အိန္ဒိယ၏ ပြည်တွင်းဖြစ် ဂြိုဟ်တုနှင့် ပဲ့ထိန်းဒုံးကျည် ခြေရာခံ သင်္ဘောသစ်

Military News

အိန္ဒိယဟာ မကြာခင်မှာ ဂြိုဟ်တုနှင့် ပဲ့ထိန်းဒုံးကျည် ခြေရာခံ သင်္ဘော INS Dhruv ကို တာဝန် ထမ်းဆောင် နိုင်တော့မယ်လို့ သိရပါတယ်။

အမျိုးသား လုံခြုံရေး အကြံပေး Ajit Doval မှ အိန္ဒိယ၏ ပထမဆုံး ဂြိုဟ်တုနှင့် ပဲ့ထိန်းဒုံး ခြေရာခံ သင်္ဘော Dhruv ကို Visakhapatnam ဆိပ်ကမ်းမြို့ တွင် စက်တင်ဘာလ ၁၀ ရက်နေ့လောက်မှာ စတင် တာဝန်ထမ်းဆောင်နိုင်မယ်လို့ ဆိုပါတယ်။

Hindustan သင်္ဘောကျင်းမှ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (DRDO)၊ အမျိုးသား နည်းပညာ သုတေသန အဖွဲ့အစည်း (NTRO) တို့နှင့် ပူးပေါင်းကာ ဒီသင်္ဘောကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

INS Dhruv ဟာ ဂြိုဟ်တုနှင့် ပဲ့ထိန်းဒုံးကျည် ခြေရာခံမှု အပြင် သမုဒ္ဒရာကြမ်းပြင်များကို မြေပုံဆွဲခြင်းနှင့် ရန့်သူ့ ရေငုပ်သင်္ဘောများကို ရှာ ဖွေနိုင်ခြင်း စသည့် စွမ်းရည်များလည်း ရှိပါတယ်။

ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Karambir Singh နှင့် NTRO ဥက္ကဌ Anil Dasmana တို့ ဟာ အဆိုပါသင်္ဘောကို DRDO မှ အကြီးအကဲများ၊ ရေတပ်အရာရှိများနှင့်အတူ တပ်တော်ဝင် အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။

နျူကလီးယား ပဲ့ထိန်း ဒုံးကျည် ခြေရာခံ သင်္ဘောပေါ်တွင် အိန္ဒိယ ရေတပ်သားများက မဟာဗျူဟာတပ်ဖွဲ့ နှင့်အတူ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

ယခုလို ခြေရာခံ သင်္ဘောမျိုးကို လက်ရှိတွင် ပြင်သင်၊ အမေရိကန်၊ ဗြိတိန်၊ ရုရှား နှင့် တရုတ်နိုင်ငံတို့ကသာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

တန်ချိန် ၁ သောင်းရှိတဲ့ ဒီသင်္ဘောဟာ အိန္ဒိယ အနာဂါတ် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်၏ အဓိက ကျောရိုး ဖြစ်လာမှာဖြစ်ပြီး အိန္ဒိယ မြို့ကြီးများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများသို့ ရောက်ရှိလာနိုင်မယ့် ဒုံးကျည်များကို ကြိုတင် သတိပေးနိုင်မှာ ဖြစ်ပါတယ်။

သင်္ဘောဟာ အင်ဒို ပစိဖိတ်ဒေသပင်လယ်ပြင် ပိုင်နက် အတွက် မရှိမဖြစ် အရေးပါသည့် သော့ချက်ဖြစ်လာကာ ရေအောက်လက်နက်များနှင့် ကင်းထောက်မောင်းသူမဲ့လေယာဉ်များ ခေတ်တွင် တာဝန်ပေးအပ်ခံရခြင်း ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်နှင့် ပါကစ္စတန်တို့ နျူကလီးယား ပဲ့ထိန်းဒုံးကျည်များ ပိုင်ဆိုင်ထားကြသည့်အပြင် အိန္ဒိယနှင့် နယ်မြေပိုင်နက် အငြင်းပွားမှုများ ရှိနေကြသောကြောင့် INS Dhruv ဟာ အိန္ဒိယ ပင်လယ်ရေကြောင်းလုံခြုံရေး အတွက် အင်အားမြှင့်တင် ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ အိမ်နီးချင်း နိုင်ငံများ ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်သည့် အခါတွင်လည်း ခြေရာခံနိုင်မှာဖြစ်ပြီး ၎င်းတို့ ဒုံးကျည်များ၏ အမှန် တကယ် ထိရောက်မှု စွမ်းရည်များကိုပါ သိရှိနိုင်မှာ ဖြစ်ပါတယ်။

INS Dhruv တွင် ပြည်တွင်း DRDO မှ ထုတ်လုပ်ထားသည့် အိန္ဒိယ ကောင်းကင်တွင် ရှိနေမည့် ဂြိုဟ်တုများအပြင် ဒေသတခုလုံး အနီးဝန်းကျင်တွင် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကိုပါ စောင့်ကြည့်နိုင်သည့် စွမ်းအင်ရှိသည့် နိုင်ငံ၏ အဆင့်အမြင့်ဆုံး နည်းပညာသုံး AESA ရေဒါကို တပ်ဆင်ထားပါတယ်။

ဒါ့အပြင် ဒီသင်္ဘောဟာ အေဒင် ပင်လယ်ကွေ့မှသည် မာလာကာ၊ ဆန်ဒါ၊ လန်ဘော့ခ်၊ အွမ်ဘိုင်းနှင့် ဝက်တာ ရေလက်ကြားမှတဆင့် တောင်တရုတ် ပင်လယ်လမ်းကြောင်း တလျှောက်တွင် စောင့်ကြည့်မှုများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

သမုဒ္ဒရာ ကြမ်းပြင် မြေပုံ ပါ ဆွဲနိုင်သည့်အတွက် သင်္ဘောဟာ အိန္ဒိယ ရေတပ်ကို ရေပြင် ရေအောက်နှင့် ဝေဟင် စစ်ဘက်ဆိုင်ရာ မစ်ရှင်များအတွက် များစွာ အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။

တရုတ်ဟာ တာဝေးသွား လေယာဉ်တင် သင်္ဘောများ၊ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများတွင် ကြီးမားသည့် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်လာတာနှင့်အတူ ပင်လယ်ပြင်အခြေစိုက်ရေး စစ်ဘက်ဆိုင်ရာ မူဝါဒအဖြစ် ပြောင်းလဲလာသောကြောင့်

အိန္ဒိယ၏ ဒီသင်္ဘောသစ်ဟာ အီလက်ထရောနစ် ထောက်လှမ်းရေး ဖြင့် အိန္ဒိယနိုင်ငံအား ခြိမ်းခြောက်လာနိုင်သည့် အရာများကို အချိန်နှင့် တပြေးညီ သိရှိလာနိုင်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *