ဆီအုန်းဖြင့် ဓာတ်ဆီ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတဲ့ အင်ဒိုနီးရှား၏ စီမံကိန်း

News Tech

အင်ဒိုနီးရှားဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ လောက်က ဆီအုန်းမှ ထုတ်လုပ်သည့် လောင်စာဆီကို ဂျက်လေယာဉ်တွင် တစိတ်တပိုင်း ထည့်သွင်းကာ ပထမဆုံး စမ်းသပ် ပျံသန်းခဲ့ပါတယ်။

ဒါဟာ နိုင်ငံ အနေဖြင့် ဆီအုန်းထွက် လောင်စာဆီများကို ဆန်းသစ်သည့် နည်းလမ်းဖြင့် ထုတ်လုပ်ကာ ပြည်တွင်းတွင် အသုံး ပြုနိုင်ရန် ရည်ရွယ်ထားတယ်လို့ အကြီးတန်း ဝန်ကြီးတယောက်က ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဆီအုန်းထွက် လောင်စာဆီထည့်သွင်း စမ်းသပ်ပျံသန်းခဲ့သည့် လေယာဉ်ဟာ မြို့တော် ဂျာကာတာ အနီး ကီလိုမီတာ ၁၀၀ ကျော်လောက်မှာ ရှိတဲ့ Bandung မြို့ဆီသို့ အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ပါတယ်။

Image: Courtesy of Kiki Siregar

B30 လို့ခေါ်တဲ့ ဆီအုန်း ၃၀ ရာခိုင်နှုန်း ပါဝင်တဲ့ ဇီဝလောင်စာဆီ စီမံကိန်းဟာ လက်ရှိ အင်ဒိုနီးရှားရဲ့ မဖြစ်မနေ လုပ်ဆောင်နေရတဲ့ အစိုးရ စီမံကိန်းဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ နောက်ပိုင်းမှာ ဟင်းသီးဟင်းရွက် အဆီများကိုပါ စွမ်းအင် အဖြစ် အသုံးချဖို့ စီစဉ်နေပြီး လောင်စာဆီ တင်သွင်းရခြင်း ကဏ္ဍကို လျှော့ချနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဇီဝဓာတ်ဆီ အဖြစ်သို့

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ အင်ဒိုနီးရှား ဝန်ကြီးဌာန၏ အဆိုအရ ဆီအုန်းကို ဓာတ်ဆီ ထုတ်လုပ်တဲ့ နေရာမှာပါ အသုံးပြဖို့ အစောပိုင်း စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားဟာ ဇီဝ လောင်စာတွင် ဆီအုန်း ပါဝင်မှုကို ပိုမို တိုးတက်အောင် ဆောင်ရွက် စေနိုင်ဖို့ ရည်ရွယ် ထားပြီး အခြား လောင်စာများကိုပါ ထုတ်လုပ်မှာပါ။

မနှစ်က ဇီဝလောင်စာ ၃၀ ရာခိုင်နှုန်း ရောစပ်ပြီး ပျံသန်းခဲ့သည့် ဂျက်လေယာဉ် စမ်းသပ်မှုများကို လာမယ့်လမှာ ဇီဝ လောင် စာ ၄၀ ရာခိုင်နှုန်းအထိ ရောစပ်အသုံးပြုနိုင်အောင် အစီအစဉ်တွေ ချမှတ်နေပါတယ်။

ဆီအုန်း

“ကျွန်တော်တို့မှာ အခုထိ အပြည့်အဝ အသုံးမချရသေးတဲ့ စွမ်းအင် ရင်းမြစ်တွေ အမြောက်အများ ရှိနေပါတယ်”

“ကျွန်တော်တို့ အနေဖြင့် စွမ်းအင် ကဏ္ဍကဲ့သို့ နိုင်ငံအတွက် အရေးကြီးတဲ့ ကဏ္ဍတွေမှာ အမှီအခိုကင်းစွာ ရပ်တည်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်” လို့ စွမ်းအင်ဝန်ကြီးဖြစ်တဲ့ Arifin Tasrif ကကြေငြာခဲ့ပါတယ်။

အင်ဒိုနီးရှား ဆီအုန်း အဖွဲ့အစည်း၏ ထုတ်ပြန် ကြေငြာချက်အရ နိုင်ငံတဝှမ်း ပြည်တွင်းဖြစ် ဆီအုန်းကို ဇီဝလောင်စာအဖြစ် အသုံးပြုမှုဟာ ၃၈ ရာခိုင်နှုန်းလောက်အထိ ရှိလာတယ်လို့ သိရပါတယ်။

လက်ရှိမှာ စွမ်းအင်ဝန်ကြီး Arfin ဟာ လောင်စာထုတ်လုပ်မှုမှာ ဦးဆောင်နေတဲ့ Bandung နည်းပညာ တက္ကသိုလ်ကို စမ်းသပ်မှုတွေပိုမို တိုးမြှင့်ပြီး မြန်ဆန်စွာ လုပ်ဆောင်ဖို့ ဆော်ဩနေပါတယ်။

ဒါ့ကြောင့် ရလဒ်အနေဖြင့် ဆူမားတြား ကျွန်းရှိ စီစဉ်ထားသည့် ထုတ်လုပ်ရေး လုပ်ငန်း၏ အင်ဂျင်နီယာ ဒီဇိုင်းနှင့် ဖြစ်နိုင်ခြေ လေ့လာမှုတို့ကို မြန်ဆန်စေရန် ဘောင်သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဆီအုန်း

ဇီဝလောင်စာနှင့် အနာဂါတ်

လက်ရှိ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုများကို လျှော့ချနိုင်ရန် ရေရှည်တည်တံ့သည့် လောင်စာဆီများကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

တကမ္ဘာလုံးရှိ လေကြောင်းသွားလာမှုများမှ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု စုစုပေါင်း၏ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ ရှိနေပြီး ကမ္ဘာကြီး ပူနွေးလာမှုအပေါ်မှာ ၃.၅ ရာခိုင်နှုန်းလောက် တာဝန်ရှိနေပါတယ်။

သယ်ယူပို့ဆောင်ရေး ကဏ္ဍဟာ ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းအထိ တာဝန်ရှိနေပြီး အဲဒီ့အထဲမှ ၇၂ ရာခိုင်နှုန်းဟာ ကားတွေ၊ ဘတ်စ်ကားတွေ နှင့် အခြား ကုန်းလမ်းပို့ဆောင်ရေး ယာဉ်များမှ ထွက်လာတာဖြစ်ပါတယ်။

အချို့လေ့လာမှုများအရ ဆီအုန်းကို အသုံးပြု ထုတ်လုပ်ထားတဲ့ ဇီဝဒီဇယ်ဟာ သမားရိုးကျ ရုပ်ကြွင်းလောင်စာ များထက် ကာဗွန်ထုတ်လွှတ်မှု ၃ ဆ လောက် ပိုမိုတယ်လို့ ဆိုပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 26/1/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *