သီးခြား နတ်ဘုံတခု သို့မဟုတ် ဂျာမနီရှိ ကမ္ဘာ့အကြီးဆုံးလူလုပ် ကမ်းခြေကြီး

Knowledge Travel

In-door လူလုပ် ကမ်းခြေ များထဲတွင် ဂျာမနီတွင်ရှိသည့် Tropical Islands Resort ဟာ ကမ္ဘာ့ပေါ်တွင် အကြီးဆုံးပဲ ဖြစ်ပါတယ်။

ဒီကြီးမား လှပတဲ့ ကမ်းခြေတုကြီးဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့၏ တောင်ဘက် မိုင် ၃၀ အကွာလောက်မှာ ရှိတဲ့ Krausnick မြို့မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။

Image: Courtesy of Tropical Islands Resort

ဒီ ကမ်းခြေတုကြီး၏ ထူးခြားတဲ့ အချက်ကတော့ ထောက်တိုင် လုံးဝမပါဘဲ ၁၀၇ မီတာလောက် (၃၅၁ ပေ) အမြင့် ရှိပြီး ယခင်က လေသင်္ဘောရုံ အဟောင်းကြီးကို ကမ်းခြေအဖြစ် ပြောင်းလဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Aerium လို့ အမည်ပေးထားတဲ့ လေသင်္ဘောရုံ အဖြစ်တည်ဆောက်ခဲ့ပေမယ့် ၎င်းနှင့် အတူ တွဲဖက် အသုံးပြုမယ့် လေသင်္ဘောကိုတော့ မဆောက်လုပ်ဖြစ်ခဲ့တဲ့ အတွက် ဒီ အဆောက်အအုံကြီးကို ရပ်တန့်ခဲ့ပါတယ်။

Image: Courtesy of Tropical Islands Resort

အဲဒီ့နောက် မလေးရှား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tanjong မှ ဒီလေသင်္ဘောရုံကြီးကို ဝယ်ယူကာ Tropical Islands Resort အဖြစ် ပြောင်းလဲ ပစ်လိုက်ပါတယ်။

ဒီအဆောက်အအုံထဲမှာ လှပတဲ့ ကမ်းခြေတခုအပြင် မလေး၊အင်ဒို ကျွန်းများကဲ့သို့ ရာသီဥတုရှိတဲ့ မိုးသစ်တောများ၊ နေတု၊ အုန်းပင်များ၊ သစ်ခွများ နှင့် ငှက်များ၏ တေးသံသာ များကိုပါ ထည့်သွင်း တည်ဆောက်ထားပါတယ်။

Image: Courtesy of Tropical Islands Resort

Tropical Islands Resort ကို နေ့စဉ် လူပေါင်း ၈,၂၀၀ လောက်အထိ လာရောက် လည်ပတ်နိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး ပထမဆုံး ဖွင့်သည့် နှစ်မှာပဲ လူပေါင်း ၉၇၅,၀၀၀ လောက် လာရောက် လည်ပတ်ခဲ့ပါတယ်။

မြို့ကြီးများ၏ ဘလောက် ၆ ခုစာလောက် အကျယ်အဝန်းရှိတဲ့ အဆောက်အအုံ အတွင်းမှာ အပူချိန်ကို ၂၆ ဒီဂရီ နှင့် စိုထိုင်းဆ ၆၄ ရာခိုင် နှုန်းကို ထိန်းညှိပေးထားပါတယ်။

Image: Courtesy of Tropical Islands Resort

ဒါ့အပြင် အားလပ်ရက် အပန်းဖြေ ခရီးအတွက် အားဖြည့်ပေးနိုင်မယ့် နေရာမျိုးစုံ ပါရှိပါတယ်။

ကလေးများအတွက် ကစားစရာများရှိသည့် လှော်ခတ်နိုင်တဲ့ ရေတိမ်နေရာတခု၊ ရေလွှာလျှောစီး အသေး တခုနှင့် ရေကစားသည့် ခုံကြီးတခု ရှိပါတယ်။

Bumper boat ဟု ခေါ်သည့် ဘောကွင်းလှေများ၊ ကားငယ်လေးများ နှင့် ဟော်ကီ ကစားရန် နေရာများ ပါဝင်တဲ့ Tropino Club နေရာတွင် မိဘများ အတွက် ရေလွှာလျှောစီး အကြီးတခုပါ ပါဝင်သည့်အတွက် ပျင်းစရာမရှိပါဘူး။

Image: Courtesy of Tropical Islands Resort

အစဉ်အလာအားဖြင့် ရေပန်းဥယျာဉ်များဟာ မိသားစုဇုန်အဖြစ် သတ်မှတ်ကြသော်လည်း လူငယ်ပိုင်းများအတွက်လည်း ရွေးချယ်စရာတွေ ရှိပါတယ်။

ဘာလို့လဲဆိုတော့ ဘာလီကျွန်းတွင် တွေ့နိုင်သည့် ချွေးပေါင်းထုတ်အိမ်ထဲတွင် စိမ်ရန် နေရာကောင်းရှိသည့်အပြင်၊ အပူပိုင်းဒေသပင်လယ် ကဲ့သို့ ခံစားနိုင်သည့် အိုလံပစ် အရွယ်အစား ရေကူးကန်ကြီး ၃ ခု ပါဝင်ပါသေးတယ်။

Image: Courtesy of Tropical Islands Resort

အထဲတွင် အားမရသေးပါက အပြင်ဘက်တွင် Amazonia လို့ခေါ်တဲ့ အမေဇုံသစ်တောလို နေရာမျိုးကိုပါ ဖန်တီးပေးထားတဲ့အတွက် လာရောက်လည်ပတ်သူတွေ အတွက်တော့ ပျော်စရာ ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com