု လုပ်ငန်းများမှ လူ သန်း ၅၀၀ အတွက် အလွန်အရေးကြီးပြီး နှစ်စဉ် စီးပွားရေးအရ ဒေါ်လာ ၃၇၅ ဘီလီယံလောက်အထိ သက်ရောက်မှု ရှိပါတယ်။
ရာသီဥတု ပြောင်းလဲခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကမ်းရိုးတန်း ဖွံ့ဖြိုးရေး၊ ငါးဖမ်းခြင်းနှင့် လက်ဝတ်ရတနာများနှင့် အမှတ်တရ ပစ္စည်းများ ဖန်းတီးခြင်းတို့ကြောင့် သန္တာကျောက်တန်းများ၏ ရပ်တည်မှုဟာ ခြိမ်းခြောက်ခံနေရပါတယ်။
တကယ်တော့ ကာရစ်ဘီယံ သန္တာကျောက်တန်းများပေါ်တွင် ရှင်သန်နေသည့် သန္တာများဟာ ၁၉၇၀ ပြည့်လွန်နှစ်များက ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပေမယ့် ယခုတော့ ၈ ရာခိုင်နှုန်းလောက်သာ ကျဆင်းလာတာ ဖြစ်ပါတယ်။
ဒါပေမယ့် နှုန်းအရတော့ တချိန်မှာ သန္တာကျောက်တန်းတွေ လုံးဝ ကွယ်ပျောက်မယ့် အလားအလာတော့ ရှိနေပါတယ်။
အဲဒီ့အကြောင်းကို “တကမ္ဘာလုံးရှိ သန္တာကျောက်တန်းတွေ လုံးဝ ပျောက်ကွယ်သွားမယ့် အန္တရာယ် ကြုံတွေ့နေ” တွင် လေ့လာနိုင်ပါတယ်။

ပထမဆုံး သန္တာကျောက်တန်းများ လုံးဝပျောက်ကွယ်သွားပါက ၎င်းနှင့် ဆက်စပ်သည့် အလုပ်အကိုင်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ နှင့် ကျွမ်းကျင်သူများ ရှိတော့မှာ မဟုတ်ပါဘူး။
သန္တာကောင်များ မရှင်သန်နိုင်တော့ပါက သန္တာကျောက်တန်းများဟာလည်း ကွယ်ပျောက် ဆွေးမြည့်သွားမှာ ဖြစ်ပြီး အဏ္ဏဝါ သတ္တဝါများ ရှင်သန် ပေါက်ပွားမှုနှင့် ကျက်စားရာ နေရာများ ပျက်စီးသွားမှာ ဖြစ်ပါတယ်။
သန္တာကျောက်တန်းများကို အကာအကွယ်ယူ မှီခိုရသည့် grouper၊ snapper လိုငါးများ၊ ကနုကမာ နှင့် ဂုံးများတွင် အနှုတ်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများ ရှိလာနိုင်မှာ ဖြစ်ပါတယ်။
အဏ္ဏဝါ သက်ရှိများဟာ လူများစွာ၏ အစားအစာအတွက် မရှိမဖြစ် အရေးပါသည့် အရာများဖြစ်သည့်အတွက် သန္တာကျောက်တန်းများ ပျောက်ကွယ်လာခြင်းဟာ အစားအစာ ပြသနာကို ပိုမို ဆိုးရွားလာစေမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ ပင်လယ် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ ဦးရေ ၃၈ သန်းခန့်ရှိပြီး အဲဒီ့ လုပ်ငန်းကြီးကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်း အပေါ်မူတည်သည့် ကာရစ်ဘီယံ ကျွန်းနိုင်ငံများဟာလည်း လုပ်ငန်းမှ ဝင်ငွေများ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သန္တာများကို အသုံးပြုပြီး ထုတ်လုပ်သည့် ဆေးဝါးများလည်း ထုတ်လုပ်နိုင်မှာ မဟုတ်တော့ဘဲ ကျန်းမာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် သက်ရောက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။
ဒီလို ရလဒ်တွေဟာ လက်ရှိ သိပ္ပံပညာရှင်များ ခန့်မှန်းထားသလောက်သာ ဖြစ်ပြီး သန္တာကျောက်တန်းတွေ လုံးဝပျောက်ကွယ်သွားပါက တကယ်ဖြစ်လာမယ့် အရာအားလုံး မခန့်မှန်းနိုင်သေးပါဘူး။

သမုဒ္ဒရာများ၏ အစာကွင်းဆက်များ နှင့် ဇီဝ မျိုးကွဲ မျိုးစုံကို အခက်အခဲ ဖြစ်စေခြင်းဟာ ကျွန်တော်တို့ နားမလည်နိုင်တဲ့ ပြသနာများကို ဦးတည်သွားစေနိုင်ပါတယ်။
အစာကွင်းဆက်၏ အကျိုး သက်ရောက်မှု အရေးပါပုံကို အနည်းငယ် နားလည်နိုင်ရန် “ကြောင်တွေ လေထီးခုန်ပြီး ကယ်တင်ခဲ့ရတဲ့ အစာကွင်းဆက် ပြသနာကြီး” ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါတယ်။
လက်ရှိတွင် သန္တာကျောက်တန်းများကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ အချက်တွေတော့ ရှိပါတယ်။
အထူးသဖြင့် နိုင်ငံများက ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း၊ သန္တာကျောက်တန်းနှင့် ကမ်းခြေများကို သန့်ရှင်းရေးလုပ်ခြင်း နှင့် ပင်လယ်ထဲသို့ ဝင်နိုင်သည့် ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများ အသုံးပြုမှုကို လျှော့ချခြင်းတို့ ဖြင့် သန္တာ ကျောက်တန်းများ ပျောက်ကွယ်မည့် အန္တရာယ်ကို အထိုက်အလျှောက် ကာကွယ်နိုင်မှာပါ။
ဤသို့ဖြင့် အနည်းငယ် သတိထားပြီး အသိစိတ်လေးဖြင့် သန္တာကျောက်တန်းများကို ထိန်းသိမ်းနိုင်ပါက အနာဂါတ်မျိုးဆက်များ အတွက် များစွာ အကျိုးရှိစေမှာပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။