အနာဂါတ်မှာ ကိုယ်ပျောက်လူသားများ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အကြောင်း

Knowledge Science

စိတ်ကူးယဉ် ကိုယ်ပျောက်ဇာတ်ကားတွေ ရှိခဲ့ရာမှာ လူတွေ ကိုယ်ပျောက်နိုင်စွမ်းတနေ့မှာ ရှိလာမလား ဆိုတာ စဉ်းစားစရာပါ။

တိရိစ္ဆာန်တွေမှာတော့ ပတ်ဝန်းကျင်များနှင့် လိုက်လျောညီထွေဖြစ်အောင် အရောင်များ ပြောင်းလဲပြီး ရုတ်တရက် မမြင်နိုင်အောင် လှည့်စားနိုင်တဲ့ သဘာဝက ပေးထားတဲ့ စူပါ ပါဝါတွေ ရှိပါတယ်။

အထူးသဖြင့် သိပ္ပံပညာရှင်များဟာ ကင်းမွန် အမျိုးအစား တမျိုးကို လေ့လာခဲ့ရာမှာ ၎င်းတို့၏ ဆဲလ်များကဲ့သို့ လူများတွင် အလုပ်လုပ်နိုင်မလား ဆိုတဲ့ အယူအဆတခု ရှိလာပါတယ်။

ကယ်လီဖိုးနီးယား Irvine တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ လူ့ဆဲလ်များကို ပြန်လည် ဖန်တီးပြီး ဖောက်ထွင်းမြင်နိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။

လိုသလို ရုပ်ဖျက်ပုံပေါင်းနိုင်တဲ့ Active camouflage ဖွဲ့စည်းတည်ဆောက်ပုံဟာ ရေဘဝဲများ၊ ကင်းမွန်များနှင့် ပြည်ကြီးငါး မျိုးများကဲ့သို့ cephalopods များတွင် သဘာဝက ဖန်တီးပေးထားပါတယ်။

၎င်းတို့ဟာ ဆဲလ်များ၏ အကူအညီဖြင့် ခန္ဓာကိုယ်ကို ရိုက်ခတ်လာတဲ့ အလင်းတွေကို ပြန့်ကျဲသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

ဒီလို စွမ်းရည်မျိုးကို လူတွေဆီ ရောက်လာအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ဒီလေ့လာမှုက ရှာဖွေခဲ့တာပါ။

သုတေသီများဟာ Doryteuthis opalescens လို့ခေါ်တဲ့ ခန္ဓာကိုယ်မှ အစင်းကြောင်းများကို အဖြူမှ ဖောက်ထွင်းမြင်နိုင်အောင် ပြောင်းလဲနိုင်တဲ့ ကင်းမွန် မျိုးစိတ်တခုကို လေ့လာခဲ့ပါတယ်။

Image: Courtesy of Atouli Chatterjee / UC

အဆိုပါ ကင်းမွန်တွင် leucophores လို့ခေါ်တဲ့ အလင်းပြန်နိုင်တဲ့ ဆဲလ်တွေ ပါဝင်ပြီး ဆဲလ်များအတွင်းမှာ reflectins လို့ခေါ်တဲ့ ပရိုတင်းများဖြင့် ပြုလုပ်ထားတဲ့ leucosomes အမှုန်များဖြင့် ဖွဲ့စည်းထားပါတယ်။

ဒီအရာတွေကို အသုံးပြုပြီး ကင်းမွန်များဟာ အလင်းပြန်ပြီး အလင်းများကို ပြန့်ကျဲစေကာ ရုပ်ဖျက်နိုင်တာ ဖြစ်ပါတယ်။

လေ့လာမှုတွင် သိပ္ပံပညာရှင်များ အဖွဲ့ဟာ ဒီစွမ်းဆောင်ရည်ကို လူသားတွေရဲ့ ဆဲလ်များမှာ ဖန်တီးခဲ့တာပါ။

၎င်းတို့ဟာ လူ့သန္ဓေသားလောင်း၏ ကျောက်ကပ်ဆဲလ်များကို မျိုးရိုးဗီဇ အင်ဂျင်နီယာ နည်းပညာအရ ပြုပြင်ပြီး အလင်း ပြန် နိုင်အောင် ဖန်တီးခဲ့ရာ အလုပ်ဖြစ်ခဲ့ပါတယ်။

နောက်ထပ် စမ်းသပ်မှုတခုကတော့ ဒီလို လုပ်ဆောင်နိုင်စွမ်းကို ဘယ်လို ထိန်းချုပ်နိုင်မလဲ ဆိုတာကိုပါ။

စမ်းသပ်မှုတွင် ဆဲလ်များကို ဖန်ပြား နှစ်ပြား အတွင်းမှာထားပြီး ဆိုဒီယမ်ကလိုရိုက် ပမာဏအမျိုးမျိုးနှင့် ထိတွေ့စေပါတယ်။

Image: Courtesy of Atouli Chatterjee / UC

ရလဒ်အနေဖြင့် ဆိုဒီယမ် ပမာဏများလာတဲ့ အချိန်တွင် အလင်းဟာ ပိုမို ပြန်ကျဲစေပြီး ပမာဏ နည်းတာထက် ပိုမို အစွမ်း ထက်တာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် ဆဲလ်များတွင် ကင်းမွန်များလို အလင်းပြန်စေတဲ့ အမှုန်များ ပါဝင်တဲ့အတွက် အလင်းတွေကို လိုသလို ပြန့်ကျဲအောင်တော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ဒီနေရာမှာ သိပ္ပနည်းလမ်းများဟာ နောက်ထပ် တိုးတက်ဖို့ရာအတွက် လိုအပ်နေသေးကြောင်းပြသနေပါတယ်။

မည်သို့ပင်ဆိုစေကာမှာ အနာဂါတ်မှာ ကိုယ်ပျောက်လူသားများ ဖန်တီးဖို့အတွက် ဒီ လေ့လာမှုက လမ်းစတခု ဖြစ်လာတယ်ဆိုတာ မမှားပါဘူး။

ယခု သုတေသနကို Nature Communications ဂျာနယ်တွင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.