တောင်ကိုရီးယား KF-21 တိုက်လေယာဉ် စီမံကိန်းတွင် ပြန်လည်ပါဝင်လာတဲ့ အင်ဒိုနီးရှား

Military News

အင်ဒိုနီးရှားမှ အင်ဂျင်နီယာများဟာ ကိုရီးယား လေကြောင်းထုတ်လုပ်ရေး၏ စီမံကိန်းမှာ ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။

အဲဒါ စီမံကိန်းကတော့ ကိုရီးယားတွင် ထုတ်လုပ်မည့် KF-21 Boramae (Hunting Hawk) 4.5 generation ဘက်စုံသုံး တိုက်လေယာဉ် စီမံကိန်းပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှား၏ ရင်းနှီးမြှပ်နှံမှုအတွက် ပေးချေမှု ပျက်ကွက်ခဲ့တဲ့အတွက် ၁၁၄ ယောက်သော အင်ဂျင်နီယာများဟာ မတ်လ တုန်းက နိုင်ငံသို့ ပြန်လာ ခဲ့ကြရတာဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ တောင်ကိုရီးယား၏ KF-21 စီမံကိန်းတွင် ဘက်ဂျက် ၂၀ ရာခိုင်နှုန်း နှင့် တောင်ကိုရီးယားမှ ၈၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်း ထုတ်လုပ်ရန် သဘောတူညီမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဝမ် ၂၂၇.၂ ဘီလီယံ ရင်းနှီးမြှပ်နှံပြီး နောက်မှာ အင်ဒိုနီးရှားဟာ ဝမ် ၇၀၀ ဘီလီယံ လောက် ပေးဖို့ အတွက် သတ်မှတ်ရက်ထက် ကျော်လွန်နေခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ ကိုရီးယား ကာကွယ်ရေး အစီအစဉ် ရယူရေး စီမံခန့်ခွဲမှု (DAPA) ၏ ကြေငြာချက်အရ အင်ဒိုနီးရှားဟာ စီမံကိန်းတွင် ပြန်လည် ပါဝင်လာကြောင်း ထပ်လောင်းအတည်ပြုမှုကို ဖော်ပြခဲ့ပါတယ်။

DAPA မှ ပြောကြားချက်အရ အင်ဒိုနီးရှား အင်ဂျင်နီယာ ၃၂ ဦးဟာ KF-21 စီမံကိန်းတွင် ပြန်လည် ပါဝင်ရန် ပြင်ဆင်နေပြီး နှစ်ကုန်တွင် ဦးရေ ၁၀၀ ခန့်အထိ တိုးလာမယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် ဗီဇာ စာရွက်စာတမ်းများကို ပြင်ဆင်လျှက်ရှိပြီး အစီအစဉ် ပြန်လည် စတင်ရန် ကပ်ရောဂါ ကာလအတွင်း ဖြစ်တဲ့အတွက် နှစ်ပတ်ကြာ “Q” ဝင်ရန် လိုအပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

ပြန်လည် ရောက်ရှိလာတဲ့ အင်ဒိုနီးရှား ဝန်ထမ်းများဟာ KF-21 ထုတ်လုပ်မှု၊ မြေပြင် နှင့် ပျံသန်းမှု စမ်းသပ်ခြင်း လုပ်ငန်းစဉ်များတွင် KAI လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းပြီး အလုပ်ပြန်လည် စတင်မှာ ဖြစ်တယ်လို့ KAI ၏ ပြောခွင့်ရတဦးက ပြောပါတယ်။

အဆိုပါ ပြောရေးဆိုခွင့်ရှိသူမှ နောက်လာမယ့် လတွေမှာ KAO က သူတို့မရှိတဲ့အချိန် ကတည်းက လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကို အင်ဒိုနီးရှား အင်ဂျင်နီယာများကို နားလည်အောင် ပံ့ပိုးပေးမယ့်အပြင် ကိုရီးယား ဘာသာစကားကိုပါ သင်ကြားပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား အစိုးရဟာ ၎င်း၏ အင်ဂျင်နီယာများကို KF-21 စီမံကိန်းကို ပြန်လည် ပို့ဆောင်ဖို့အတွက် ဧပြီလကတည်းက ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ ဧပြီလက ၎င်း၏ ပြည်တွင်းဖြစ် ပဥ္စမမျိုးဆက်သို့ အဆင့်မြှင့်တင်နိုင်သည့် 4.5 generation ဘက်စုံသုံး တိုက်လေ ယာဉ် KF-21 ကို ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ တိုက်လေယာဉ်ဟာ ကျွန်တော်တို့ Knowledgeworms မှ ဖော်ပြခဲ့တဲ့ KF-X တိုက်လေယာဉ် စီမံကိန်းမှ ဆင်းသက်လာတာလည်း ဖြစ်ပါတယ်။

KF-21 အား ထုတ်လုပ်မှု မြင်ကွင်း

ဒီလေယာဉ်သစ်များဟာ တောင်ကိုရီးယားလေတပ်ရှိ သက်တမ်း ကြာမြင့်နေပြီ ဖြစ်တဲ့ အရေအတွက် ၁၇၀ မှ ၂၀၀ ကြားမှာရှိတဲ့ F-5E/F တိုက်လေယာဉ်များနှင့် ၁၉၆၀ ခုနှစ်များ ဝန်းကျင်က ထုတ်လုပ်ခဲ့တဲ့ F-4E တိုက်လေယာဉ် ၇၀ လောက်နေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

မြေပြင် စမ်းသပ်မှုများကို ဆောင်ရွက်ဖို့ လုပ်ဆောင်နေပြီး ပထမဆုံး ပျံသန်းမှုကိုတော့ လာမယ့် နှစ်မှာ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ထုတ်လုပ်မှုတွေ ပြီးဆုံးပါက KF-21 အစီး ၄၀ ကို ၂၀၂၈ မှာ တောင်ကိုရီးယားလေတပ်သို့ လွှဲပြောင်းပေးမှာ ဖြစ်ပြီး ၂၀၃၂ ခုနှစ်မှာတော့ အစီးရေ ၈၀ အထိ ရှိလာမှာ ဖြစ်ပါတယ်။

KF-21 ဟာ အင်ဂျင် နှစ်လုံးတပ် လေယာဉ်ဖြစ်ပြီး တစ်ယောက်မောင်း နှင့် နှစ်ယောက်မောင်း မျိုးကွဲ ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *