နျူကလီးယားစစ်ပွဲ ဖြစ်လာပါက သက်ရောက် နိုင်မှုများ အကြောင်း

Knowledge Science

နျူကလီးယား စစ်ပွဲဟာ ကမ္ဘာကြီးကို အကြီးအကျယ် ပျက်စီးနိုင်မယ့် အကြောင်းကို ကျွန်တော်တို့ အမြဲကြားဖူး ကြမှာပါ။

ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီလို စစ်ပွဲမျိုး ဖြစ်ပေါ်လာခဲ့ရင် ဘယ်လောက်ထိ ဖြစ်လာနိုင်မလဲ နဲ့ အဲဒီ့က ထွက်လာမယ့် ပြင်းအားကို အတိအကျ မသိကြသေးပါဘူး။

လေ့လာမှုအသစ်တခုဟာ နျူကလီးယား စစ်ပွဲအတွင်းမှ ဖြစ်လာနိုင်မယ့် မီးခိုးများ၏ သက်ရောက်မှု နှင့် ပတ်သက်သည့် အကြောင်းအရာများကို အကျအန လေ့လာထားခဲ့ပါတယ်။

ခန့်မှန်းချက် များနှင့် တွက်ချက်မှုများကို ပြုလုပ်နိုင်ဖို့အတွက် အသေးစိတ် အချက်အလက်များကို အသုံးပြုထားခဲ့တယ်လို့ သိရပါတယ်။

၎င်းဟာ ကမ္ဘာ့လေထု၏ အောက်ဆုံးပိုင်း အဆင့်တွင် ရှိသည့် stratosphere အလွှာတွင် ဖြစ်ပေါ်လာနိုင်မယ့် ဓာတ်တုံ့ပြန်မှုများ အားလုံးကိုပါ ထည့်သွင်း စဉ်းစားထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ လေထု အလွှာများ Photo: Courtesy of Randy Russell, UCAR

လေ့လာမှုမှ ထွက်ပေါ်လာတဲ့ ရလဒ်များကတော့ ယခင် လေ့လာမှုများက တွက်ချက်ထားသည်ထက် စစ်ပွဲ၏ ပြင်းထန်ပြီး လွှမ်းမိုးနေသည့် အကျိုးဆက်များကို ပြသနေပါတယ်။

အဲဒီ့အထဲတွင် နျူကလီးယား ပေါက်ကွဲမှု၏ ကနဦး အပူသက်ရောက်မှုကြောင့် ထိခိုက် ပျက်စီးမှုများနှင့်အတူ နောက်ဆက်တွဲ အိုဇုန်းလွှာ ဆုံးရှုံးမှုများလည်း ပါဝင်နေပါတယ်။

“နျူကလီးယား စစ်ပွဲအပြီးမှာ အိုဇုန်းလွှာ ပျက်စီးသွားမယ်ဆိုတာ သံသယဖြစ်ပေမယ့် ကမ္ဘာ့မြေမျက်နှာပြင်မှာ ပိုပြင်းတဲ့ ခရမ်းလွန် ရောင် ခြည် တွေ ဖြစ်ပေါ်နိုင်ပေမယ့် မီးခိုးတွေ များလွန်း ရင်တော့ ခရမ်းလွန် ရောင်ခြည်တွေကို ပိတ်ဆို့သွားမှာပါ” လို့ နယူးဂျာစီရှိ Rutgers တက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Alan Robock က ပြောပါတယ်။

“အခုတော့ ပထမဆုံး အကြိမ်အဖြစ် ဒါက ဘယ်လို အလုပ်လုပ်မယ်ဆိုတာကို တွက်ချက်ပြီး မီးခိုး ပမာဏအပေါ်မူတည်ပြီး ဘယ်လိုဖြစ်လာမယ် ဆိုတာကို ကျွန်တော်တို့ တွက်ချက်ထားပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ဒေသတွင်း နှင် ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲ ၂ ခုံးစလုံးကို ၅ မဂ္ဂါတန် နှင့် ၁၅၀ မဂ္ဂါတန်ရှိ နျူကလီးယား လက်နက်များမှ ထုတ်လွှတ်မည့် အရာများကိုပါ ထည့်သွင်း တွက်ချက်ထားတယ်လို့လည်း သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား စစ်ပွဲဖြစ်ပါက ၁၅ နှစ်တာ ကာလအတွင်း ပျမ်းမျှ အိုဇုန်းလွှာ ၇၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးနိုင်ပြီး ဒေသတွင်းမှာ ဖြစ်ပါက အိုဇုန်းလွှာ ဆုံးရှုံးမှာဟာ ၁၂ နှစ်တာကာလအတွင်းမှာ ၂၅ ရာခိုင်နှုန်းလောက် အထိ ရှိနိုင်ပါတယ်။

ဖြစ်စဉ် ၂ ခုစလုံးမှာ ကနဦး ပေါက်ကွဲမှုများဟာ နိုက်ထရိုဂျင်အောက်ဆိုဒ်များနှင့် မီးခိုးငွေ့များဟာ သဘာဝလေထု အပြန်အလှန် အကျိုးသက်ရောက်မှုကို အနှောင့်အယှက်ပေးကာ အိုဇုန်းလွှာ ဆုံးရှုံးမှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။

ခရမ်းလွန် ရောင်ခြည်တွင် ပြောင်းလဲမှုများဟာ ကင်ဆာ၊ စိုက်ပျိုးရေး လုပ်ငန်းစဉ်များနှင့် ဂေဟစနစ် တခုလုံး၏ ရှင်သန်နိုင်မှုနှင့် ဆက်စပ်နေတာ ဖြစ်ပါတယ်။

“အခြေအနေတွေက သိသိသာသာ ပြောင်းလဲမှာဖြစ်ကာ အပူချိန်တွေ ပြန်ပူလာပြီး ခရမ်းလွန်ရောင်ခြည်တွေ တိုးလာတဲ့အခါ အစပိုင်းမှာလို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူး” ဟု ကော်လိုရာဒိုရှိ လေထုဆိုင်ရာ သုတေသနပြု အမျိုးသားဗဟိုဌာန (NCAR) မှ လေထုသိပ္ပံပညာရှင် Charles Bardeen ကဆိုပါတယ်။

“မီးခိုးငွေ့တွေ ရှင်းသွားတာနဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ လူသားတွေရဲ့ ကျန်းမာရေး နဲ့ စိုက်ပျိုးရေးတွေ အပေါ်မှာ လုံးလုံးလျားလျား ကွဲပြားတဲ့ သက်ရောက်မှုမျိုးနဲ့ ကျရောက်လာမှာ ဖြစ်တယ်” လို့ ၎င်းကဆိုပါတယ်။

“အဲဒီ့အခါကျရင် ချက်ချင်းနီးပါး အသက်ဆုံးရှုံးမှုတွေအပြင် ရာသီဥတု သက်ရောက်မှုနှင့် ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုတွေဟာ ကျယ်ပြန့်လာမှာပါ” လို့ Bardeen က ပြောပါတယ်။

Bardeen ၏ အဆိုအရ နျူကလီးယား စစ်ပွဲဆိုတာ ဒေသတွင်း နှင့် ကမ္ဘာလုံး ဆိုင်ရာလို့ မရှိဘဲ ဖြစ်ပွားပါက တကမ္ဘာလုံး အကျိုး သက် ရောက်မှုကို ခံစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချုံငုံပြောရရင် နျူကလီးယား စစ်ပွဲ ဖြစ်ပွားပါက ကနဦး ပေါက်ကွဲမှုများမှ ပျက်စီး ဆုံးရှုံးမှုများ ရှိမည်သာမက ထွက်ပေါ်လာသည့် မီးခိုးများကြောင့် အိုဇုန်းလွှာကို ပျက်စီးစေမှာ ဖြစ်ပြီး တကမ္ဘာလုံး၏ သက်ရှိနှင့် အပင်များကိုပါ ထပ်မံ ပျက်စီးစေမှာ ဖြစ်ပါတယ်။

ဒီ သုတေသန စာတမ်းကို Journal of Geophysical Research တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First published on 8/12/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *