မကြာခင်မှာ Carrington event ကဲ့သို့ ဆိုလာ မုန်တိုင်းကြီး တခု ဖြစ်လာပါက ရေအောက်ရှိ အင်တာနက် ကွန်ယက်ကို ထိခိုက်စေကာ အင်တာနက်တွေကို ရက်သတ္တပတ်နဲ့ချီပြီး အကြီးအကျယ် ပြတ်တောက်နိုင်မယ်လို့ သိရပါတယ်။
၁၈၅၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ Carrington Event တွင် ပုံမှန်မဟုတ်တဲ့ နေမှ အစုလိုက်အပြုံလိုက် လွင့်ထွက်လာတဲ့ ဆိုလာ အမှုန်များ ထုတ်လွှတ်မှုကြောင့် လျှပ်စစ် သံလိုက် စွမ်းအင်တွေ အများအပြား ထုတ်လွှင့် ခဲ့ရာမှ ကမ္ဘာတလွှားရှိ ကြေးနန်းဝါယာများ အရည်ပျော်ကျ ဖူးပါတယ်။
တကယ်လို့ အဲလို အဖြစ်မျိုးသာ ထပ်ကြုံရမယ် ဆိုရင်တော့ ကျွန်တော်တို့ကို ကျောက်ခေတ်ကို ခဏလောက် ပြန်ရောက်သွားစေမှာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခ Sangeetha Abdu Joythi က နေမှ ဆိုလာမုန်တိုင်းများ အကြောင်းကို “Solar Superstorms: Planning for an Internet Apocalypse” ဟူသည့် ခေါင်းစဉ်ဖြင့် လေ့လာမှု တခု ပြုလုပ်ထားပါတယ်။

အဲဒီ့လေ့လာမှုမှ ဆိုလာမုန်တိုင်းများဟာ ဒေသတွင်း အင်တာနက် အခြေခံ အဆောက်အဦးများကို မထိခိုက်စေနိုင်ပေမယ့် ရေအောက်ရှိ အင်တာနက် ကေဘယ်များကိုတော့ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အကြောင်းမှာ ဒေသတွင်း အင်တာနက် အခြေခံ ပစ္စည်းဖြစ်သည့် ဖိုက်ဘာ ကေဘယ်များဟာ ground ချထားလေ့ရှိလို့ ပထဝီ သံလိုက်လှိုင်းဒဏ်၏ သက်ရောက်မှု မရှိနိုင်လို့ဘဲ ဖြစ်ပါတယ်။
တဖက်မှာတော့ မြေအောက် အင်တာနက် ကေဘယ်များဟာ ပြတ်တောက် သွားနိုင်ဖွယ် ရှိနေပါတယ်။
အကြောင်းကတော့ ပင်လယ် ကြမ်းပြင်အောက် ကီလိုမီတာ ၅၀ မှ ၁၅၀ အတွင်း အင်တာနက်ကြိုးများကို repeater များဖြင့် ချိတ်ဆက်ထားလို့ ဖြစ်ပါတယ်။
repeater များဟာ optical signal များကို ချဲ့ပေးပြီး တကယ်လို့ Carrington ပုံစံ ဆိုလာ မုန်တိုင်းမျိုးနှင့် ကြုံရပါက repeater များ၏ အတွင်းပိုင်းရှိ အီလက်ထရောနစ် ပစ္စည်းများဟာ အရည်ပျော်သွားနိုင်ပါတယ်။

တကယ်လို့ repeater များကို လုံလုံလောက်လောက် ထိခိုက်ပါက ပင်လယ်ကြမ်းပြင်အောက်ရှိ အင်တာနက် ကေဘယ် ကွန်ယက်တခုလုံးဟာ အလကား ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒါဟာ အင်တာနက်ကို အသုံးပြုနေတဲ့ ကြီးမားတဲ့ ကမ္ဘာ့ နေရာတော်တော်များများကို အင်တာနက် ပြတ်တောက်စေမှာဖြစ်ပြီး ဒီ ကိစ္စမကြုံရသေးသရွေ့တော့ ဘယ်လောက်ထိ ဆိုးနိုင်မယ်ဆိုတာ ကျွန်တော်တို့ မသိကြသေးပါဘူး။
ပါမောက္ခ Sangeetha Abdu Joythi မှ သူမ၏ စာတမ်းတွင် “အားကောင်းတဲ့ ဆိုလာမုန်တိုင်းတခုဟာ အင်တာနက်ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ “
“ကျွန်မတို့ အခုလို ပမာဏ လေ့လာမှု ပြုလုပ်သကဲ့သို့ အန္တရာယ်ကို ဂရုပြုခြင်းနှင့် ၎င်းအား ကာကွယ်ရန် စီစဉ်ခြင်းများဟာ ရေရှည်အတွက် အရေးကြီးပါတယ်။

သူမက WIRED သတင်းဌာန ကိုလည်း “ကျွန်မကို ဒီအကြောင်း တွေးမိစေတာကတော့ ကပ်ရောဂါအတွက် ကြိုတင် မပြင် ဆင်ထားတဲ့ ကမ္ဘာ့ကြီး အနေအထားကို မြင်လိုက်ရလို့ပါ။”
“၎င်းကို ထိရောက်စွာ ကိုင်တွယ်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေကလည်း မရှိခဲ့တဲ့အတွက် အင်တာနက် ကြံ့ခိုင်မှုမှာလည်း အလားတူ ပဲ ဖြစ် နေပါတယ်။”
“ကျွန်မတို့၏ အင်တာနက် အဆောက်အအုံများဟာ ဆိုလာမုန်တိုင်း အကြီးစားတခုအတွက် ပြင်ဆင်ထားတာမျိုးမရှိပါဘူး။”
“ဒါ့အပြင် ပျက် စီးဆုံးရှုံးမှု ဘယ်လောက်ရှိမယ်ဆိုတာကို နားလည်ဖို့အတွက် အရမ်းအကန့်အသတ် ဖြစ်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။