အိန္ဒိယ မှ တရုတ်နှင့် ထိစပ်ရာ ဒေသသို့ သံချပ်ကာ တပ်မဟာသစ် စေလွှတ်

News

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံနှင့် ဟိမဝန္တာဒေသမှာ စစ်ရေးတင်းမာမှုတွေ ရှိလာတာကြောင့် နယ်နမိတ်ချင်း ထိစပ်နေတဲ့ ၎င်းရဲ့ အရှေ့မြောက် နယ်စပ်ဒေသတလျှောက်မှာ စစ်အင်အားတွေ တိုးချဲ့နေပါတယ်။

ဒီနျူကလီးယား ပိုင်ဆိုင်တဲ့ ၂ နိုင်ငံဟာ အနောက်မြောက်ဖက် လာဒက်ခ်ဒေသမှာ စစ်ရေး ထိတွေ့မှုမဖြစ်ဖို့ မကြာသေးမီက သဘောတူထားတာပါ။

တရားဝင်သတင်းများအရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ လာမယ့် ၃ လအတွင်းမှာ နိုင်ငံ၏ အရှေ့မြောက်ဖက်‌ဒေသရှိ စစ်တပ်များရဲ့ ဖွဲ့စည်းမှုများကို ပိုမိုခိုင်မာစေရန်နှင့် ပြန်လည် တည် ဆောက်ရန် ရည်ရွယ်ကာ နောက်ထပ် တင့်ကား တပ်မဟာ တစ်ခုကို အမှန်တကယ်ထိန်းချုပ်မှုမျဉ်း Line of Actual Control (LoAC) နှင့် ပိုမို နီးကပ်စွာ ထားရှိမှာ ဖြစ်တယ်လို့ Janes စစ်ဘက်ဆိုင်ရာ website ကို ပြောကြားခဲ့ပါတယ်။

ဒီတင့်ကား တပ်မဟာမှာ ရုရှားမှ လိုင်စင်ယူပြီး ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ T-72M1 “Ajeya” နှင့် T-90S “Bhishma” ပင်မတိုက်ပွဲဝင် တင့်ကား အစီးရေ ၁၄၀ လောက် ပါဝင်မှာဖြစ်ပြီး ဆစ်ကင်းမ် (Sikkim) ပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှာ တပ်ချထားမှာ ဖြစ်ပါတယ်။

တပ်မဟာသစ်ဟာ အိန္ဒိယတပ်မတော် (IA) နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တို့ကြား ၇၃ ရက်ကြာ ပိတ်ဆို့မှုဖြစ်ပွားခဲ့တဲ့ ဒေါ့ခ်လန်မ် Dorklam သို့မဟုတ် Donglang ဟုလည်းခေါ်) ဒေသရှိ အိန္ဒိယ၊ တရုတ်၊ ဘူတန် သုံးနိုင်ငံဆုံရာ နယ်နမိတ်အနီးမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီနယ်စပ်ဟာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ ထိစပ်နေတဲ့ အပိုင်း ၃ ပိုင်းမှ အရှေ့ဘက်ပိုင်းဖြစ်ပြီး ကီလိုမီတာ ၁၁၄၀ လောက်ရှည်ပါတယ်။ သမိုင်းအရ ဒီ နယ်နမိတ်ကို McMahon Line လို့ခေါ်ပြီး တိဘက် တို့က အသိအမှတ်ပြုပေမယ့် တရုတ်နိုင်ငံက အသိအမှတ်မပြုဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဟာ ကီလိုမီတာ စကွဲယား ၈ သောင်းခွဲလောက် ရှိတဲ့ Arunachal Pradesh ဒေသတစ်ခုလုံးကို ၎င်းက ပိုင်ဆိုင်တယ်လို ဆိုနေတာပါ။ ဒီနှစ်နိုင်ငံတပ်တွေဟာ ၁၉၆၂ ခုနှစ်က ပြင်းပြင်းထန်ထန် ထိတွေ့မှုဖြစ်ခဲ့ပြီး ကြိုတင်ပြင်ဆင်မှုကောင်းတဲ့ တရုတ်တို့က အသာစီးရရှိခဲ့ပါတယ်။

အိန္ဒိယရဲ့ ယခုလို စစ်အင်အားဖြည့်တင်းမှု ဗျူဟာမှာ အာသန်ဒေသ ရိုင်ဖယ်တပ်ရင်း ၄၆ ခု အနက် အခု ၂၀ ကို အဆိုပါ နယ်မြေမှာ ပြန် လည် နေရာ ချထားခြင်းလည်း ပါဝင်ပါတယ်။ လက်ရှိ အဲဒီ့တပ်ရင်းများဟာ သောင်းကျန်းသူတိုက်ဖျက်ရေး တာဝန်များကို ထမ်းဆောင်ဖို့အတွက် မြန်မာ နယ်စပ်အနီးမှာ တာဝန်ချထားတာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *