မြန်မာအမျိုးသမီး မမီမီအောင် ဦးဆောင်မှုနဲ့ NASA မှ မားစ်ဂြိုဟ်သို့ စေလွှတ်ထားတဲ့ Ingenuity ရဟတ်ယာဉ်လေးဟာ ဂြိုဟ်ပေါ်မှာ ပျံသန်းနေရင်း ဇူလိုင်လ ၅ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဂြိုဟ်မျက်နှာပြင်ရှိ ကျောက်သားမြေပြင် ဓာတ်ပုံများကို ပေးပို့လိုက်ပါတယ်။
အလေးချိန် ၄ ပေါင်လောက်သာရှိတဲ့ ဒီ မောင်းသူမဲ့ ရဟတ်ယာဉ်လေးဟာ တနင်္လာနေ့က ၎င်း၏ ၉ ကြိမ်မြောက် ပျံသန်းမှုကို ပြုလုပ်ခဲ့တာပါ။
အဆိုပါ ပျံသန်းချိန်နှင့် အမြန်နှုန်းကို မှတ်တမ်းတင်ခဲ့တယ်လို့ ၎င်းကို ထိန်းချုပ်မောင်းနှင်နေသူ အကြီးအကဲ Havard Grip က ဇူလိုင်လ ၇ ရက်နေ့က ဘလော့ဂ်မှာ ရေးသားခဲ့ပါတယ်။
ဒီရဟတ်ယာဉ်လေးဟာ ၂,၀၅၁ ပေလောက်ရှိကာ ကြမ်းတမ်းပြီး စိန်ခေါ်မှုတွေရှိတဲ့ မြေမျက်နှာပြင် ပမာဏလောက်ကို ပျံသန်းခဲ့ပြီး အဲဒါဟာ လေယာဉ်ကွင်း နှစ်ခုကြား အကွာအဝေး လေးပြန်လောက် ရှိပါတယ်။

ပျံသန်းနေစဉ်အတွင်းမှာ ဓာတ်ပုံပေါင်းများစွာ ရိုက်ကူးခဲ့ပြီး ကာလာ မြေပြင် ဓာတ်ပုံများ နှင့် NASA ၏ Perseverance rover ယာဉ်ငယ်သွားခဲ့သည့် ဘီးရာများပါသည့် ဓာတ်ပုံများကို ပေးပို့ ပေးခဲ့ပါတယ်။
Grip ကတော့ ဒါဟာ ယခင်က ပျံသန်းမှုများနှင့် နှိုင်းယှဉ်ပါက ကြီးမားတဲ့ တိုးတက်မှု ဖြစ်တယ်လို့ The Verge မီဒီယာကို ပြောကြားခဲ့ပါတယ်။
ဟုတ်ပါတယ်။ ဒီတကြိမ်ကတော့ NASA ရဲ့ Jet Propulsion သုတေသနစင်တာမှ ထိန်းချုပ်မောင်းနှင်နေတဲ့ Ingenuity ရဟတ်ယာဉ်လေးရဲ့ ပထမဆုံး မြေပြန့်မဟုတ်တဲ့ မြေပြင်ပေါ်မှာ ပျံသန်းမှု ဖြစ်ပါတယ်။
ကြာချိန် ၁၆၆.၄ စက္ကန့် (၃ မိနစ် နီးပါး) အမြင့် ၃၃ ပေခန့် တွင် တနာရီလျှင် ၁၁ မိုင်နှုန်း အလျှင်ဖြင့် ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

ပျံသန်းနေချိန်မှာ Ingenuity ရဟတ်ယာဉ်လေး၏ လမ်းညွှန်စနစ်ဟာ မြေမျက်နှာပြင်ကို ဖတ်ကာ တည်နေရာကို ခွဲခြားပြီး ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
“ဒီလို ပျံသန်းခဲ့မှုဟာ အပြောင်းအလဲ များကြောင့် ရဟတ်ယာဉ်ငယ်ကို ပြသနာများ ဖြစ်လာစေနိုင်တဲ့ အကြောင်းအရာများကို ရှင်းပြနိုင်ဖို့ အ တွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်” လို့ Grip က ပြောပါတယ်။
ရဟတ်ယာဉ်ငယ်ဟာ Perseverance rover ယာဉ်ငယ် ဆင်းသက်ခဲ့သည့် တချိန်က ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ပြီး မြစ်ဝကျွန်းပေါ် ဒေသတခု ဖြစ်ခဲ့သည်ဟု ယုံကြည်ရတဲ့ နေရာတဝိုက်ကို ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါနေရာကို Jezero Crater ဟုခေါ်ပြီး ၂၈ မိုင်ခန့် ကျယ်ဝန်းကာ Isidis Planita လို့ခေါ်တဲ့ မြေပြန့်၏ အနောက်ဘက် အစွန်မှာ တည်ရှိကာ မားစ် အီကွေတာ၏ မြောက်ဖက်တွင် တည်ရှိပါတယ်။

အဲဒီ့နေရာဟာ ယခင် Curiosity မြေပြင်သွားယာဉ်ငယ် ဆင်းသက်ခဲ့သည့်နေရာ ဖြစ်သည့် Gale Crater မှ မိုင်ပေါင်း ၂၃၀၀ လောက် ကွာဝေးပါတယ်။
ရရှိခဲ့သော ဓာတ်ပုံများဟာ သိပ္ပံပညာရှင်များ၏ မားစ်ဂြိုဟ်ပေါ် လုပ်ငန်းစဉ်များအတွက် အလွန်အရေးပါပြီး Perseverance ယာဉ်ငယ်ဟာ ဒီလို ကျယ်ပြန့်သည့် ဓာတ်ပုံမျိုး ရိုက်ကူးနိုင်ဖို့ စွမ်းဆောင်ရည်မရှိပါဘူး။
Knowledgeworms Copyright © 2021