ရှိခိုးကောင်တွေကို မကြာခဏတွေ့ရတတ်ပြီး ၎င်းတို့ဟာ အလွန်ထူးခြားတဲ့ အင်းဆက်တွေ ဖြစ်နေတာကို သတိထားမိကြမှာပါ။
အလွန်လျှင်မြန်စွာ လှုပ်ရှားနိုင်စွမ်း ရှိပြီးတော့ သားကောင်များကို ထောင်ချောက်ဆင် ဖမ်းယူတတ်တဲ့ ရှိခိုးကောင်များဟာ တမူထူးခြားတဲ့ သက်ရှိ တကောင်ဆိုတာ ငြင်းမရပါဘူး။
ကမ္ဘာပေါ်တွင် ရှိခိုးကောင် မျိုးစိတ်ပေါင်း ၂,၀၀၀ လောက် အထိ ရှာဖွေ တွေ့ရှိပြီးဖြစ်ကာ ၎င်းတို့၏ ထူးခြားသည့် အချက်များကို ဖော်ပြပေး လိုက်ပါတယ်။
အလွန်ကောင်းတဲ့ အမြင်အာရုံရှိ
ရှိခိုးကောင်များဟာ အမြင်အာရုံ ကောင်းမွန်ကြပြီး ကျယ်ပြန့်တဲ့ မြင်ကွင်းကို ပိုင်ဆိုင်ထားပါတယ်။
၎င်းတို့တွင် လူတွေမြင်ရတဲ့ မြင်ကွင်းနှင့် မတူညီတဲ့ 3D သုံးဖက်မြင်ကွင်းကို မြင်နိုင်စွမ်းရှိပြီး သိပ္ပံပညာရှင်များဟာ စက်ရုပ်များတွင် အမြင်အာရုံ တပ်ဆင်ဖို့ရာအတွက် ၎င်းတို့၏ အမြင်ကို လေ့လာနေကြပါတယ်။

ခေါင်းကို လိုသလို လှည့်နိုင်
ခန္ဓာကိုယ်ကို လှုပ်စရာ မလိုဘဲ ခေါင်းကို ၁၈၀ ဒီဂရီ လှည့်နိုင်သည့် အင်းဆက် တကောင် ဖြစ်သည့်အတွက် သားကောင်များကို ဖမ်းဆီးရာတွင် အားသာချက်များကို ပေးစွမ်းနိုင်ပါတယ်။
ကြောင်တွေလို လျှင်မြန်
ရှိခိုးကောင်တွေဟာ အတော့်ကို လျှင်မြန်ပြီး တနေရာနှင့် တနေရာကို ခုန်ကူးတဲ့အခါမှာလည်း အမှားအယွင်းမရှိ လှုပ်ရှားနိုင်ပါတယ်။
သားကောင်များကို ဖမ်းယူသည့် အမြန်နှုန်း
၎င်းတို့ဟာ သားကောင်များကို ဖမ်းယူရာမှာ အလွန်စိတ်ရှည်ပြီး ဖြေးညှင်းစွာ အနီးသို့ ကပ်သွားကား ဖမ်းသည့်အခါတွင်တော့ အလွန့်အလွန်ကို လျှင်မြန်သည့် နှုန်းဖြင့် လက်နှစ်ဖက်ကို အသုံးပြုကာ ဖမ်းဆီးလေ့ ရှိပါတယ်။
လက်များတွင် ဆူးများ ပါဝင်သည့် အတွက် သားကောင်များကို ဖမ်းယူရာတွင် လွယ်ကူစေရုံသာမက ဖမ်းယူ လိုက်သည့် အချိန်မှာ အလွန် မြန်ဆန်တဲ့ အတွက် လှုပ်ရှားမှုကို သာမန် မျက်လုံးနဲ့တောင် မြင်ဖို့ ခဲယဉ်းပါတယ်။
ဆရာကျတဲ့ ခြေရာဖျောက်သူများ

သဘာဝက ရှိခိုးကောင်များကို ပေးထားတဲ့ နောက်ထပ် အကောင်းဆုံး လက်ဆောင် တခုကတော့ ပုံဖျက်နိုင်စွမ်းပါပဲ။
၎င်းတို့ဟာ ပတ်ဝန်းကျင် အခြေအနေ အပေါ်လိုက်ပြီး အရောင်ပြောင်းလဲနိုင်ကာ သားကောင်များကို ခြုံခို တိုက်ခိုက်နိုင်ပါတယ်။
သက်ရှိများကိုသာ စားသုံးလေ့ရှိ
သူတို့ဟာ သက်ရှိများကိုသာ စားသုံးတတ်တဲ့ အသားစား အင်းဆက်များဖြစ်ပြီး ပိုးတောင်မာ၊ ပုရစ် နှင့် နှံကောင်များကို နှိမ် နင်း နိုင်သဖြင့် ဥယျာဉ်မှူးများအတွက် အသုံးဝင်ပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာ အခြား အကျိုးရှိတဲ့ ပျားတွေ နှင့် လိပ်ပြာတွေကိုပါ စားသုံးတတ်တဲ့အတွက် အင်းဆက်ထိန်းချုပ်ရေးမှာ ဘယ်လောက်အထိ အကျိုးရှိလည်းဆိုတာ တိုင်းတာရ ခက်ခဲပါတယ်။

အကောင်ကြီးတွေကိုပါ စားသည့် ရှိခိုးကောင်များ
အစားအစာကို အင်းဆက်တွေနဲ့ ရပ်တန့်နေတာ မဟုတ်ပါဘူး။ ၎င်းတို့ဟာ ဝတ်ရည်စုပ် ငှက်ငယ်လေးတွေ၊ တေးသီငှက်လေးတွေ စတဲ့ ငှက်ငယ်လေးတွေအပြင် ဖားနှင့် အိမ်မြှောင်ကဲ့သို့ အကောင်ငယ်လေးတွေကိုလည်း အစာအဖြစ် ဖမ်းယူ စားသုံးတတ်ပါသေးတယ်။
ဒါ့အပြင် တခါတရံမှာတော့ မြွေငယ်လေးများကိုပါ တိုက်ခိုက် စားသောက်တတ် ကြတာပါ။

ရှိခိုးကောင်ရဲ့ ရန်သူများ
၎င်းတို့ဟာ အသားစား သက်ရှိတွေ ဖြစ်ပေမယ့် သူတို့ကို အမဲလိုက်တတ်တဲ့ အခြား သက်ရှိတွေလည်း ရှိပါတယ်။
အဓိကအားဖြင့် ဖားတွေ၊ ပုတ်သင်တွေနှင့် ငှက်တွေအပြင် အချို့ ပင့်ကူတွေဟာ ရှိခိုးကောင်တွေကို အစာအဖြစ် စားသုံးတတ်ကြပါတယ်။
လင်းနို့များနှင့် အသက်လုပွဲ
သူတို့ကို အမဲလိုက်သည့် အကောင်များ ရှိပေမယ့် ၎င်းတို့ဟာ ကျင်လည်စွာဖြင့် ရှောင်ရှားနိုင်စွမ်းတွေ ရှိပါတယ်။
ဥပမာအားဖြင့် လင်းနို့များ၏ ရန်ကိုကာကွယ်နိုင်ရန် လင်းနို့၏ ပဲ့တင်သံ လွှတ်မှုကို ရှိခိုးကောင်များက သိရှိနိုင်စွမ်း ရှိပြီး နီးကပ်လာသည့်အခါ မြေပြင်ပေါ် ခုန်ချခြင်းဖြင့် ရှုပ်ထွေးအောင် လုပ်တတ်ပါတယ်။
ဖမ်းမိသွားရင်လည်း သူတို့၏ ဆူးချွန်းများပါဝင်တဲ့ လက်များဖြင့် ကုတ်ခြစ်ကာ လွတ်မြောက်အောင် ကြိုးစားတတ်ပါတယ်။
မျိုးပွားဖို့အတွက် အမမှ အထီးများကိုစားသုံး
အနည်းဆုံး ၁၃ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းလောက်ရှိတဲ့ ရှိခိုးကောင်အထီးများဟာ မိတ်လိုက်နေစဉ်မှာ ခေါင်းမှ အမ၏ စားသုံးမှုကို ခံရလေ့ ရှိပါတယ်။

၂၀၁၆ ခုနှစ် လေ့လာမှုများအရ ယခုလို ပြုလုပ်ခြင်းဟာ အမတွေအတွက် ဥအရေအတွက် ပိုမိုတိုးပွားစေနိုင်ပြီး မျိုးပွားမှုကို အောင်မြင်နိုင်ခြေ ပိုများစေတယ်လို့ သိရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။