အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ဒီဇိုင်းဖြင့် တည်ဆောက်ထားသည့် လေယာဉ်တင်သင်္ဘော INS Vikrant ဟာ နိုင်ငံ၏ အနောက် တောင် ပိုင်းရှိ Kochi ဆိပ်ကမ်းမှ ၎င်း၏ ပင်လယ် စမ်းသပ်မှုများကို စတင်ဖို့ ယနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ်။
အိန္ဒိယ အစိုးရ၏ သတင်းပြန်ကြားရေးဗျူရို (PIB) ၏ ကြေငြာချက်တွင် ၂၆၂.၅ မီတာရှည်တဲ့ သင်္ဘော၏ တွန်ကန်အားပေး အင်ဂျင်များ အပါအဝင် ရေကြောင်း လမ်းပြစနစ်နှင့် ဆက်သွယ်ရေး စနစ်များ ပါဝင်သည့် အဓိက စနစ်အချို့ကို ပထမဆုံး ပင်လယ်ပြင်တွင် တက်ကြွစွာ စမ်းသပ်မှုများ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘော (IAC)-1 လို့လည်း ခေါ်ဆိုသည့် Vikrant ကို ဩဂုတ်လ ၂၀၁၃ ခုနှစ်မှာ Chochin သင်္ဘောကျင်းလီမိတက်မှ ပထမဆုံး စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ် တွင်မှ ဆိပ်ကမ်းနှင့် မြစ်ဝှမ်းတလျှောက် စမ်းသပ်မှုများပြုလုပ်နိုင်ခဲ့ကာ သတ်မှတ်ထားသည်ထက် ၆ နှစ်လောက် နောက်ကျခဲ့ပါတယ်။
နယူးဒေလီရှိ ကာကွယ်ရေး ဝန်ကြီးဌာန (MoD) ၏ ဇွန်လ ၂၅ ရက်နေ့ ကြေငြာချက်အရ ဒီ လေယာဉ်တင် သင်္ဘောကို အိန္ဒိယ ရေတပ်တွင် ၂၀၂၂ ခုနှစ် နှစ်ဝက်လောက်မှာ တာဝန် ထမ်းဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။
သို့ပေမယ့် အကျယ် ၆၂ မီတာ နှင့် တန်ချိန် ၄ သောင်းရှိမယ့် ဒီသင်္ဘောကြီးဟာ လေကြောင်းပျံသန်းမှုဆိုင်ရာ အထောက်အပံ့များ မပါဝင်ပဲ တပ်တော်ဝင်ရဖွယ် ရှိနေပါတယ်။
လေယာဉ် အစင်းပေါင်း ၄၀ လောက်ပါဝင်မယ့် လေကြောင်းပျံသန်းမှုဆိုင်ရာ အထောက်အပံ့များကို ရုရှား၏ Nevskoe ဒီဇိုင်းဗျူရိုမှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

လေယာဉ်တင်သင်္ဘော Vikrant ပေါ်တွင် ယခင် လေယာဉ်တင်သင်္ဘောမှာကဲ့သို့ MiG-29K တိုက်လေယာဉ်များကို ဆက်လက်သုံးစွဲသွားမှာဖြစ်ကာ၊ Ka-31 လေကြောင်းကြိုတင် အချက်ပေး ရဟတ်ယာဉ်များ၊
အမေရိကန်လုပ် MH-60R ဘက်စုံသုံး ရဟတ်ယာဉ်များ နှင့် ပြည်တွင်းဖြစ် အဆင့်မြင့် အပေါ့စား ရဟတ်ယာဉ်များ ပါဝင်မှာဖြစ်တယ်လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အဆိုအရ သိရပါတယ်။
သင်္ဘောပေါ်တွင် MiG-29K တိုက်လေယာဉ် အရေအတွက် စုစုပေါင်း ၂၄ စင်းခန့်အထိ တင်ဆောင် စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
လေယာဉ်တင်သင်္ဘောသစ်ဟာ ပုံမှန် အမြန်နှုန်း ရေမိုင် ၁၈ မိုင် နှင့် အမြန်ဆုံး တနာရီ ရေမိုင် ၂၈ မိုင်နှုန်းအထိ ခုတ်မောင်းနိုင်ကာ စစ်ဆင်နိုင်မှု အကွာအဝေးဟာ ၇,၅၀၀ မိုင်လောက်ရှိတယ်လို့ PIB အဆိုအရ သိရပါတယ်။
Knowledgeworms Copyright © 2021